မနက်ဖြန်ဟာ ချားလ်စ်ဒါဝင်ရဲ့ အနှစ် ၂၀၀ မြောက် မွေးနေ့ဖြစ်တယ်။ ဟုတ်တယ်၊ လူဆိုတာ မျောက်ကနေ ဆင့်ကဲ ဆင့်ကဲ ပုံစံပြောင်းလာတာလို့ ကြေညာခဲ့တဲ့ ဒါဝင်ကြီးရဲ့ မွေးနေ့။ ဒါဝင် ၂၀၀ ပြည့် ကာလမှာ တိုက်တိုက်ဆိုင်ဆိုင် ခုတလော တင်တဲ့ပို့စ်တွေကိုလည်း မျောက်ပုံ ၀ံပုံတွေ တွဲထည့်မိနေတယ်။ ကဲ - နိဒါန်းရဲ့ နိဒါန်းကတော့ ဒီလောက်ပါပဲး)မိုးမခမှာ ဘာဘာညာညာတွေ လျှောက်ရေးနေတဲ့ ကိုမောင်ရစ်က တခါတလေ ပြောတတ်တယ်၊ "ဘာညာသာရကာ နေကြာ ကွာစေ့" ဆိုပြီး။ အင်း - ဘာမှန်း မသိပါဘူး။ (သူလည်း သိပုံမရ)။ လူရှိန်အောင် ပြောတာလည်း ဖြစ်နိုင်။ သံပေါက် မဟုတ်၊ ဂါထာ မဟုတ်၊ အတိတ်တဘောင်လည်း မဟုတ်။ စကားဝှက်မဟုတ်။ ဒီအကြောင်း တနေ့နေ့တော့ ရေးဦးမှပဲဆိုပြီး တေးထားတာ ခုမှပဲ တကယ်ရေးဖြစ်ပြီ။
ဘာညာသာရကာ
ဒီရဲ့ ဘာညာသာရကာ ဆိုတဲ့ စကားလုံးကြောင့် မြန်မာစာ လေ့လာတဲ့ နိုင်ငံခြားသားတွေ ဂွကျစေမှာ ဧကန်။ ဘာမှန်းမသိတဲ့ စကားလုံး။ ကျနော် ကွန်ပျူတာရှေ့ထိုင်ပြီး ဟိုဟိုဒီဒီ လျှောက်ရေးထားတာတွေကို တချို့တွေကတော့ ပြောပါလိမ့်မယ်၊ ဘာတွေမှန်း မသိ၊ အရေမရ အဖတ်မရလို့။
Gtalk မှာ ဆုံဖြစ်တဲ့ မိတ်ဆွေတယောက်က မေးတယ်၊ မင်း ဘာစာတွေ ရေးနေသလဲ တဲ့။ ဘာညာသရကာ ဆိုပါစို့ကွာ လို့ ပြောလိုက်တယ်။ ဒီစကားလုံး သုံးထည့်လိုက်တာ ကိုယ့်အတွက်လည်းမှန်တယ်၊ အကြောင်းအရာ စုံစီနဖာ ဆိုတဲ့သဘော။ သူ့အတွက်လည်း မှန်တယ်၊ အရေမရ အဖတ်မရတွေ ရေးနေတယ် ဆိုတဲ့ သဘော။ အင်း - ဒီစကားလုံး ဘာညာသာရကာ က ဘာမှန်း မသိပေမယ့် သုံးရတာ ဟန်အကျသား။
နေကြာ
ဗေဒင်တွေ ဘာတွေကို စုံမက်တတ်တယ် ဆိုရင်တော့ နေကြာစေ့ကို အရမ်းကာရော မစားသင့်ဘူး၊ အထူးသဖြင့် ထောင်ထဲကလူတွေ မစားသင့်ဘူး။ ( ကျနော် ရမ်းတုတ်လိုက်တာ သောက်တလွဲ ဖြစ်နိုင်တယ်၊ နေကြာစေ့စားမယ်ဆိုရင် ဗေဒင်ဆရာတယောက်ယောက်ကို ချည်းကပ် မေးမြန်းပြီးမှ စားပါ။ )
မနေ့ညတုန်းက နေကြာစေ့ ချဉ်ခြင်းတပ်လိုက်တာ။ လက်နှစ်ဖက်လုံးက တနေ့ကို ၁၅ နာရီလောက် ကွန်ပျူတာကိုင်နေပေမယ့် နေကြာစေ့ စားဖြစ်တယ် မကြာခဏ။ နေကြာစေ့ လှော်ပြီးသား တပြည်လောက် ဆံ့တဲ့ အထုတ် ဆိုရင် ဘတ် ၁၀၀ (၃ဒေါ်လာ) ပေးရတယ်။ ဘတ် ၅၀ တန် အထုတ်ပဲ ၀ယ်ဖြစ်တယ်။ အိမ်ကလူတွေ အားလုံး စားပေတော့ ၂ရက် ၃ရက်။
နေကြာစေ့ကို စနစ်တကျ မစားတတ်ခင်ကတည်းက အပြတ် အားပေးခဲ့တာ။ အခွံမခွာတတ်တော့ ပါးစပ်ထဲ အစုံလိုက် အပြုံလိုက်ပစ်ထည့်ပြီး ၀ါးတာပဲ။
အခွံခွာပြီးသားဆိုရင် ကောင်းမယ်လို့ တွေးမိဖူးတယ်။
လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဆိုင်တဆိုင်မှာ အခွံခွာပြီးသား နေကြာစေ့ ၁ ထုပ် ၀ယ်စားဖြစ်တယ်။ ကောင်းတော့ ကောင်းတယ်။ အခွံခွာစရာမလိုဘူး။ ခွာစရာ အခွံမှ မပါဘဲ။ ဒီတော့လည်း စားရတာ တခုခု လိုနေသလို ခံစားရတယ်။ အခွံခွာတဲ့အလုပ် မလုပ်ရတော့ တခုခု လိုပြီပေါ့ဗျာ။ ဒါနဲ့ပဲ အခွံခွာပြီးသားဆိုရင် မကောင်းဘူးလို့ တွေးမိပြန်ရော။
အနောက်နိုင်ငံတွေမှာတော့ ပေါင်မုန့် ကိတ်မုန့်တို့ပေါ်မှာ နေကြာစေ့ဖြူးတယ်။အပေါ်မှာ တွေ့တဲ့အတိုင်း မုန့်ပေါ်မှာ နေကြာစေ့တွေကို နှမ်းဖြူးသလို ဖြူးတတ်ကြတယ်။ ဒါမျိုးမုန့် မစားဖူးပါဘူး။ မြင်ဖူးတာပါ။
နေကြာစေ့စားတာနဲ့ ရုပ်ရှင်ကြည့်တာနဲ့က ဟိုတုန်းကတော့ မြန်မာပြည်မှာ မဟာမိတ်ပဲ။ ဇာတ်ကား အစပိုင်းမှာ နေကြာစေ့အခွံခွာသံတွေ တရုံလုံး ညံနေတတ်တယ်။ ဇာတ်ကား တ၀က်ကျိုးရင်တော့ နေကြာစေ့အသံတွေ တိတ်သွားရော။ နေကြာစေ့ မစားဘဲ ကြည့်ရတဲ့ ရုပ်ရှင်ကားဟာ ကြည့်လို့ကောင်းမယ်မဟုတ်။ ခုခေတ်တော့ ဘယ်လိုရှိမယ် မပြောတတ်။ စီးပွားကျကြတော့ နေကြာစေ့ ၀ယ်စားကြသေးရဲ့လား။
ကျနော် ဆယ်တန်း ပထမနှစ် တက်တော့ အတန်းထဲမှာ နေကြာစေ့ လို့ ခေါ်တဲ့ ကောင်မလေး (သို့မဟုတ် မမ) တယောက် ရှိတယ်။ သနပ်ခါးလိမ်းတယ်၊ ခပ်ပြုံးပြုံး။ သူက နေကြာစေ့ ကြိုက်လွန်းလို့ ဒီနာမည် ရခဲ့ ဆိုပဲ။ ဒီလောက်ပါပဲ၊ သူနဲ့ စကားမပြောဖူးခဲ့တော့ ဒီထက် ပိုပြောစရာ မရှိ။
ကွာစေ့
နေကြာစေ့တော့ အခွံခွာတတ်ပေမယ့် ကွာစေ့ကိုတော့ ခုချိန်ထိ မခွာတတ်၊ ခွာရခက်လို့ မစားဖြစ်။ ၀ယ်ရလည်း ခက်ပါတယ်။ နေရာတိုင်းမှာ မရှိ။ ရန်ကုန်က တရုတ်လူမျိုးတွေကတော့ သူတို့ရဲ့ နာရေးတွေမှာ ကွာစေ့တွေ ပန်းကန်ပြားထဲ ထည့်ပြီး ဧည့်ခံတတ်တယ်။
- ကွာစေ့က အမည်းရောင် ဆိုတော့ ၀မ်းနည်းခြင်းအထိမ်းအမှတ် နာရေးမှာ ကျွေးတာလား။
- ဈေးပေါလို့ ကျွေးတာလား။ ဒါလည်း မဖြစ်နိုင်ပါဘူး၊ တရုတ်အများစုက အနည်းနဲ့ အများ ရေလျှံသားပဲ။
- စကားမပြောစေချင်လို့လည်း မဖြစ်နိုင်။ စားရင်း ပြောလည်း ရတယ်လေ။
ကွာစေ့ဆိုတာ ဖရဲသီးကနေ ရပုံပေါ်တယ်။ ကွာစေ့လို့ ဘာကြောင့်ခေါ်သလဲ ? ခွာလိုက်ရင် အခွံက ကွာသွားပေမယ့် စားမယ်ဆိုပြီး ပြင်လိုက်ရင် အခွံက ပြန်စေ့သွားလို့များလား။
တွေးကြည့်တာပါ။ သြော် - ဘာညာ သာရကာ နေကြာ ကွာစေ့။ ။
5 comments:
ဘာညာ သာရကာ နေကြာ ကွာစေ့ ကိုဂျက်လီ...
ရီးစားကို နေကြာစေ့ ခွာကြွေးခဲ့ဖူးတာကိုတော့ ဘာလို့ ထည့် မရေးသတုန်း ကိုယ့်ဆရာရဲ့...
မဟေသီက ဘာညာ သာရကာာ ပြောမှာ စိုးလို့လား...း)
ကွာစိလို့ခေါ်တဲ့ကောင်မလေး တစ်ယောက် တွေ့ဖူးတယ်။ သူငယ်ချင်းတွေကို စိတ်ကောက် တတ်လွန်းလို့ ခေါ်လိုက်၊ မခေါ်လိုက် လုပ်တတ်လို့ ကွာစိတဲ့။ (နောက်မှ အကြည်တော် ဝတ္ထုထဲက ကောင်မလေးမှန်းသိတယ်..)
ကိုဇာနည်.. ကွာစေ့(စိ)ဆိုတာ တရုတ်အခေါ်အဝေါ်'guazi'ကလာတာပါ..။
kma
ဂျက်လီကလည်း..တရုတ်လို သူများလာပြောနေရပါလား။
:D
ပို့စ်ရော comment တွေရော..ရီလိုက်ရတာ။
Post a Comment