Dec 4, 2008

some Khit Pyaing news

ခေတ်ပြိုင် အင်တာနက်စာမျက်နှာကို ထိုင်းနိုင်ငံက မိတ်ဆွေတွေပဲ ၀င်ကြည့်လို့ရ။ တခြားနိုင်ငံက မိတ်ဆွေတချို့ကို လှမ်းမေးကြည့်တော့ မရဘူး တဲ့။ မဲဆောက်က တယောက် လှမ်းပို့ပေးတဲ့ ၃ ရက်နေ့ သတင်းတွေ ဖတ်ကြည့်ပါဦး။ ဒီဘလော့ဂ်မှာ သတင်းတွေတင်ဖို့ အစီအစဉ် မရှိပါ။ မရှိပေမယ့် ဖတ်ချင်သူတွေ အဆင်ပြေအောင် တင်လိုက်မယ် တခါတလေ။

အပိတ်ခံထားရသည့် True News ဂျာနယ်ပြန်ထွက်

ဆုကြေး သိန်း (၁,ဝဝဝ) ပေးမည့်
ကျပ် (၂၀၀) တန် ထီလက်မှတ် စတင်ရောင်းချ

ပျဉ်းမနားမြို့မဈေးကြီးကို
မြို့ပြင်ဈေးသစ်ပြောင်းရမည်

မြန်မာငါးနှင့်ပုစွန်
ထိုင်း-မြန်မာနယ်စပ်ကို ခိုးသွင်း

မော်လမြိုင် အမှတ် (၁) ဈေးကြီး မီးလောင်ပြာကျ


အပိတ်ခံထားရသည့် True News ဂျာနယ်ပြန်ထွက်
NEJ/ ၃ ဒီဇင်ဘာ ၂၀၀၈

စစ်အစိုးရ စာပေစိစစ်ရေး၏ (၂) လကြာ အပိတ်ခံထားရသည့် True News ဂျာနယ် အတွဲ (၁) အမှတ် (၁၈) ဒီဇင်ဘာ (၂) ရက်က ပြန်လည်ထုတ်ဝေသည်ကိုတွေ့ရသော်လည်း တလအပိတ်ခံထားရသည့် Action Times ဂျာနယ်မှာ (၂) လကျော်သည်ထိ ပြန်လည်ထုတ်နိုင်ခြင်းမရှိပေ။

အဆိုပါကိစ္စနှင့်ပတ်သက်၍ Action Times ဂျာနယ်တွင် လုပ်ကိုင်နေသူတဦးကို မေးကြည့်ရာ “ကျနော်တို့ ရပ်ထားတာ (၄) ပတ်၊ တလပြည့်တဲ့အခါ စာပေစိစစ်ရေးက ပြန်ထုတ်ဖို့ ညွှန်ကြားပါတယ်။ ဒါပေမယ့် ကျနော်တို့ဘက်က အခက်အခဲ အမျိုးမျိုးကြောင့် ခုချိန်ထိ ပြန်လည်ထုတ်ဝေနိုင်ခြင်း မရှိသေးတာပါ” ဟု ပြောသည်။

ဂျာနယ်တစောင် ရပ်ထားရချိန်တွင် ၀န်ထမ်းလစာအပါအ၀င် အထွေထွေစရိတ် များစွာရှိကြောင်း၊ စာပေစိစစ်ရေးမှ ပိတ်လိုက်သည့်အတွက် နာမည်ပျက်စာရင်း သွင်းလိုက်သကဲ့သို့ ဖြစ်သွားကာ အချို့ဝန်ထမ်းများ ထွက်ကုန်ပြီး ဂျာနယ်တိုက်လည်း မတည်မငြိမ်ဖြစ်ကြောင်း၊ ကြော်ငြာရှင်များ၊ ဖြန့်ချိရေးသမားများနှင့် ရှင်းရသည့် ကိစ္စများလည်း ရှိကြောင်း၊ ၎င်းတို့ ဂျာနယ်အနေဖြင့် စာဖတ်သူများအကြား နာမည်ပေါက်ရန် ကြိုးစားနေရဆဲ ကာလတွင် ပိတ်ပင်ခံရသဖြင့် ပြန်ထွက်သည့်အခါ အသစ်ကဲ့သို့ ပြန်ဖြစ်သွားပြီး ပြန်လည်ကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း ရှင်းပြသည်။
True News နှင့် Action Times ဂျာနယ် (၂) စောင်ကို ပြီးခဲ့သည့် (၂) လကျော်မှစပြီး စာပေစိစစ်ရေးက ထုတ်ဝေခွင့်ရပ်စဲခဲ့ခြင်းဖြစ်သည်။ မည်သည့်ကိစ္စကြောင့် အဆိုပါ ဂျာနယ် (၂) စောင်အား ပိတ်သည်ကို စာပေစိစစ်ရေးမှ ဖော်ပြခဲ့ခြင်းမရှိဘဲ ပိတ်ရန်သာ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ဂျာနယ်တိုက်များမှ အကြောင်းပြချက်တောင်းပါက နောင်တွင် စာပေစိစစ်ရေးက ပို၍ အနိုင်ကျင့်မည်ကို စိုးသည့်အတွက် ခေါင်းငုံ့ခံနေရသည်ဟု အယ်ဒီတာများက ပြောသည်။ ဂျာနယ်တစောင် အပိတ်ခံရ၍ ပြင်ပမီဒီယာများက မေးမြန်းပါက အစိုးရမှ ပို၍အငြိုးထားမည်ကိုစိုးရိမ်ပြီး မဖြေကြားရန် သက်ဆိုင်ရာ တိုက်ပိုင်ရှင်များက ညွှန်ကြားထားသည်ဟု စုံစမ်းသိရသည်။
http://www.khitpyaing.org/news/December_08/03-12-08a.php

ဆုကြေး သိန်း (၁,ဝဝဝ) ပေးမည့်
ကျပ် (၂၀၀) တန် ထီလက်မှတ် စတင်ရောင်းချ
NEJ/ ၃ ဒီဇင်ဘာ ၂၀၀၈

ဆုကြေးငွေ သိန်း (၁,၀၀၀) ပေးမည့် ထီလက်မှတ်ကို စစ်အစိုးရက စတင်ရောင်းချနေရာ အဆိုပါ သိန်း (၁,၀၀၀) ဆုပေါက်လျှင် ထီကိုယ်စားလှယ်များကလည်း သိန်း (၅၀၀) ပေးမည်ဖြစ်သည့်အတွက် စုစုပေါင်း သိန်း (၁,၅၀၀) ပေးမည့် ကျပ် (၂၀၀) တန် ထီလက်မှတ်များကို ဒီဇင်ဘာလမှစပြီး ရောင်းချနေခြင်းဖြစ်သည်။

မိုးယံ၊ ရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီဆိုင်ပိုင်ရှင်တဦးက “ကျမတို့ဆိုင်က ထိုးတဲ့ ထီလက်မှတ်တွေထဲက ကျပ် သိန်း (၁,ဝဝဝ) ဆုပေါက်ရင် အပိုဆု ကျပ် သိန်း (၅ဝဝ) ပေးမယ်ဆိုတော့ ကျပ်သိန်း (၁,၅ဝဝ) ရမယ်။ အလားတူ ကျပ် သိန်း (၅ဝဝ) ဆုပေါက်ရင် ကျပ် သိန်း (၅ဝ)၊ ကျပ် သိန်း (၃ဝ၀) ဆုပေါက်ရင် ကျပ် (၁ဝ) သိန်း၊ ကျပ်သိန်း (၂ဝဝ) ဆုပေါက်ရင် ကျပ် (၅) သိန်း၊ ကျပ် သိန်း (၁ဝဝ) ဆုပေါက်ရင် ကျပ် (၂) သိန်း အပိုဆုအဖြစ် ထပ်ပြီး ချီးမြှင့်မှာ ဖြစ်ပါတယ်” ဟု ရှင်းပြသည်။

အလားတူ အခြားထီကိုယ်စားလှယ် ဆိုင်ကြီးများကလည်း တူညီသည့် အပိုဆုကြေး ပေးကြပြီး အပိုဆုပေးမည့် ပမာဏနှင့် ပတ်သက်ပြီး ထီအရောင်းကိုယ်စားလှယ်ကြီးများနှင့် အစိုးရ အောင်ဘာလေသိန်းဆုဌာန တာဝန်ရှိ အရာရှိကြီးများ ညှိနှိုင်းပြီးမှ အမြင့်ဆုံးအပိုဆုကို ကျပ် သိန်း (၅ဝဝ) ထက်ပိုမပေးရန် ညှိနှိုင်းထားခဲ့ကြောင်းလည်း ထီကိုယ်စားလှယ်တဦးက ပြောပြသည်။

၎င်းကဆက်ပြောရာတွင် အစိုးရသည် ယခုနောက်ဆုံး (၂၄ဝ) အကြိမ်မြောက်ကစပြီး ထီလက်မှတ်တစောင် နဂို ကျပ် (၁ဝဝ) မှ ကျပ် (၂ဝဝ) အထိ တန်ဖိုးတိုးမြှင့်သတ်မှတ်ခဲ့ကြောင်း၊ အမြင့်ဆုံးထီဆုကိုလည်း ကျပ် သိန်း (၅ဝဝ) မှ သိန်း (၁,ဝဝဝ) အထိ တိုးမြှင့်ပေးခဲ့ကြောင်း ရှင်းပြသည်။

ထီဆိုင်များအနေဖြင့် အစိုးရ ထီလက်မှတ်များကို သတ်မှတ်ဈေးအတိုင်း မဟုတ်ဘဲ အမြတ်တင်ရောင်းချခွင့်ရှိခြင်းကြောင့် ဆုကြီးပေါက်သူများကို နောက်ထပ် အပိုဆု ထပ်ချီးမြှင့်နိုင်ခြင်း ဖြစ်သည်ဟု ဆိုင်ပိုင်ရှင်များက ပြောသည်။ ယခင် သိန်း (၅ဝဝ) ဆု တုန်းကလည်း အပိုဆု ကျပ် သိန်း (၅ဝဝ) ပေးပြီး၊ ယခု ကျပ် သိန်း (၁,ဝဝဝ) မှာလည်း ကျပ် သိန်း (၅ဝဝ) ပဲ ပေးကြောင်း၊ ၎င်းပမာဏမှာမူ အစိုးရနှင့် ထီဆိုင်များ ညှိနှိုင်းပြီး သတ်မှတ်ထားခြင်း ဖြစ်ကြောင်း၊ ယခု (၂ဝဝ) ကျပ်တန် ထီလက်မှတ်များကို အစိုးရထံမှ တစောင်ကို (၁၈၂) ကျပ်နှုန်းဖြင့် ဝယ်ရကြောင်း၊ အဆိုပါ ထီကို ကျပ် (၂ဝဝ) ဖြင့် ရောင်းမည်ဖြစ်သော်လည်း အပိုဆုပေးကြသည့်အတွက် ကျပ် (၂၂ဝ) မှ (၂၅ဝ) အကြား အဆင်ပြေသလို ရောင်းချကြသည်ဟုလည်း ရှင်းပြသည်။

ရန်ကုန်မြို့ရှိ ထီဆိုင်ကြီးများတွင် လောလောဆယ် အစောင် (၃ဝ) ပါ မင်္ဂလာစုံတွဲ တတွဲကို ကျပ် (၆,၅ဝဝ) မှ ကျပ် (၇,ဝဝဝ)၊ (၁ဝ) စောင်တွဲကို ကျပ် (၂,၅ဝဝ) နှင့် (၂) စောင်တွဲကို ကျပ် (၅ဝဝ) စသဖြင့် ရောင်းချနေသည်။

ထီစတင်ရောင်းချသည့် ဒီဇင်ဘာ (၁) ရက်နေ့ထိ ထီဆိုင်ကြီးအများစုသည် ဈေးနှုန်းသတ်မှတ်နိုင်ခြင်း မရှိကြသေးဘဲ ဒီဇင်ဘာ (၂) ရက်နေ့ ရောက်မှသာ (၂ဝဝ) ကျပ်တန်ထီကို (၂၃ဝ) မှ (၂၅ဝ) အကြား အဆင်ပြေသလို ရောင်းချကြပြီး နယ်ထီဆိုင်များတွင်မူ ယခုထက် ဈေးနှုန်းပိုမိုမြင့်ကြောင်း စုံစမ်းသိရသည်။
ဗိုလ်ချုပ်အောင်ဆန်းဈေးသစ်အနီး ထီဆိုင်တန်းများကိုမေးကြည့်ရာ ယခင် ကျပ် (၁ဝဝ) တန် လက်မှတ်များကဲ့သို့ ရောင်းအား မကောင်းကြောင်း၊ ထီလက်မှတ် တန်ဖိုးများ (၂) ဆ တက်သွားသော်လည်း ပြည်သူများ၏ ထီထိုးနိုင်မှု၊ ငွေကြေး တတ်နိုင်မှု ပမာဏ အခြေအနေမှာ (၂) ဆ တက်မလာကြောင်းရှင်းပြသည်။ ထီလက်မှတ် ရောင်းမကုန်ပါများလာလျှင် ထီအရောင်းကိုယ်စားလှယ် ဆိုင်ကြီးများ အရှုံးပေါ်မည်ဖြစ်ကြောင်း၊ ယင်းသို့ဖြစ်လာပါက လာမည့် (၂၄၁) ကြိမ်အတွက် ထီလက်မှတ်များကို အစိုးရက အက္ခရာလျော့ပြီး အရေအတွက် လျော့ထုတ်လုပ်လာနိုင်ကြောင်း ထီလုပ်ငန်းရှင်များ ဝေဖန်သုံးသပ်နေကြသည်။

ဒီဇင်ဘာလ (၂) ရက်နေ့က ထီ (၂) စောင်ထိုးခဲ့သူတဦးကမူ ယခုကဲ့သို့ ငွေ (၅ဝဝ) ကျပ်နှင့် ယခင်က ထီလက်မှတ် (၄-၅) စောင် ကံစမ်းနိုင်ကြောင်း၊ ယခု (၂) စောင်သာရသည့်အတွက် (၂) စောင်ပဲ ထိုးကြောင်း၊ ထီပေါက်ရန် သိပ်မမျှော်လင့်သော်လည်း ပေါက်လိုပေါက်ငြား ထိုးရခြင်းဖြစ်ကြောင်း ပြောပြသည်။
http://www.khitpyaing.org/news/December_08/03-12-08b.php


ပျဉ်းမနားမြို့မဈေးကြီးကို
မြို့ပြင်ဈေးသစ်ပြောင်းရမည်
ခိုင်မင်း/ ၃ ဒီဇင်ဘာ ၂၀၀၈

ပျဉ်းမနားမြို့မဈေးကြီးကို မြို့အရှေ့ဘက် (၂) မိုင်ကျော်ရှိ ကင်းမွန်တန်းရွာအနီး ဈေးသစ်ဘက်သို့ မကြာခင် ပြောင်းရွှေ့ရန် အာဏာပိုင်များ စီစဉ်နေသည့်အတွက် ဈေးသူဈေးသားများ မကျေမနပ်ဖြစ်နေသည်ဟု စုံစမ်းသိရသည်။

ဒီဇင်ဘာ (၁၅) ရက်မှစပြီး ပြောင်းရွှေ့ရမည်ဟု မြို့ခံများကမှန်းသော်လည်း တရားဝင်အမိန့် မထွက်သေးဟု မြို့ခံတဦးက ပြောသည်။ အာဏာပိုင်များက ဆိုင်ခန်းအစားပြန်ပေးမည်ဟု လေသံပစ်သော်လည်း မည်သူကမျှ မယုံကြည်ဟု ဈေးဆိုင်ပိုင်ရှင်တဦးက ပြောသည်။

ပျဉ်းမနားဈေးမှ ကုန်စိမ်းသည်များကို ဈေးသစ်ရှိရာသို့ပြောင်းရန် လွန်ခဲ့သည့် (၅) လကျော်ခန့်က အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ယခုတဈေးလုံး ပြောင်းရမည့်အခြေအနေဖြစ်လာသည်ဟု မြို့ခံများက ပြောသည်။ ကုန်စိမ်းသားငါးဈေးကို အေ၀မ်း ကုမ္ပဏီက တာဝန်ယူဆောက်လုပ်ခဲ့သည်။ ဈေးသစ်နေရာမှာ အခန်း (၆၀) ပါဝင်မည့် တထပ်တိုက် ပွဲရုံ (၁၂) လုံးနှင့် ဈေးဆိုင်ခန်းနေရာ (၉၀၀) ကျော်တို့ ပါဝင်မည်ဟု Myanmar Times က ရေးသည်။
http://www.khitpyaing.org/news/December_08/03-12-08d.php

မြန်မာငါးနှင့်ပုစွန်
ထိုင်း-မြန်မာနယ်စပ်ကို ခိုးသွင်း
NEJ/ ၂ ဒီဇင်ဘာ ၂၀၀၈

ထိုင်းနိုင်ငံတွင် လူကြိုက်များသည့် မြန်မာရေချိုငါးနှင့် ပုစွန်များအား တရက်ခြားနှုန်းဖြင့် ပိဿာ (၄၀၀) ခန့် မဲဆောက်သို့ မြန်မာကုန်သည်များက တရားမဝင်နည်းလမ်းဖြင့် ခိုးသွင်းရောင်းချလျက်ရှိသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် ကုန်သွယ်မှုလမ်းကြောတွင် မြန်မာရေထွက်ကုန်များကို အများဆုံးတင် ပို့နေသော်လည်း အစိုးရနှင့်နီးစပ်သည့် ကုမ္ပဏီကြီးများက လက်ဝါးကြီးအုပ်ကာ တရားဝင်တင်ပို့ခွင့်ရရှိကြသဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း (၃၀) ခန့်က တနိုင်တပိုင် ထိုင်းဘက်သို့ မြန်မာရေချို ငါးနှင့်ပုစွန် တင်သွင်းသူများမှာ စီးပွားရေး ဈေးကွက် ပျောက်ခဲ့ရသဖြင့် ယခုကဲ့သို့ ထိုင်း-မြန်မာ အာဏာပိုင်များနှင့် နားလည်မှုယူကာ မဲဆောက် သို့ ငါး၊ ပုစွန်များ တရားမဝင်နည်းလမ်းဖြင့် ရောင်းဝယ်မှုပြုကြရခြင်း ဖြစ်သည်ဟု မြန်မာ ငါး၊ ပုစွန် ကုန်သည် တဦးက ခေတ်ပြိုင်သို့ပြောသည်။

၎င်းက “ကျနော်တို့ မဲဆောက်ကို ရေချို ငါး၊ ပုစွန်တင်ပို့တာ နှစ်ပေါင်း (၃၀) ကျော်ပါပြီ။ လက်ရှိကားတန်း
တရက်ခြား တနေ့ကို ပိဿာ (၄၀၀) လောက် ပုံမှန်ပို့ရပါတယ်။ ဒီလို ငါး၊ ပုစွန် သယ်တာကလည်း ဗမာဘက်က လူတွေနဲ့ ထိုင်းဘက်ကလူတွေကို ပေးကမ်းပြီးမှ သယ်ရတာပါ။ မဲဆောက်နဲ့နီးတဲ့ ချင်းမိုင်၊ နခေါစဝမ်၊ ဆူခေါ်ထိုင်း အဲဒီခရိုင်မြို့ကြီးတွေက ထိုင်းတွေ အများဆုံး လာဝယ်ကြတယ်။ သူတို့စားသောက်ဆိုင်တွေမှာဆိုရင် မြန်မာ ရေချို ငါး၊ ပုစွန်နဲ့ ချက်တဲ့ ထိုင်းအစားအစာတွေကို နိုင်ငံခြားသားတွေရော၊ ထိုင်းတွေရော နှစ်သက်ကြ တဲ့အတွက် ဒီနေ့အထိ ကျနော်တို့ ဈေးကွက်ရနေတာပါ။ သားငါး တင်ပို့မှုကို မြန်မာကုမ္ပဏီကြီးတွေက ထိုင်းကို တန်နဲ့ချီပြီး တင်ပို့တာရှိပေမယ့် ကျနော်တို့လို အရင်းနှီးနည်းတဲ့လူတွေကတော့ တနိုင်တပိုင် ရောင်းဝယ် ကြရတာပါ” ဟု ပြောသည်။

တရက်ခြား ဝင်ရောက်လာသည့် ပိသာ (၄၀၀) ခန့်ရှိသည့် မြန်မာရေချို ငါး၊ ပုစွန်များကို မဲဆောက်ဈေးကြီးနှင့် ပွဲရုံအချို့ကို ဗဟိုပြု၍ ရောင်းချကြခြင်းဖြစ်သည်။ စားသောက်ဆိုင်အတွက်သုံးရန် ချင်းမိုင်မြို့မှ ငါးနှင့်ပုစွန် လာဝယ်သူတဦးကလည်း “ကျနော်တို့ဆိုင်အတွက် အဓိက ပုစွန်ကို လာပြီးဝယ်တာဖြစ်တယ်။ တပတ်ကို တခေါက် မဲဆောက်ကို ရောက်တယ်။ အနည်းဆုံး ပုစွန်နဲ့ငါးမျိုးစုံ ကီလို (၃၀၀)လောက်တော့ ဝယ်ဖြစ်ပါတယ်။ ထိုင်းအစားအစာထဲမှာ နိုင်ငံခြားသားတွေ ကြိုက်တာက တုန့်ယမ်းကုလို့ခေါ်တဲ့ ထိုင်းပုစွန်ဟင်းချိုကို စားသုံးသူ တွေက ဗမာပြည်ကလာတဲ့ သဘာဝရေချို ပုစွန်နဲ့ချက်တာကိုမှ ခံတွင်းတွေ့ကြတော့ ဗမာ ပုစွန်ကိုပဲ မှာစားကြတယ်။ ငါးလည်း ဒီလိုပါပဲ။ ငါးမြင်း၊ ငါးခေါင်းပွ၊ ငါးမြွေထိုး၊ ငါးကြင်း၊ ငါးဖယ် ဒီငါးတွေကိုလည်း နိုင်ငံခြားသားနဲ့ ထိုင်းတွေ ကြိုက်ကြတယ်။ ကျနော်တို့ထိုင်းမှာက ရေချိုငါးရယ်လို့ မရှိသလောက်ဖြစ်သွားပြီ။ မြန်မာပုစွန်နဲ့ချက်တဲ့ ဟင်းလျာက ကြိုက်တဲ့သူများတယ်၊ ဈေးလည်း ပိုကြီးတယ်။ ဒါကြောင့် ဒီထိ လာဝယ်ရတာဖြစ်တယ်” ဟု ပြောသည်။

မဲဆောက်မှတဆင့် ထိုင်းသို့တင်ပို့သည့် ငါး၊ ပုစွန်များမှာ ကရင်ပြည်နယ် ဘားအံဒေသအတွင်းရှိ ဒုံသမိမြစ်၊ ဂျိုင်းမြစ်၊ ဒေါလန်းမြစ်နှင့် အခြားမြစ်ချောင်းအင်းအိုင်များမှ ထွက်ရှိသည့် ငါးနှင့်ပုစွန်များဖြစ်သည်။

ကရင်ပြည်နယ် ဘားအံဒေသတကြောမှ ထွက်သည့်ငါးနှင့် ပုစွန်များကို ထိုင်းနိုင်ငံ မဲဆောက်သို့ တင်ပို့ကြသော်လည်း နယ်စပ်မြို့ဖြစ်သော မြဝတီဒေသအတွင်းမှ လူများမှာ မြဝတီမြို့ ဘုရင့်နောင်ဈေးကြီးတွင် ရောင်းချသည့် ထိုင်းနိုင်ငံဘက်မှ တင်သွင်းသော မွေးမြူရေးငါးကိုသာ စားသုံးကြရသည်။

မြဝတီမြို့မှ အိမ်ရှင်မတဦးက “ထိုင်းမွေးမြူရေးငါးတွေက ပေါ့ပျက်ပျက် အရသာဆိုပေမယ့် ဈေးချိုတဲ့ဒီငါး တွေကိုပဲ တနယ်လုံးစားကြရတယ်။ မြန်မာတွေ မြန်မာငါး စားနိုင်တဲ့ခေတ်က မရှိတော့ဘူး။ ရှိတဲ့ငါးတွေကိုလည်း နိုင်ငံခြားပို့ဖို့ ကုမ္ပဏီတွေက ဈေးကောင်းပေးပြီး လိုက်ဝယ်တော့ တော်ရုံလူစားနိုင်ဖို့ အခွင့်အရေးနည်းသွားပြီ။ ဝန်ထမ်းတွေဆို ပိုဆိုးတာပေါ့။ ကျမတို့လည်း ဘယ်ဘဝက ဝဋ်ကြွေးတွေလည်း မသိတော့ဘူး”ဟု ပြောသည်။

မဲဆောက်ဈေးမှ မြန်မာငါး၊ ပုစွန် ရောင်းသူတဦးက “ကျမတို့ ရောင်းတဲ့ ငါး၊ ပုစွန်ကို ထိုင်းတွေပဲ အဓိကဝယ် စားကြတယ်။ မဲဆောက်မှာရောက်တဲ့ မြန်မာတွေ ဝယ်မစားနိုင်သလောက်ပဲ။ ပုစွန်ထုပ်ဆိုရင် အနည်းဆုံး တကီလို ဘတ် (၂၅၀) ရှိတယ်။ ငါးဘတ် (၁၀၀) ဈေး၊ ငါးမြင်း (၇၀)၊ ငါးသလောက် (၇၀)၊ ငါးမြွေထိုး (၈၀)၊ မြန်မာအလုပ်သမားတွေကို အားကိုးပြီး ရောင်းလို့ကတော့(၂) ရက်နဲ့ အရင်းပြုတ်မယ်။ ကျမတို့ မဲဆောက်မှာ ငါးရောင်းတာ ရဲကိုလည်း လစဉ်ကြေးပေးရတယ်။ မြူနီစပယ်ခလည်း ပေးရတယ်။ မပေးလို့ကတော့ ငါးလာသိမ်းတဲ့ လူနဲ့ ပုစွန်လာသိမ်းတဲ့လူနဲ့ ရဲစခန်းရောက်၊ ဘာရောက်နဲ့ ပြဿနာတွေက အများကြီးပဲ။ အမြတ်ကတော့ သင့်ရုံပဲ ရတာပါ” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ရေချိုငါး မွေးမြူသည့် ဧရိယာမှာ ဧက (၂) သိန်းကျော်ရှိပြီး ပြည်ပ လေးနိုင်ငံသို့ ရေချိုငါးများ တင်ပို့မှုထဲတွင် ထိုင်းနိုင်ငံပါဝင်ပြီး မြဝတီကုန်သွယ်မှု လမ်းကြောင်းမှတဆင့် တင်ပို့ခြင်းဖြစ်သည်။
http://www.khitpyaing.org/news/December_08/02-12-08e.php


မော်လမြိုင် အမှတ် (၁) ဈေးကြီး မီးလောင်ပြာကျ
NEJ/ ၂ ဒီဇင်ဘာ ၂၀၀၈

မွန်ပြည်နယ် မော်လမြိုင်မြို့၏ အစည်ကားဆုံးဈေးကြီးဖြစ်သည့် အမှတ် (၁) ဈေးကြီးသည် ဒီဇင်ဘာ (၁) ရက်နေ့ ညနေပိုင်းက လောင်ကျွမ်းသည့်မီးကြောင့် ဈေးတခုလုံးပြာကျသွားသည်။

ဈေးဆိုင်ပိုင်ရှင်တဦးက “တနင်္လာနေ့ဈေးသိမ်းပြီး ညနေ (၅) နာရီခွဲလောက်က စလောင်တာ၊ ဈေးရဲ့ အနောက်ဘက်ခြမ်း ရေပေါ်ဈေး စားသောက်ဆိုင်တန်းဘက်က စလောင်တာပါ။ ဘာကြောင့် လောင်သလဲတော့ မသိရသေးဘူး” ဟု ပြောသည်။

ဈေးသိမ်းချိန် အလင်းရောင်ရှိသေးသည့်အတွက် မီးလောင်ပြီးမကြာခင် ဈေးဆိုင်ပိုင်ရှင်အချို့ရောက်လာပြီး ပစ္စည်းများ သယ်ထုတ်နိုင်သော်လည်း ဆိုင်ခန်းအများစုမှာ မီးထဲပါသွားသည်။ မကြာခင် မီးသတ်ကားများ ရောက်လာသော်လည်း ဈေးထဲကားဝင်မရခြင်း၊ မီးစတင်လောင်သည့်နေရာမှာ လောင်စာပစ္စည်းများ ထားသိုရာ ဖြစ်ခြင်း၊ လေကြမ်းနေခြင်း စသည့်အချက်များကြောင့် ည (၁၀) နာရီကျော် ဈေးတခုလုံးပြာကျပြီးမှ မီးငြိမ်းသွားသည်။

ရပ်ဝေးနေ ဆိုင်ပိုင်ရှင်များ မီးလောင်ရာသို့ အချိန်နှောင်းမှ ရောက်လာပြီး ပစ္စည်းများဆုံးကုန်သည့်အတွက် လမ်းဘေးမှာ ထိုင်ငိုယိုနေသူလည်း အများအပြားရှိသည်ဟု မျက်မြင်သက်သေများက ပြောသည်။ မီးလောင်သည့် အမှတ်(၁) ဈေးသည် ထိုင်းနိုင်ငံမှ သွင်းလာသည့် စားသောက်ကုန် အချိုရည် အထည်အလိပ် စသည့်ကုန်စည်များ လက်ကားသိုလှောင်ရာ ဈေးကြီးဖြစ်သည့်အတွက် ဆုံရှုံးမှုပမာဏမှာ သိန်းပေါင်း ထောင်နှင့်ချီနိုင်သည်ဟု မြို့ခံများက ပြောသည်။

ဈေးမီးကြောင့် ဖက်တန်းရပ်၊ အောက်လမ်းမကြီး တိုက်တန်းများ၊ သထုံတံတားလမ်းမှ တိုက်တန်းများ အန္တရာယ်ရှိခဲ့သော်လည်း လမ်းခြားထားသည့်အတွက် မီးကူးစက်လောင်ကျွမ်းခြင်း မရှိဟု စုံစမ်းသိရသည်။
မီးလောင်ကျွမ်းနေစဉ်အတွင်း မော်လမြိုင်တောင်ရိုးတန်းဘက်မှာ သီတင်းသုံးတော်မူသည့် သံဃာတော်များ ရောက်လာပြီး ဈေးသူဈေးသားများ၏ ကုန်ပစ္စည်းများကို မီးလွတ်ရာရောက်အောင် ကူညီသယ်ယူပေးခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။

အဆိုပါဈေးသည် ၁၉၈ဝ ဝန်းကျင်က တကြိမ် မီးလောင်ကျွမ်းခဲ့ပြီး ဈေးဧရိယာ တဝက်ခန့် မီးလောင်ပြာကျခဲ့ဖူးသည်။ ၁၉၈၈ အရေးအခင်းနောက်ပိုင်း နဝတ စစ်အစိုးရလက်ထက်မှာ ယခု မီးလောင်ကျွမ်းသွားသည့် တထပ်ဈေးအဖြစ် ပြန်လည်တည်ဆောက်ပြီး မူလဈေးဆိုင်ပိုင်ရှင်များကို ပြန်လည်နေရာချထားပေးခဲ့ခြင်း ဖြစ်သည်။

မြို့ခံတဦးက “ဒီဈေးကို နဝတ၊ နအဖ စစ်အစိုးရလက်ထက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဆက်ဆက်နဲ့ အလိုတော်ရိ စီးပွားရေးသမားတွေ ပူးပေါင်းပြီး ဈေးကိုဖျက်ကာ ဈေးအသစ်ပြန်ဆောက်ပြီး ဆိုင်ခန်းတွေ ရောင်းစား၊ ကိုယ်ကျိုးစီးပွားရှာဖို့ နည်းပေါင်းစုံနဲ့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့် ဈေးဟာ စစ်အစိုးရလက်ထက် ဆောက်ထားတဲ့ ဈေးဖြစ်နေတာ၊ ဈေးသူဈေးသားတွေက အကြီးအကျယ် ဆန့်ကျင်ခဲ့တာကြောင့် ဖျက်သိမ်းခြင်း မခံခဲ့ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

၂ဝဝဝ ပြည့်နှစ်မတိုင်ခင်၌ ဈေးကော်မတီဝင်များက ဈေးကိုဖျက်သိမ်းခြင်း မပြုရန် ရန်ကုန်ရှိ စစ်အစိုးရ ထိပ်ပိုင်းအာဏာပိုင်များအထိ သွားရောက်ပြီး အသနားခံ တင်ပြခဲ့ဖူးသည်။
http://www.khitpyaing.org/news/December_08/02-12-08b.php

Dec 3, 2008

2 bloggers in LA

ပြီးခဲ့တဲ့လက LA ဆိုတဲ့မြို့ကြီးကို ရောက်တယ်။ တည်းတဲ့အိမ်မှာ စာအုပ်စင်ကြီးတခုရှိတယ်။ စာအုပ်တွေ ယူကြည့်ပြီး ပေဖူးလွှာမဂ္ဂဇင်းဟောင်း တအုပ်ထဲမှာ အိမ်ရှင်ရဲ့ပုံကို တွေ့တာနဲ့ ဓာတ်ပုံရိုက်ခဲ့လိုက်တယ်။ အပေါ်က ပုံပါပဲ။


ဧည့်သည်က အင်မတန်များတာပဲ။ ထိုင်းမြန်မာနယ်စပ်ကနေ တကူးတက လာသူတွေ၊ LA ဒေသခံ မြန်မာပြည်သားတွေ၊ အိမ်ရှင်ရဲ့ ရပ်နီးရပ်ဝေး မိတ်ဆွေတွေ။

အောက်ကပုံမှာတော့ ကဗျာဆရာ ကိုအောင်ဝေး ဧည့်ခန်းထဲမှာ ထိုင်နေတာ တွေ့ရမယ်။
သူ့နောက်က ဓာတ်ပုံက အိမ်ရှင်မင်္ဂလာဆောင်တုန်းကပုံ။ နံရံပေါ်မှာတော့ ဒေါ်စုပုံ ပန်းချီကား။ ဘယ်သူဆွဲတဲ့ကားလည်း မသိ။

ဒီ အပေါ်ကပုံမှာတော့ မြင်တဲ့အတိုင်းပဲ ကွန်ပျူတာခုံ။ ပရင့်အောက်ထားတဲ့စာရွက်။ အဲဒီမြို့မှာထုတ်တဲ့ ရတနာပုံနေပြည်တော် လစဉ်ထုတ် သတင်းစာ။ ကွန်ပျူတာမှာတော့ ဒေါ်စုပုံ။ ဖန်သားပြင်ပေါ်မှာတော့ ကြောင် ပုံ။

ကြောင်ကိုပွေ့ထားတာလည်း အိမ်ရှင်ပါပဲ။ သူက ဘောလုံးပွဲကြိုက်တယ်လို့ ယူဆရတယ်။ ယူဆရတယ် ဆိုတာက တခြား ဘောလုံးပွဲဝါသနာအိုးတွေနဲ့ မတူဘူး၊ ဂိုးတော့မယ်၊ ဟာ နည်းနည်းပဲလိုတယ်၊ ဆွဲထား ဆွဲထား၊ ကန်လိုက်လေကွာ၊ ဟာ- သောက်သုံးကိုမကျဘူး ဆိုတဲ့အသံတွေ ထွက်လာတာ မကြားရဘူး။ ပွဲကြည့်တာ မန်ယူအသင်းနည်းပြ အဲလက်စ်ဖာဂူဆန် ထက်တောင် ငြိမ်တဲ့ပုံရှိ။ ဘော်လုံးကွင်းထဲမှာမဟုတ်လို့လည်း ဖြစ်နိုင်း)

ဒီပုံမှာတော့ မစ္စတာအောင်သာငယ်။ ဆံပင်ရှည်ရှည်နဲ့ ဘလော်ဂါ။ ပြီးတော့ သူ့မိတ်ဆွေတွေ။ စာပေဟောပြောပွဲ အခမ်းအနားပြင်နေတာ။ သူက ကျနော်ဓာတ်ပုံရိုက်မယ်ဆိုမှ ကမန်းကတန်း နောက်ခံပိတ်ကားကို သွားကိုင်လိုက်တာလည်း ဖြစ်နိုင်တယ်။ သိပ်မမှတ်မိတော့ဘူး။း) ဓာတ်ပုံအရဆိုရင်တော့ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်သူ။း)

သူကတော့ ဟိုနေ့ကခွင့်တောင်းသေးတယ်၊ အဲဒီပွဲအကြောင်းရေးထားတဲ့ပို့စ်မှာ ကျနော့်ပုံ ထည့်လိုက်ရမလား တဲ့။ ကမန်းကတန်း နိုး လို့ ပြောလိုက်တယ်။
ခုတော့ ဒီပို့စ်မှာ သူ့ပုံကို ခွင့်မတောင်းဘဲ ထည့်သုံးလိုက်ပါပြီ။ [ ကိုအောင်သာငယ်၊ ခင်ဗျား ကျနော့်ပုံတင်မယ်ဆိုရင်တော့ ခွင့်တောင်းပါဗျာ။ ] "အောင်သာငယ် ဆိုတဲ့ ဘလော့ဂ်ကို ကျနော့်စာမျက်နှာမှာ လင့် ချင်လို့ LA အထိ လာတွေ့တာဗျာ
" ဆိုပြီး ရွှီးလိုက်ရင် ယုံကြည်ပုံ မရတာကြောင့် မပြောလိုက်မိဘူး။း)

စင်ရှေ့မှာ ခင်းထားတဲ့ ဗုံတွေက အမြင်ကောင်းအောင်၊ ရိုးရာမမေ့အောင် အလှဆင်ထားတာတွေဖြစ်မယ်။ စာပေဟောပြောပွဲမှာ မောင်သာရ၊ မောင်စွမ်းရည်၊ အောင်ဝေး ဆရာသုံးပါးစလုံး ဘယ်သူကမှ အဲဒီဗုံတွေ မတီးကြပါဘူး။ ။


Nov 30, 2008

sexy leg, the way i dress and noodle :)

ဆက်(စ်)စီ ဖြစ်တဲ့ခြေထောက်ပုံ ကြည့်ပါဦး။ ကျနော့်ခြေထောက်တော့ မဟုတ်ဘူး။
ဝက်ဝက်ကွဲ အောင်မြင်မလားလို့ ဒီပို့စ်ကို တင်ကြည့်တာ။း)
ဆက်(စ်)စီ အဲ - စက်ဆီတွေ ပေသွားတဲ့ ခြေထောက်ပုံဗျာ။း) ဆက်စီဖြစ်တိုင်း ကောင်းတာမဟုတ်ဘူးဆိုတာသိအောင် share လုပ်လိုက်တာပါ။ အင်တာနက်ထဲ surf လုပ်ရင်း ကောက်ရတဲ့ပုံ။

အောက်ပုံကတော့ ကျနော့် t-shirt ကို ပြချင်လို့ တင်လိုက်တဲ့ ဓာတ်ပုံ ဆိုပါစို့။ ခေတ်ပြိုင်ကနေ မေတ္တာလက်ဆောင် ရတာ။း)နယ်စပ်မှာတုန်းကတော့ ဒီလို t-shirt တွေနဲ့ပါပဲ။ ခွေးကတော့ ကျနော့်ခွေးမဟုတ်ဘူး။ ကျနော့်ခွေးတွေလိုပဲ ချစ်စရာကောင်းတဲ့ခွေးတကောင်။
အလကားရတဲ့ gift တွေပဲ ၀တ်တဲ့ကောင်ဆိုပြီး အထင်မကြီးမှာစိုးလို့ ပုံတချို့ တင်ပေးလိုက်ဦးမယ်။ ကြည့်ပါဦး take a look at ကျနော့် အင်္ကျီတွေ။ ၀ယ်ဝတ်တာတွေပါ။ believe me.
ဟောသမှာ - ဒီ အပေါ်က အနွေးထည်က နှယ်နှယ်ရရ မဟုတ်။ ဈေးကြီးတယ်။ dollar ငါးဆယ်နဲ့တရာကြားမှာ ရှိမယ်။ shirt အင်္ကျီကလည်း foreign က လာတာမို့ price မသေးဘူး။

how much ဘယ်လောက်ပေးရသလဲ ဆိုတော့၊ Um - - နေဦး၊ ကျနော်က အဟောင်းဆိုင်က၀ယ်တာမို့ အဲသလောက် ဘယ်ပေးရမလဲ။ ပြီးတော့ ဒီလို good second hand တွေရောင်းတဲ့ အဟောင်းဆိုင်တွေဆိုတာ တပတ်တခါ once a week ဆိုသလို half price ဈေးထက်ဝက်ချတဲ့နေ့ရှိတော့ အဲဒီနေ့မှာ ၀ယ်ဖြစ်တဲ့အင်္ကျီတွေပါ။း) တတိယနိုင်ငံတွေမှာလည်း အဟောင်းဆိုင်တွေက everywhere မို့ ကိုယ့်အတွက်က okay နေတာပဲ။

ဒီပုံမှာ လေဘေးအင်္ကျီနဲ့ လေဘေးဘောင်းဘီဝတ်ထားတာ တွေ့ရမယ်။ ဒုတိယနိုင်ငံ ယိုးဒယားမှာ ရိုက်ထားတာ။ လေဘေးစတိုင်ပေါ့ဗျာ။ No! လေတပ်ကရဲဘော်စတိုင်ကိုပြောတာမဟုတ်ဘူး။ ဒီလောက်ကတော့ everybody knows ပါနော်။ ဖိနပ်တွေကတော့ ပွဲတက်ဖိနပ်တွေ မဟုတ်ပေမယ့် ယိုးဒယားမှာတော့ အဲဒါတွေပဲ ၀တ်ကြတာပဲ။

အောက်က နှစ်ပုံကတော့ ကျနော့်ပုံတွေ မဟုတ်ဘူး။
ဒီပုံကို ဆန်ခေါက်ဆွဲ၏သမိုင်းအစ လို့ ကျနော်ကတော့ နာမည်ပေးချင်တယ်။ လယ်ထွန်မယ်၊ ကောက်စိုက်မယ်၊ မှည့်လာရင် စပါးရိတ်မယ်၊ အဲဒီစပါးက ဆန်စက်ကနေပြန်ထွက်လာတော့ ဆန်ဘ၀ကိုရောက်မယ်၊ ဆန် ဆိုတော့ ဆန်ခေါက်ဆွဲဖြစ်ဖို့ အဆင့်က နီးနေပြီ။
နာမည်တပ်မယ်ဆိုရင် ဒီပုံက ခေါက်ဆွဲစားသူ လို့ အမည်ပေးသင့်တဲ့ပုံ။ ဒီကောင်ကြီးကလည်း ကျနော့်ကောင် မဟုတ်။ ၀က်ဆိုက်တခုမှာ တွေ့တာ။ မစားချင်တာတွေ ခဲထားရလို့ စိတ်ညစ်နေပုံရ။

that's it! ဒါပါပဲဗျာ။ တိုက်ဆိုင်မှုရှိရင် ခွင့်မလွတ်ပါနဲ့။ don't forgive me နော်။ တချို့ blogger တွေက အင်္ကျီပုံတွေ၊ ခေါက်ဆွဲပုံတွေနဲ့ ၀က်ဝက်ကွဲ အောင်မြင်နေတော့ ကိုယ်လည်း လိုက်လုပ်ကြည့် copy ကူးတဲ့သဘော။ လူဆိုတာ၊ human being ဆိုတာ အောင်မြင်ချင်၊ အထင်ကြီးခံရချင်တယ်လေဗျာ။ အထင်ကြီးတော်မူကြပါဦး။
အခုလို လာဖတ်တဲ့အတွက် တကယ့်ကို thank you so much ပါပဲ။

Nov 28, 2008

special post for YawNaThanZinYaw


ကာတွန်းကားတွေဟာ ကလေးတွေအတွက်ပဲလို့ ထင်ရင် မှားပါမယ်။ ဒီနေ့ခေတ် ကာတွန်းရုပ်ရှင်တွေဟာ ကလေးရော လူကြီးပါ နှစ်သက်အောင် ဖန်တီးထားကြတယ်။ Ratatouille ဆိုတဲ့ ကာတွန်းကားကို ကြည့်ပါ။ ဒီကားက
computer-animated film (ကွန်ပျူတာနဲ့ဖန်တီးတဲ့ အင်နီမေးရှင်း ကာတွန်းရုပ်ရှင်) ဖြစ်ပါတယ်။

Remy ဆိုတဲ့ ကြွက်က အကောင်းစားတွေမှ စားချင်တယ်။ ပြင်သစ်စားသောက်ဆိုင်ကြီးတခုမှာလည်း စားဖိုမှူး ဖြစ်ချင်တယ်။ ကြွက်တကောင်အတွက်တော့ ဒါတွေဟာ အိပ်မက်။ ဒီကြွက်မှာ အားသာချက်က နာမည်ကျော်စားဖိုမှူးကြီးတယောက်ရဲ့ဝိဉာဉ် ပူးနေလို့ ချက်ပြုတ်တာတွေကို တဖက်ကမ်းတတ်ကျွမ်းနေတယ်။ ကံကောင်းချင်တော့ ပြင်သစ်စားသောက်ဆိုင်တခုရဲ့ မီးဖိုဆောင်အကူဝန်ထမ်းတယောက်နဲ့ပေါင်းပြီး အလုပ်ဖြစ်သွားတယ်။ ကြွက်က စားဖိုမှူးတာဝန်ယူပြီးနောက် ဆိုင်ဝန်ထမ်းတွေ အလုပ်ထွက်သွားကြတယ်။ စားဖိုဆောင်မှာ လုပ်အားလိုတဲ့အတွက် ဇာတ်လိုက်ကျော်ကြွက်ကလေးရဲ့ မိတ်ဆွေကြွက်တွေက ချက်ပြုတ်ရေးမှာ အလုံးအရင်းနဲ့ ၀င်ကူကြတယ်။ ပြင်သစ်စားသောက်ဆိုင်ကြီးကို လာကြတဲ့ စားသုံးသူတွေကို ကြွက်တွေက ချက်ပြုတ်ပေးတဲ့သဘော။

ဇာတ်လိုက်ကြွက်က ဇာတ်လိုက်မင်းသားကို အိမ်မှာ လေ့ကျင့်ပေးတယ်။ ဆံပင်ကို ဆွဲတဲ့နည်းနဲ့ ဆက်သွယ်စကားပြောတဲ့နည်း လေ့ကျင့်ကြတယ်။ ဆိုင်ရောက်ရင် ကြွက်က ဦးထုပ်ထဲဝင်၊ သူ့ဆံပင်ကိုဆွဲပြီး ညွှန်ကြားချက်ပေးတယ်။

ဒါက ဇာတ်လမ်းအကျဉ်းတော့ မဟုတ်ပါဘူး။ ကြည့်ဖူးတဲ့ဒီရုပ်ရှင်ကို အဆင်ပြေအောင် ပြန်ပြောပြတာပါ။ ဒီရုပ်ရှင်ထွက်လာတော့ ဝေဖန်အကဲဖြတ်သူတွေ ၀ိုင်းပြီး ချီးကျူး ရေးသားကြတယ်၊ ၂၀၀၇ ခုနှစ်ရဲ့ အကောင်းဆုံး ရုပ်ရှင်တွေထဲမှာ ပါဝင်ခဲ့တယ်။

ဒီလောက်အောင်မြင်တဲ့ရုပ်ရှင်ဖြစ်လာအောင် စီစဉ်ခဲ့ရတာလည်း ပုံမှန်ကြိုးစားခဲ့ရတာတော့ မဟုတ်ပါဘူး။ ၂၀၀၁ ခုနှစ်ကတည်းက အစပြုခဲ့တာလို့ ဆိုပါတယ်။ ရုံတင်တော့ ၂၀၀၇ နှစ်လယ်ပိုင်း။ ကာတွန်းဖန်တီးရေးဆွဲသူတွေက ဇာတ်ကွက်တွေအတွက် ပြင်သစ်အထိသွားပြီး ပါရီမြို့ထဲမှာ ၇ ရက်လောက် ဆိုင်ကယ်စီးပြီး လျှောက်ကြည့်ကြတယ်။ ဆန်ဖရန်စစ္စကိုမြို့က ချက်နည်းပြုတ်နည်းသင်တန်းကျောင်းတခုမှာ သင်တန်းတက်ကြတယ်။ တကယ့်စားသောက်ဆိုင်တွေ ဘယ်လိုလည်ပတ်လုပ်ကိုင်သလဲဆိုတာ နားလည်အောင်လို့ပါ။

သက်ဆိုင်ရာ ပညာရှင်တွေကိုလည်း ချည်းကပ်ခဲ့ပါသတဲ့။ ဥပမာ ကြွက်သတ္တ၀ါ ကျွမ်းကျင်သူဆီမှာ ကြွက်တွေရဲ့အပြုအမူ သိရဖို့ သွားရောက်မေးမြန်းခဲ့တယ်လို့ ဆိုတယ်။ ကာတွန်းဆရာတွေအတွက် ကြွက်တွေထည့်ထားတဲ့ ငါးမွေးကန်လိုမျိုး လှောင်အိမ်ကြီးတခုလည်း တနှစ်တိတိ ထားပေးခဲ့တယ်။ ဒါမှ ကြွက်တွေ လှုပ်ရှား ပြေးလွှားတဲ့အခါ နားရွက်၊ နှာခေါင်း၊ အမြီး၊ အရေခွံ၊ နှုတ်သီးတို့ ဘယ်လိုအနေအထားရှိတယ်ဆိုတာ သိနိုင်မယ် တဲ့။
ထုတ်လုပ်သူ ကုမ္ပဏီက ဇာတ်ကားနာမည် အသံမထွက်တတ်ကြမှာကို စိုးရိမ်ကြတယ်။ ဒါကြောင့် ဇာတ်ကားနာမည်ကို အသံထွက်ပုံထွက်နည်းနဲ့ တွဲပြီး Ratatouille (rat-a-too-ee) လို့ ဖော်ပြပေးခဲ့တယ်။

ဒါနဲ့ပဲ Best Animated Feature Film အကောင်းဆုံး အင်နီးမေးရှင်းရုပ်ရှင် ဆိုပြီး အော်စကာဆု ရခဲ့ပါတယ်။ အစောပိုင်းမှာတော့ အော်စကာဆု ငါးခုရနိုင်တယ်လို့ ထင်ကြေးပေးခဲ့ကြတာပါ။ ကွန်ပျူတာနဲ့ ဖန်တီးတဲ့ရုပ်ရှင်တွေထဲမှာ အော်စကာဆု အများဆုံး မျှော်မှန်းခံခဲ့ရတာဖြစ်ပါတယ်။

စားသောက်ဆိုင်ကို ကျန်းမာရေးဋ္ဌာနအရာရှိ ၀င်ရောက်စစ်ဆေးပုံကိုလည်း တွေ့ရပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ စားသောက်ဆိုင်တွေကို အဲသလိုပဲ စစ်ဆေးတတ်တာပါ။ သန့်ရှင်းမှုမရှိရင် လုပ်ငန်းပိတ်တဲ့အထိ အရေးယူတာ ခံရမှာပါ။ ဒီအချက်ကိုလည်း ရုပ်ရှင်ထဲ ထည့်ရိုက်ထားလေရဲ့။ စားဖိုဆောင်ဝန်ထမ်းတွေနေရာမှာ ၀င်ရောက်လုပ်ကိုင်မယ့် ကြွက်အုပ်စုကြီးကို ကိုယ်လက်သန့်စင်တဲ့ဇာတ်ဝင်ခန်းက စက္ကန့်ပိုင်းလေး ဖြစ်ပေမယ့် ပြောင်မြောက်လှပါတယ်။ ပန်းကန်ဆေးစက်ကြီးထဲကနေ ကြွက်တွေ စပ်ဖြဲဖြဲ ပေါ်လာတဲ့ပုံကို ထည့်သွင်းထားတာပါပဲ။

အသီးအရွက် အသားငါး ထားသိုတဲ့နေရာကအစ ၀န်ထမ်းတွေရဲ့ လှုပ်ရှားပုံအဆုံး ဖန်တီးချက်တွေဟာ တကယ့် မီးဖိုဆောင်ကြီးထဲကအတိုင်းပါပဲ။ အနောက်နိုင်ငံတွေမှာ အစားအသောက်နဲ့ စားသောက်ဆိုင်တွေကို ညွှန်းတဲ့ ဝေဖန်ရေးဆရာတွေဆိုတာ သီးသန့်ရှိတယ်။ ဒီရုပ်ရှင်ထဲမှာ အဲဒီလိုမျိုး ဝေဖန်ရေးဆရာတယောက်ကလည်း အဓိကဇာတ်ကောင်တကောင်အဖြစ် ပါဝင်တယ်။
ဒီလို အသေးစိပ်မှုတွေကြောင့် အင်မတန် ကောင်းတဲ့ ဟာသရုပ်ရှင်၊ ကာတွန်းရုပ်ရှင် ဖြစ်လာရတာပါပဲ။ ။

Nov 27, 2008

10 things i dislike about me

ကျွန်ုပ်၏မုန်းစရာ ၁၀ ချက်

ဘာအဖွဲ့ရဲ့ အကြီးအကဲ ဆိုလား၊ တူးတူးသာ တဲ့။ ကိုယ့်ကိုယ်ကိုယ် မုန်းရတဲ့အချက် ၁၀ ချက် ရေးဖို့ လှမ်း လက်တို့တယ်။ မုန်းစရာအချက်က ငါးဆယ်တရာ ကျော်မယ်။ ဒီဘလော့ဂ်ရောက်လာသူများ(နဲ့ ကျနော့်)ရဲ့ တန်ဖိုးကြီးအချိန်များကို ငဲ့ပြီး နည်းနည်းပဲ လျှောက်ရေးလိုက်မယ်။



၁။ ငါကွ
၂။ နာမည်တွေ မေ့တတ်တာ
၃။ ကော်ဖီနဲ့ လက်ဖက်ရည် မတပ်မက်တာ
၎။ အခန်းလွတ်တွေရှိတာ
၅။ ဘာသာရေးလောဘနည်းတာ

၆။ ကုတ္အက်ႌ မရိွတာ
၇။ လိပ္ခုံးကား ႀကိဳက္တာ
၈။ ကိုယ်ရေးလိုက်တာတွေ
၉။ သီချင်းညည်းချင်တာ
၁၀။ ခပ်တည်တည်နေတတ်တာ

၁။ ငါကွ။
ဒီအချက်ကတော့ ရှင်းရှင်းလေး။ ရှုပ်အောင် ထပ်ရေးရရင်တော့ -
ဥပမာဗျာ၊ အရည်မရ အဖတ်မရတွေနဲ့ ပတ်သက်ပြီး ကိုယ်လည်း မကြာခဏ စဉ်းစားမိဖူးတယ်။ ဒီလိုစဉ်းစားမိတာကိုပဲ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခဲ့တာ။ တယ်ဟုတ်ပါလား၊ ငါကွ ဆိုပြီး။ ခုတော့ ၀မ်းနည်းသလိုလို ဖြစ်ပြီ။ သူများသားသမီးတွေ ကိုယ့်ထက်သာသွားလို့။ သူတို့ သို့ကလို စဉ်းစားတတ်တဲ့နေရာမှာ ကိုယ့်ထက် အပုံကြီး သာတယ်လေ။ ခုပဲကြည့်၊ သူတို့တွေ ပေါက်ကရ စဉ်းစားထားလို့ လျှောက်ရေးနေရပြီ။ အင်း - မုန်းစရာ။

၂။ နာမည်တွေ မေ့တတ်တာ မုန်းစရာ။
နာမည်တွေကို မေ့တယ်။ လူရင်းတွေကိုတောင် မေ့ဖူးတယ်။ တခါတုန်းကဆိုရင် ရုံးခန်းလေးတခုမှာ လုပ်ဖော်ကိုင်ဖက် လေးငါးယောက်။ အဲဒီအချိန်မှာ ကိုယ်စကားပြောချင်တဲ့ သူကို နာမည်မေ့နေလို့ ဟေ့လူ ဆိုပြီး အနားတိုးသွား၊ လက်တို့ပြီး ပြောရတယ်။ သူကတော့ ကိုကြည်လွင်။ ပုံကိုကြည့်ပါ။

(ကိုကြည်လွင်၊ ကျနော်တို့ အေအေပီပီရုံးမှာ ရှိနေတုန်း ခင်ဗျားနာမည်ကို အနည်းဆုံး တကြိမ်မေ့ခဲ့တာ ခွင့်လွတ်ပါ။ ဟိုနေ့က ခင်ဗျား ကျနော့်ကို ဖုန်းဆက်တုန်း ကျနော်က ဟောပြောပွဲတခုထဲ ရောက်နေလို့ ပြန်မဖြေမိတာလည်း ခွင့်လွတ်ပါ။ ခင်ဗျားပုံပါတဲ့ နိုင်ငံတကာမှာပျံ့နေတဲ့ ပိုစတာကိုလည်း အခုမှ ကျနော့်ဘလော့ဂ်ပေါ်တင်မိတာ ခွင့်လွတ်ပါး)

၃။ ကော်ဖီနဲ့ လက်ဖက်ရည် မတပ်မက်တာ မုန်းစရာ။
ကျနော့်မိတ်ဆွေများ ကာဖီရည်တွေ သိပ်ကြိုက်ကြ။
သူတို့က ဖျော်ပေးမယ်၊ ၀ယ်တိုက်မယ် ဆိုတိုင်း ကျနော် ငြင်းရတယ်။ သူတို့ကြိုက်သလို ကြိုက်ချင်လိုက်တာ။ ခုတော့ ဒီကောင် ဘာကြောင်တာလဲ၊ ကာဖီမသောက် ဘာမသောက် ဆိုပြီး အထင်ခံနေရ။း(

၎။ အခန်းလွတ်တွေရှိတာ မုန်းစရာ (ဖြစ်နေမလား)
နှလုံးသားနဲ့ပတ်သက်လို့ ကျောင်းမှာ သင်ခဲ့ရတာတွေ မမှားဘူးဆိုရင် ကျနော့် နှလုံးသားမှာ အခန်း ၄ ခန်း ရှိတယ်။ လောလောဆယ် အခန်း ၃ ခန်းမှာ လူလွတ်နေတယ်။ လွတ်နေတာ ကြာပြီ။ သို့ကလို လွတ်နေတာဟာ ချို့ယွင်းချက် အားနည်းချက်ဖြစ်တယ်ဆိုရင်တော့ ဒါဟာ မုန်းစရား)

၅။ ဘာသာရေးလောဘနည်းတာ မုန်းစရာ
ကျနော့်မှာ ဘာသာရေး တခုပဲ ရှိတယ်။ ကမ္ဘာပေါ်မှာတော့ ဘာသာရေးတွေ သိပ်များတာပဲ။ အားလုံးကို အထိုက်အလျောက် ယုံကြည်လိုက်ရင် သက်တောင့်သက်သာ ရှိမယ် (လို့ ထင်တယ်)။ ကျနော်နဲ့ ကိုးကွယ်ယုံကြည်ချက်ခြင်း မတူသူတယောက်ဘက်ကကြည့်ရင် ကျနော်ဟာ အယူမှားနေသူ သနားစရာ သတ္တ၀ါဖြစ်တယ်။ သေရင် ကောင်းကင်ဘုံ (သို့မဟုတ်)၊ နိဗ္ဗာန် (သို့တည်းမဟုတ်) ဘုရားသခင်ရှေ့ ရောက်မယ့်သူမဟုတ် ဖြစ်နေတယ်။ ဒါကြောင့် ကမ္ဘာကျော် ဘာသာကြီးတွေကို အားလုံးမဟုတ်တောင် တခုထက်ပိုပြီး သက်ဝင်ယုံကြည်နေထိုင်လိုက်ရင် ကောင်းမလားလို့ တွေးမိတယ်။ ဒါဆို အနည်းဆုံး ဘာသာမတူလို့ ခွဲခြားဆက်ဆံခံရတဲ့ဘေးက လွတ်မယ်။ သေရင်လည်း ဘုရားသခင်အတော်များများနဲ့ တွေ့နိုင်ချေရှိတယ်။

စကားစပ်မိလို့ ကြားဖြတ်တွေးမိတာ ပြောရရင် ဘယ်ဘုရားသခင်နဲ့တွေ့ဖို့ဆိုရင် ဘာဝတ်စုံ ၀တ်ရမယ်ဆိုတာလည်း သိချင်တယ်။ ဟိုတပတ်က ကုတ်အင်္ကျီမရှိလို့၊ ငှားဖို့လည်း အချိန် မရလိုက်လို့ ညစာစားပွဲတခုသွားဖို့အစီအစဉ် ဖျက်လိုက်ရတယ်။း(

၆။ ဒါကြောင့် ကျနော့်မှာ ကုတ်အင်္ကျီ (၀ါးဒီးကုတ်) မရှိတာကလည်း မုန်းစရာ။

၇။ လိပ်ခုံးကားကြိုက်တာ မုန်းစရာ
ဘယ်ကားကို အကြိုက်ဆုံးလဲလို့ မေးလာရင် ဗောက်စ်ဝက်ဂွန် လို့ခေါ်တဲ့ လိပ်ခုံးကားကို အကြိုက်ဆုံးပဲ။ Volkswagen လေ။ တခြားပုံစံတွေ အများကြီးပဲ။ ပုံကိုကြည့်။ညာဘက်ထောင့်က အပြာရောင်က ပုံစံဟောင်း လိပ်ခုံးကား။ ကျနော်ပြောတဲ့ကား။ အဲဒီလို ဂျပိုးလို ကားမျိုးကိုပဲ လိပ်ခုံးကားလို့ ကျနော် ခေါ်တယ်။ တခြားလူတွေလည်း အဲသလို ခေါ်ပုံရတယ်။
ပြီးခဲ့တဲ့ ၁၀နှစ်အတွင်း ကားဘော်ဒီအနားကွပ်ပုံစံ မဆိုစလောက် ပြောင်းပြီး ထွက်လာပုံရတယ်။ အပေါ်မှာ မြင်ရသလိုမျိုး။

ဒါပေမယ့် ဒီကားက

(က) ဆီစား မသက်သာဘူး၊
(ကု) လူအများကြီး မဆံ့ဘူး၊
(ကေ) နောက်ခန်းထဲဝင်ထိုင်ရတာလည်း ခက်ခဲမယ်
(ကဲ) ဈေးလည်းကြီးတယ်
(ကော) ဘာကုန်ပစ္စည်းမှ တင်လို့မရ

ဆိုတဲ့ အချက်တွေနဲ့ ပြည့်စုံနေတယ်။ ဆင်ဖြူတော်နဲ့ နင်လား ငါလားပဲ။ အမြင်ပဲလှ။ အသုံးသိပ်မကျ။ တခါမှလည်း မစီးဖူးပါ။ ငွေအလုံအလောက် စုမိရင်လည်း ၀ယ်ဖြစ်မယ်မထင်ဘူး။ သိပ် အသုံးမကျလို့။ လမ်းမှာတွေ့ရင်တော့ ကိုယ်ကို တပတ်လှည့်ပြီးတောင် ငမ်းမိတာ။ အဲသလို သောက်သုံးမကျတဲ့ လိပ်ခုံးကားကိုကြိုက်မိတာလည်း မုန်းစရာ။

၈။ ကိုယ်ရေးလိုက်တာတွေဟာ မုန်းစရာ
တချို့ဘလော်ဂါတွေ ဥပမာ စလုံးက ပန်ဒိုရာစံ၊ သြစီက ကေသွယ်စံတို့ စိတ်ဓာတ်ကျနေတယ်လို့ ကိုယ်တိုင် ကိုယ်ကျ ဖွင့်ပြောလာကြတယ်။ ဒီဘလော့ဂ်က အရေးအသားတွေ ကြိုက်လွန်းလို့ တဲ့။ သူတို့ ဒီလို မရေးနိုင်တဲ့အတွက် စိတ်ဓာတ်ကျသတဲ့။ ကျနော်ရေးမိ၊ အပြစ်ရှိ၏ပါခင်ဗျာ။ ဒါကြောင့် သူတို့ အားကျ၊ နောက်တော့ စိတ်ဓာတ်ကျစေတဲ့ ဒီဘလော့ဂ်ပေါ်က အရေးအသားတွေဟာ မုန်းစရာ။

၉။ သီချင်းညည်းချင်တာ မုန်းစရာ
မျက်လုံးပြူးမသွားနဲ့ဦး။ သီချင်းတွေဟာ ချစ်စရာတွေပါ။ ဆိုလို့ကောင်း၊ နားထောင်လို့လည်း သိပ်ကောင်း။ အဲဒီလိုကောင်းနေတာဟာ ပြဿနာ။
xxx ကလေးဆန်လွန်းသူ အမိုက်ကလေးကိုမှ ကိုယ်ကချစ်မိသူပါကွယ် xxx အဲသလို သီချင်းမျိုးကို အသက် ၇၀ ၀န်းကျင်မှာ ဆိုလို့ သင့်တော်ပါဦးမလားဆိုတာ စဉ်းစားစရာ။ ကိုယ်ကလည်း အချစ်သီချင်းတွေပဲ ညည်းတတ်တာ။ သီချင်းတွေကလည်း အချစ် နဲ့ နိုင်ငံရေးတွေပဲမဟုတ်လား။ ဒီတော့ သီချင်းညည်းချင်စိတ်ကြောင့် တနေ့မှာ (အသက် ၇၀ ၀န်းကျင်အထိ ရှင်သန်ခွင့်ရှိရင်) ခက်တော့တာပါပဲ ဖြစ်လာလိမ့်မယ်။

၁၀။ ခပ်တည်တည်နေတတ်တာ မုန်းစရာ။
လူဆိုတာ ပျော်ပျော်နေရမယ်။ ပေါတောတောဖြစ်ရမယ်။ တတ်နိုင်ရင် အစွမ်းကုန် ပေါသင့်။ ဘ၀မှာ စိတ်မသက်မသာစရာတွေက အများသား။ ဒါကြောင့် စိတ်ထွက်ပေါက်ရအောင် စိတ်ကို ဖော့ထားရမယ်။ တဖြည်းဖြည်းပူလာတဲ့၊ ငွေတွင်းနက်လှတဲ့၊ စိတ်ဖိစီးတာများတဲ့ ကမ္ဘာကြီးမှာ ခပ်တည်တည်နေတတ်တဲ့ကျနော်ဟာ မုန်းစရာ။

အင်း - တကယ့်ကို မုန်းစရာ။ ။ :D

Nov 26, 2008

USED books to decorate your rooms


စာအုပ်အဟောင်းတွေကို အလှဆင်ပစ္စည်းအဖြစ် သုံးနေကြပါပြီ။

စာအုပ်အဟောင်းတွေကို တရွက်ချင်း ခေါက်ပြီးတော့ ဒီဇိုင်းဖွဲ့ထားတာ။ ဆွဲဆောင်မှု ရှိသားပဲ။ ပြီးခဲ့တဲ့အပတ်က စတိုးဆိုင်တခုရှေ့ကနေ ဖြတ်သွားတုန်း စတွေ့တယ်။ ဒါနဲ့ ဒီညနေတော့ ကင်မရာ ယူသွားပြီးရိုက်လိုက်တယ်။ ဆိုင်ဝန်ထမ်းက မျက်နှာကျက်မှာ တွဲလောင်းချထားတာတွေကို ဖြုတ်ပြီး သိမ်းနေပြီ။ သူ့ကျောဘက် မှန်နံရံမှာ တွေ့တဲ့အတိုင်းပဲ ဒီဇိုင်းအသစ်တွေနဲ့ အလှဆင်ထားတယ်။ စာအုပ်နဲ့လုပ်ထားတဲ့ ဒီဇိုင်းအဟောင်းတွေ တနေရာရာကို လှူမယ်ဆိုတဲ့သဘော ရေးထားတာလည်း တွေ့တယ်။ ဈေးဝယ်သူတွေ တောင်းမှာ စိုးရိမ်ပုံရ။

(စကားမစပ် အဲဒီဝန်ထမ်းလက်ချောင်းမှာလည်း ဆေးမင်ကြောင် ဗရပွ။ အောက်ကပုံမှာတော့ ပိုပြီးတွေ့ရမယ်။ မင်ကြောင်ထိုးမှ အမျိုးသမီးပီသတဲ့ခေတ် တချိန်ချိန်မှာ ရောက်လာနိုင်တယ်း)

အိမ်ပြန်ရောက်တော့ OLD book decoration ဆိုပြီး ဂူဂဲလ်ကြည့်တာ မတွေ့ဘူး။ USED book decoration ဆိုမှ ပုံတချို့တွေ့တယ်။ စိတ်ဝင်စားစရာပဲ။ ကြည့်ကြပါဦး။ အချိန်ပိုနေတဲ့သူတွေ လုပ်သင့်တယ်။ အချိန်မရှိသူတွေလည်း တီဗွီကြည့်ရင်း ရေဒီယို ကက်ဆက် နားထောင်ရင်း လုပ်လို့ ရပါတယ်။ံရံပေါ်မှာ သံပြားချောင်း ကောက်ကောက် ၂ ခုကို အရင်ဆုံး စွဲအောင်လုပ်မယ်။ ကဒ်ထူဖုံးစာအုပ် သုံးမယ်။ပြီးရင် စာအုပ်ထူထူ သုံးလေးအုပ်ကို ထပ်၊ ပန်းအိုးတင်။ ပန်းအိုးတွေကလည်း ပစ်ရမယ့်ပုလင်းခွံတွေ ဖြစ်ပုံရ။အပေါ်ကပုံဟာ အပေါ်စီးကနေ ရိုက်ထားတာဖြစ်မယ်။ စာအုပ်သုံးအုပ်ကို တရွက်စီ ခေါက်ချိုးချိုးပြီး ဗန်းထဲ ထည့်ထားတယ်။
ဒါပါပဲ။ Tag ထားတာတွေလည်း အကြွေးဆပ်ပါ့မယ်။ ရေးပြီးပြီ။ တင်တာပေါ့၊ ဒီနေ့ သို့မဟုတ် မနက်ဖြန်။ ။

Nov 20, 2008

guru passes away :(

ဂုရု ဆုံးသွားပြီ တဲ့။ သတင်းတွေ ၀င်လာတယ်။ သူနဲ့ကျနော် စတွေ့တော့ ၂၀၀၁ တုန်းက။ မဲ့ခေါင်ခဒုက္ခသည်စခန်းထဲမှာ။ အဲဒီစခန်းနဲ့ ဖာပွန်(ကရင်ပြည်နယ်)၊ ဖားဆောင်(ကယားပြည်နယ်) တို့က သုံးပွင့်ဆိုင်။ သူတို့က ရောင်နီဦး ဆိုတဲ့ အထက်တန်းကျောင်းတခု ဖွင့်ထားတယ်။ သူတို့စီစဉ်တဲ့ စာပေဟောပြောပွဲမှာ ကျနော်နဲ့ ကိုထိန်လင်း ၂ ယောက်ကို ဟောပေးဖို့ ဖိတ်တယ်။ (အခု ကျနော်တို့ ၂ယောက်က မိုးမခ ရောက်နေတယ်။)

ဟောပြောပွဲမှာတော့ လူအစုံပဲ။ ရောင်နီဦးကျောင်း သူငယ်တန်းကနေ ဆယ်တန်းအထိ ကျောင်းသားတွေ၊ ပြီးတော့ စခန်းထဲက အသက်အရွယ်ပေါင်းစုံ ဒုက္ခသည်တွေ။ စာမတတ်သူတွေလည်း ပါနိုင်တယ်။ အကြောင်းအမျိုးမျိုးကြောင့် စာမဖတ်သူတွေလည်း ပါနိုင်တယ်။
ဒုက္ခသည်စခန်း ဆိုတာ ပွဲလန်းသဘင်မရှိတဲ့အရပ်ဖြစ်တော့ အဲဒီပွဲက ပရိသတ်အင်အား ကောင်းတယ်။ ရပ်ကွက် ၁၃ က တတဲတယောက် အနည်းဆုံး အားပေးကြမယ် ထင်တယ်။ အဲဒီရပ်ကွက်က ကရင် နည်းပြီး ဗမာ များပုံရတယ်။ တခြားရပ်ကွက်တွေက လာချင်မှ လာမယ်။ ည ၈ နာရီကျော်ရင် စခန်းထဲမှာ ဟိုဟိုဒီဒီ လျှောက်သွားခွင့် မပြုဘူး။ ကျနော့်ကို အရင်ဆုံး စင်ပေါ်တင်ပေးလိုက်တယ်။ ပြီးတော့ ကိုထိန်လင်း။ နောက်တော့ ဂုရုတို့ တက်ပြီး ကဗျာရွတ်ကြတယ်။

ကျနော်ကတော့ ရယ်စရာတွေ ပြောလိုက်တာပဲ။ ဒါပေမယ့် ပရိသတ်အားလုံး သဘောကျအောင်တော့ မတတ်နိုင်ပါဘူး။ ဂုရုတို့ ကဗျာရွက်တာလည်း ပရိသတ်က လက်ခုပ်တီး အားပေးတာပါပဲ။ စင်ပေါ်ကဆင်းတော့မှာမို့ ၀မ်းသာအားရ လက်ခုပ်တီးတာလည်း ဖြစ်နိုင်တယ်၊ အခမ်းအနားအစီအစဉ်တခု အပြီး ယဉ်ကျေးမှုအရ တီးတဲ့လက်ခုပ်သံတွေလည်း ဖြစ်နိုင်တယ်၊ လေးလေးစားစား လက်ခုပ်တီးကြသူတွေလည်း ရှိမယ်။ ဂုရုကတော့ အလေးအနက် ထားတဲ့အပြင် တကယ်ကို ရင်ခုန်မှုအပြည့် ခံစားချက်အပြည့်နဲ့ ကဗျာရွတ်တာပဲ။ ပရိသတ်ကြီးလည်း သူတို့တွေ့တွေ့နေတဲ့ မျက်မှန်နဲ့ ဒီဆရာ (တော်လှန်ရေးသမား)က စာတွေပေတွေလည်း ရသားပဲ လို့ အသိအမှတ် ပြုသွားကြပုံပေါ်တယ်။


လွန်ခဲ့တဲ့ ၅ လလောက်တုန်းက သူ့ကို နောက်ဆုံးတွေ့တယ်။ ထုံးစံအတိုင်း လက်ထဲမှာ ဆေးပေါ့လိပ်နဲ့။ ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ်အခမ်းအနား ဒီနှစ် မတ်လ ၁၆ ရက်နေ့မှာ သူတို့ လုပ်ကြတယ်။ စင်ဘေးမှာ ကဗျာရွတ်သံတွေကို အထောက်အကူပြုနေတဲ့ ဂစ်တာသမားတွေလည်း ရှိတယ်။ အဲဒီထဲကတယောက်ကို လက်ညိုးထိုးပြပြီး သူ့ညီဖြစ်တဲ့အကြောင်း ပြောပြတယ်။ ဂုရုက အိမ်ထောင်ပြုလိုက်တာတောင် သိပ်မကြာသေးဘူး။ သူ့အသက် သိပ်မငယ်တော့ဘူး ဆိုပေမယ့် ၃ဂ နှစ်ဆိုတာ လောကကြီးထဲကနေ ထွက်သွားဖို့ စောလွန်းပါသေးတယ်။ သူရေးချင်တာတွေကို အကုန်မဟုတ်ပေမယ့် အတော်များများကို ဘလော့ဂ်တခု တည်ဆောက်ပြီး ရေးခဲ့နိုင်တာကိုတော့ သူကျေနပ်သွားမယ် ထင်ပါတယ်။ ။

Nov 15, 2008

Women of the World Award အကြောင်း ကျွန်ုပ်ရေးခဲ့စဉ်က

Marie Claire မဂ္ဂဇင်းက ဘာသာမျိုးစုံနဲ့ ထုတ်တယ်။ ကမ္ဘာကျော်တယ်။ အမျိုးသမီးမဂ္ဂဇင်း။ လစဉ်ထုတ်။ စာအုပ်ဆိုင်ကြီးတွေရဲ့ အမျိုးသမီးစာစောင်တွေထားတဲ့ စင်ပေါ်မှာ တွေ့နိုင်တယ်။ စတိုးဆိုင် မဂ္ဂဇင်းစင်တွေမှာလည်း တွေ့နိုင်တယ်။ ၂၀၀၄ ခုနှစ် လေယာဉ်ကွင်းတခုမှာ အချိန်တွေပိုနေတာနဲ့ စာအုပ်ဆိုင်ထဲ လမ်းလျှောက်ရင်းနဲ့ Marie Claire မဂ္ဂဇင်းတစောင် ၀ယ်ဖြစ်တယ်။

ဘယ်အမျိုးသမီးဖတ်ဖို့ ဆိုပြီး ၀ယ်လိုက်တာတော့ မဟုတ်ပါဘူး။ အဖုံးပေါ်မှာ အမျိုးသမီး ၁၀ ယောက် ဆုရတဲ့အကြောင်း
Women of the World Award ဆိုပြီး ရေးထားတာတွေ့လို့ မြန်မာပြည်ကအမျိုးသမီးတယောက်ယောက်များ ပါမလား ဆိုပြီး ဖွင့်ဖတ်ကြည့်ရင်း ပါတာနဲ့ ၀ယ်လိုက်တာ။ အဲဒီအကြောင်း ဖတ်ပြီး ဆောင်းပါးတပုဒ် ရေးခဲ့တယ်။
ဧရာဝတီမှာ ပါခဲ့တယ်။ အမျိုးသမီး ၁၀ ယောက်ရဲ့ ဓာတ်ပုံတွေလည်း ထည့်တယ်။ အခု အဲဒီ ပုံတွေ ရှာကြည့်သေးတယ်၊ မတွေ့သေးဘူး။


ကမ္ဘာ့အမျိုးသမီးဆုရ အမျိုးသမီးများ
ဇာနည်ဝင်း
ဒီဇင်ဘာ ၁၃၊ ၂ဝဝ၎

အခု လဆန်းပိုင်းမှာ ထိုင်း - မြန်မာ နယ်စပ်က ရှမ်းတိုင်းရင်းသူတစ်ဦး အပါအဝင် နိုင်ငံတကာက အမျိုးသမီး ၁ဝ ဦးဟာ အမေရိကန်မဂ္ဂဇင်းတစ်စောင်က ပေးအပ်တဲ့ ဂုဏ်ပြုဆုကို ရရှိခဲ့ပါတယ်။

ဆုချီးမြင့်တဲ့ Marie Claire မဂ္ဂဇင်းဟာ အမျိုးသမီးရေးရာမဂ္ဂဇင်းတစ်စောင်ဖြစ်ပြီး၊ နိုင်ငံတကာက အများအကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အမျိုးသမီးတွေအကြောင်း ဖော်ပြလေ့ရှိပါတယ်။ အခု ချီးမြှင့်လိုက်တဲ့ ကမ္ဘာ့အမျိုးသမီးများဆုကတော့ မဂ္ဂဇင်းအနေနဲ့ ပထမဆုံးအကြိမ် တီထွင်လိုက်တာပဲ ဖြစ်ပါတယ်။

အဲဒီဆုကို ရရှိခဲ့တဲ့ အမျိုးသမီး ၁ဝ ဦးနဲ့ မိတ်ဆက်ပေးလိုပါတယ်။

ဘာဘိုရာဘူကော့ဗ်စကာ
ရှေ့နေ၊ စလိုဗက်နိုင်ငံ

စလိုဗက်နိုင်ငံ ဆေးရုံတွေမှာ အမျိုးသမီးတချို့ကို ကလေးမွေးပြီးတဲ့အခါ သားကြောဖြတ်လိုက်သတဲ့။ ဒီလို သားကြောဖြတ်တာဟာ ကာယကံရှင် အမျိုးသမီးတွေရဲ့ဆန္ဒ မဟုတ်ပါဘူး။
သားကြောဖြတ်ခံရတဲ့သူတွေဟာ လူနည်းစုတိုင်းရင်းသားမျိုးနွယ်စုတစ်ခုကဖြစ်တယ် ဆိုတာကို အမှတ်မထင် သိရှိသွားတဲ့ ဘာဘိုရာဘူကော့ဗ်စကာက ဒီလိုမျိုး လူမဆန်တဲ့လုပ်ရပ်တွေကို စုံစမ်းပြီး ဖွင့်ချခဲ့ပါတယ်။

နာမည်ကျော်ဟားဗတ်တက္ကသိုလ်မှာ ပညာသင်ယူနေတဲ့ ဘာဘိုရာက စုံစမ်းဖော်ထုတ်တဲ့ အလုပ်တွေအပြင်၊ ကာယကံရှင်တွေ လျော်ကြေးရရေးအတွက်ပါ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

ရာနာဟူစိန်
စာနယ်ဇင်းသမား၊ ဂျော်ဒန်နိုင်ငံ

“သတင်းစာစောင်တွေထဲမှာ ပါတတ်တဲ့ စာကြောင်း ၂ ကြောင်းက ဘာလဲဆိုတော့ အမျိုးသမီးတစ်ယောက် အသတ်ခံရတယ်၊ ပုလိပ်တွေက ဒီလူသတ်မှုကို စုံစမ်းနေတယ် တဲ့၊ ဒါပဲ။ စုံစမ်းတာကနေကို မတက်တော့ဘူး”

ဂျော်ဒန်နိုင်ငံက အမျိုးသမီးတွေရဲ့ အခြေအနေကို ရာနာ က ပြောပြတာပါ။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က ရာနာက လူသတ်မှုတစ်ခုအတွက် သတင်းလိုက်ခဲ့ပါတယ်။ အသတ်ခံရတာက ၁၆ နှစ်အရွယ် အမျိုးသမီး။ ပြစ်မှုကျူးလွန်တဲ့သူက မိသားစုဝင်တစ်ယောက်။ ဒီမိန်းကလေး ဘာကြောင့် အသတ်ခံရသလဲလို့ ကျန်ရစ်သူမိသားစုကို မေးတော့ ထွက်လာတဲ့ အဖြေက “သူ့အစ်ကိုက သူ့ကို မုဒိမ်းကျင့်ခဲ့တယ်လေ” တဲ့။

မုဒိမ်းမှုအတွက် မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးတစ်ယောက်ကို အပြစ်ပုံချတယ်၊ မိသားစု ဂုဏ်သိက္ခာအတွက် အမျိုးသမီးတစ်ယောက်ကို သတ်လိုက်တယ်ဆိုတာ သိလိုက်ရတော့ အတော် ဒေါသထွက်သွားတယ်။

အခုဆို စာနယ်ဇင်းသမား ရာနာက ဒီလိုလူသတ်မှုပေါင်း ၂၅ မှုလောက်ကို နှစ်စဉ် ဖော်ထုတ် ရေးသားနေတဲ့အတွက် သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံနေရပါတယ်။
ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားတာကတော့ ၁ နှစ်ကို နိုင်ငံတကာက အမျိုးသမီး ၅ဝဝဝ ကျော်ဟာ ‘ဂုဏ်သိက္ခာကြောင့် သတ်ဖြတ်ခြင်း’ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဓားစာခံဖြစ်နေပါသတဲ့။

ကက်လင်းလူးကက်စ်
လူ့အခွင့်အရေးလှုပ်ရှားသူ၊ အမေရိကန်ပြည်ထောင်စု

လွန်ခဲ့တဲ့ ၈ နှစ်တုန်းက လူးကက်စ် နေတဲ့အိမ်ကနေ ၆ မိုင်လောက် ဝေးတဲ့နေရာက ထောင်တစ်ခုကို သတိပြုမိခဲ့တယ်။ လူဝင်မှုကြီးကြပ်ရေးဌာနအောက်က ထောင်ကြီးတွေထဲက လူ ၈ဝဝ ကနေ ၁ဝဝဝ အထိ ဆံ့တဲ့ ထောင်တစ်ခုပေါ့။ နိုင်ငံရေးခိုလှုံခွင့်လျှောက်တဲ့သူတွေကို ဖမ်းထည့်ထားတယ်လို့ ဆိုပါတယ်။

“(အမေရိကန်ပြည်ထောင်စုထဲကို) ပြောင်းရွှေ့ဝင်ရောက်လာတဲ့သူတွေ၊ ခိုလှုံခွင့် လျှောက်တဲ့သူတွေကို ရာဇဝတ်မှု ကျူးလွန်မှုမရှိရင် ထောင်ထဲ ထည့်မထားသင့်ပါဘူး”လို့ လူးကက်စ်က ဆိုပါတယ်။
လူးကက်စ်ရဲ့အဖွဲ့ဟာ အကျဉ်းသားတွေအတွက် ရှေ့နေငှားပေးတာ၊ တရားရုံးကိစ္စတွေကို ဆောင်ရွက်ပေးတာမျိုးတွေ လုပ်ကိုင်နေပါတယ်။ သူဦးဆောင်တဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ ၆ နှစ်အတွင်း ခိုလှုံခွင့်လျှောက်ထားသူ ၉၄၅ ယောက်ကို အကျဉ်းထောင်တွေကနေ လွတ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

နန်းချမ်တောင်း
လူ့အခွင့်အရေးလှုပ်ရှားသူ၊ ထိုင်းနိုင်ငံ

ဆုရရှိခဲ့တဲ့ ရှမ်းအမျိုးသမီး နန်းချမ်တောင်းဟာ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်ဖလှယ် ပူးပေါင်းဆောင်ရွက်ရေးအသင်းရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ နန်းချမ်တောင်းဟာ မြန်မာနိုင်ငံ ပြည်ပရောက်အဖွဲ့တွေထဲက ထင်ရှားတဲ့ ဒီအဖွဲ့မှာ အသက် ၁၇ နှစ်အရွယ် လွန်ခဲ့တဲ့ ၅ နှစ် ကတည်းက ပါဝင်ဆောင်ရွက်နေတာပါ။

နန်းချမ်တောင်းရဲ့အဖွဲ့ဟာ မြန်မာပြည်အရှေ့ဘက်ဒေသအတွင်း မြန်မာ့တပ်မတော်ရဲ့ မတရားပြုကျင့်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ပတ်သက်လို့ ‘မုဒိမ်းကျင့်ခွင့်လိုင်စင်’ အမည်နဲ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့တဲ့နောက်ပိုင်း လူသိပိုများလာတဲ့အဖွဲ့အစည်းပါ။

“နန်းချမ်တောင်းရဲ့အဖွဲ့ဟာ ထိုင်းမြန်မာနယ်စပ်ကို ရောက်လာတဲ့ ရှမ်းတိုင်းရင်းသား ၃ သိန်းဝန်းကျင်ရဲ့အရေးကို ကူညီဆောင်ရွက်နေတယ်။ နယ်စပ်ဒေသကို ရောက်လာတဲ့ ရှမ်းတိုင်းရင်းသားတွေဟာ မြန်မာစစ်တပ်က နည်းမျိုးစုံနဲ့အနိုင်ကျင့်လို့ နေရပ်ကို စွန့်ခွာခဲ့ရတာဖြစ်တယ်” စသဖြင့် ဆုချီးမြင့်တဲ့ မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။

နန်းချမ်တောင်းရဲ့စကားတစ်ခွန်းကိုလည်း မဂ္ဂဇင်းက ကိုးကားထားပါတယ်။ “မြန်မာတွေရဲ့အကြောင်း ပြောပြမှဖြစ်မယ်၊ သူတို့က ကမ္ဘာကို လိမ်ညာနေကြတာ” တဲ့။ ဒီစကားက အခြေအတင် ငြင်းခုံစရာမဟုတ်ရင်တောင်မှ အနည်းဆုံးတော့ စောဒကတက်စရာ စကားတစ်ခွန်းပါပဲ။ သို့ပေမယ့် ဒီစကားက နာမည်ပျက်နေတဲ့ မြန်မာ့တပ်မတော်ဟာ နန်းချမ်တောင်း မွေးဖွားကြီးပြင်းရာ ရှမ်းတိုင်းရင်းသားတွေရဲ့ဒေသမှာ အင်မတန် ဆိုးသွမ်းရမ်းကား ထင်ရာစိုင်းနေတယ် ဆိုတဲ့အချက်ကို ထင်ဟပ်နေပါတယ်။

ဒုက္ခသည်ဆိုတာ မြန်မာနိုင်ငံရဲ့ ထွက်ကုန်တစ်မျိုးလိုဖြစ်နေတာ နှစ်ပေါင်း ၃ဝ ဝန်းကျင်ရှိလာပါပြီ။ မြန်မာနိုင်ငံအရှေ့ဘက်ခြမ်း ဒေသလေးတစ်ခုကနေပဲ အရပ်သားတွေ သိန်းနဲ့ချီပြီး ကိုယ့်ဒေသကို စွန့်ခွာကြရတယ်၊ နန်းချမ်တောင်းလည်း ဒီအထဲက တစ်ယောက်ပေါ့။ အခက်အခဲတွေ့နေတဲ့ ဒီလူတွေ အားကိုးတကြီး ထွက်ပြေးခိုလှုံနေတဲ့နေရာကလည်း အရှေ့တောင်အာရှမှာ လူတွေကို ရောင်းစားတဲ့၊ လူကုန်ကူးတဲ့ နာမည်ကျော်ဈေးကွက်ကြီးတစ်ခု ဖြစ်နေတယ်။ ဒီတော့လည်း သူတို့ထဲက တချို့အတွက် ထပ်ဆင့်ပြီး ဒုက္ခတွေ တွင်းဆုံးကျရပြန်ပြီပေါ့။
နန်းချမ်တောင်းဟာ ရောင်းစားကုန်ကူးခံနေရသူတွေအရေး ကူညီဆောင်ရွက်နေတဲ့အတွက် ဆုချီးမြှင့်ဂုဏ်ပြုတာဖြစ်တယ်လို့ မဂ္ဂဇင်းက ဖော်ပြထားပါတယ်။

အီမီလီယာ တေလာ
ဆီရီယာလီယွန်နိုင်ငံ

“သူတို့ ရှင့်ကို ဖမ်းလိမ့်မယ်၊ ကျွန်လို ခိုင်းစားမယ်၊ မုဒိမ်းကျင့်ဦးမယ်။ ရှင် ထွက်ပြေးဖို့ကြိုးစားလည်း အသတ်ခံရမှာပဲ” လို့ ပြောပြတဲ့ တေလာတစ်ယောက် အသက် ၉ နှစ်အရွယ်မှာ သူပုန်တွေဖမ်းတာ ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ သူပုန်ဗိုလ်မယား၊ တိုက်ခိုက်ရေးသမား စစ်သားဘဝတွေကို မရောက်ချင်ဘဲ ရောက်ခဲ့ရတယ်။ အသက် ၁၄ နှစ်မှာတော့ သားတစ်ယောက် မွေးဖွားခဲ့တယ်။

သိပ်မကြာခင်မှာဘဲ စော်ကားနှိပ်စက်ခံဘဝကနေ အသက်စွန့်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၁၃ နှစ်အတွင်း သူတို့နိုင်ငံက ကလေးသူငယ် တစ်သောင်းဝန်းကျင်လောက်ဟာ တေလာ နည်းတူ ကျေးကျွန်တွေလို ခိုင်းစေခံခဲ့ရ၊ စစ်ပွဲတွေမှာ ဝင်ပြီးတိုက်ခိုက်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ အခုဆိုရင် ကျောင်းတက်ရင်းနဲ့ အသံလွှင့်ဌာနတစ်ခုမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ တေလာဟာ ဒီလိုဘဝဆိုးတွေကို ဖြတ်သန်းလာတဲ့ လူငယ်တွေအတွက် ပြန်လည်ကုစားရေးအစီအစဉ်တွေ ထုတ်လွှင့်နေပါတယ်။

ရီဘီယာ ကာဒီယာ
လူနည်းစု အမျိုးသမီးများအား ကူညီသူ၊ တရုတ်နိုင်ငံ

တရုတ်အစိုးရက လုပ်ငန်းရှင်ကြီးဖြစ်ခဲ့တဲ့ ကာဒီယာကို ထောင် ၈ နှစ် ချထားပါတယ်။ တရုတ်ပြည် ဇင်ကျန်းဒေသက လူနည်းစု အမျိုးသမီးများအခွင့်အရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့လို့ပါ။ ဇင်ကျန်းဒေသဟာ ဗလီဝတ်ကျောင်းတွေ အပိတ်ခံရ၊ အစိုးရဆန့်ကျင်တယ်လို့အထင်ခံရသူတွေ ဖမ်းဆီးခံရတဲ့ဒေသပါ။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့လို အင်အားစုတွေက ဖိအားပေးလွန်းတဲ့အတွက် တရုတ်အစိုးရက သူ့ကို ထောင်ဒဏ် ၁ နှစ် လျှော့ပေးလိုက်ပါပြီ။ ထောင်ဝင်စာသွားတွေ့တဲ့ သူ့သားသမီးတွေကို ကာဒီယာက ဒီလို ပြောခဲ့ပါတယ်။
“ဂုဏ်ယူကြစမ်းပါကွာ၊ ငါ ထောင်ထဲရောက်နေတယ်ဆိုပြီး သိမ်ငယ်မနေကြနဲ့”

ဂျနီနာ အိုချော့စခါ
ဒုက္ခသည်များအား မျှော်လင့်ချက်ပေးသူ၊ ပိုလန်နိုင်ငံ

အသက် ၆ လသမီး အရွယ်တုန်းက ပိုလီယိုရောဂါရခဲ့တဲ့ အိုချော့စခါတစ်ယောက် မသန်မစွမ်းကလေးများဂေဟာမှာ ကြီးပြင်းခဲ့ရပါတယ်။ အခု အသက် ၄၆ နှစ်အရွယ်မှာတော့ လူသားချင်းစာနာမှု လှုပ်ရှားဆောင်ရွက်ရေးအဖွဲ့တစ်ဖွဲ့ကို ဦးဆောင်နေပါပြီ။ ဒီအဖွဲ့ကို လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကတည်းက သူကိုယ်တိုင် ဖွဲ့စည်းခဲ့တာပါ။ သဘာဝဘေးအန္တရာယ်၊ စစ်ပွဲ စတာတွေကနေ ဖြစ်ပေါ်လာတဲ့ ဒုက္ခသည်တွေကို ကူညီဖို့ ရည်ရွယ်ပါတယ်။ အာဖဂန်နစ္စတန်၊ အီရတ်နိုင်ငံတွေမှာ သူ့အဖွဲ့က ကူညီနေပါတယ်။

အကူအညီပေးတဲ့လုပ်ငန်း တစ်ခုတည်းမဟုတ်ဘဲ ပူးပေါင်းလုပ်ကိုင်ဖို့ ကိုယ်ထူကိုယ်ထ လုပ်နိုင်ဖို့ စတဲ့ လက်တွဲခေါ်ဆောင်ရေး လုပ်ငန်းအစီအစဉ်တွေလည်း ချမှတ်ဆောင်ရွက်ပါတယ်။

ဟာဝါအာဒင် မိုဟမ်း
အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ၊ ဆိုမာလီယာနိုင်ငံ

ဆိုမာလီယာနိုင်ငံက မိန်းကလေး ၉၈ ရာခိုင်နှုန်းဟာ သူတို့ရဲ့ လိင်အင်္ဂါကို ဖြတ်တောက်ခွဲစိတ်တာကို ခံနေရပါတယ်။ “ဒီရိုးရာအတိုင်း အဘွားလည်း လုပ်ခဲ့ရတာပဲ၊ အမေလည်း လုပ်ခဲ့ရတာပဲ တဲ့။ အမျိုးသမီးတွေက ဘာမှန်းမသိတာကို ကြောက်နေကြရတယ်။ ဒါမျိုးမလုပ်ခဲ့တဲ့အမျိုးသမီးကို မတွေ့ဖူးကြဘူးဆိုတော့ ကိုယ်မလုပ်လိုက်ရင် တခုခုဖြစ်လာလေမလားဆိုပြီး ဘာမှန်းမသိတာကို ကြောက်နေကြတယ်” လို့ မိုဟမ်းက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး မိုဟမ်းတစ်ယောက် ဒီဓလေ့ကို ဆန့်ကျင်တဲ့ ဆွေးနွေးပွဲတွေ၊ နှီးနှောဖလှယ်ပွဲတွေ နိုင်ငံအနှံ့ လှည့်ပြီး စီစဉ်ပြုလုပ်ခဲ့တယ်။ လူပေါင်း တစ်သောင်းရှစ်ထောင်ကျော် လမ်းပေါ်ထွက် ဆန္ဒပြအောင် စည်းရုံးနိုင်ခဲ့တယ်။
အခုရရှိမယ့် ဒေါ်လာ ၅ဝဝဝ ကိုတော့ အမျိုးသမီး ပညာပေးအစီအစဉ်အတွက် သုံးဖို့ စိတ်ကူးထားပါသတဲ့။

ယနာ မိုဟမ်မက်
အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ၊ အီရတ်နိုင်ငံ

ဒီတစ်ယောက်ကတော့ အမျိုးသမီးအခွင့်အရေးတွေကို ချုပ်ချယ်ကန့်သတ်ထားတဲ့ ဥပဒေကို ကန့်ကွက်တိုက်ပွဲဝင်နေတဲ့ သူပါ။

ပြီးခဲ့တဲ့နှစ်က ဘဂ္ဂဒက်မြို့တော်က ဆန္ဒပြပွဲတစ်ခုမှာ မိုဟမ်မက်က ဒီလိုပြောခဲ့ပါတယ်။
“ဒီနေ့ခေတ်မှာ အမျိုးသမီးတွေကို ဆန့်ကျင်သူတွေ မလွယ်ဘူးသာ မှတ်ပေတော့။ ကျမတို့ရဲ့ဆန္ဒကို အများသိအောင် လုပ်နေပြီမို့၊ ကျမတို့ကို ချုပ်ချယ်တားဆီးဖို့ လွယ်လွယ်နဲ့ မရတော့ပါဘူး”
ဒီလို စည်းရုံးလှုံ့ဆော်ခဲ့တဲ့အတွက် သူ့ဆီကို စာတစ်စောင် ရောက်လာပါတယ်။ ခြိမ်းခြောက်တဲ့စာပါ။ “မင်းလုပ်နေတာတွေ ရပ်တန်းက မရပ်သေးဘူး။ ငါတို့ဆီမှာ ခါးပတ်ကြိုးတွေ လျှော့ထားတဲ့၊ မင်းကို ဖောက်ခွဲပစ်ချင်တဲ့သူတွေ အများကြီး ရှိနေတယ်” တဲ့။

မိုဟမ်မက်ကလည်း နောက်တစ်လခွဲအကြာမှာ ဆန္ဒပြပွဲနောက်တစ်ခု စီစဉ်လိုက်ပါတယ်။ အမျိုးသမီးပေါင်း ၉ဝဝ ကျော် ပါဝင်အောင်လည်း စည်းရုံးနိုင်ခဲ့တယ်။
ဒီနေ့အချိန်မှာတော့ မိုဟမ်မက်ရဲ့ ပိုက်ဆံအိတ်ထဲမှာ သေနတ်တစ်လက်ဆောင်ထားတာ တွေ့ရမယ်။ ရန်သူဝိုင်းနေတဲ့အတွက် သက်တော်စောင့်တစ်ယောက်ခြံရံပြီး ခရီးသွားနေတာ တွေ့ရပါမယ်။ အခုရရှိတဲ့ ဆုငွေနဲ့ တတိယမြောက် အမျိုးသမီးဂေဟာတစ်ခု တည်ထောင်နိုင်ကောင်းပါရဲ့။

အလီနာ နီကိုလာနာ ရှီတိုဘာ
အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ၊ ရုရှနိုင်ငံ

ဆုရရှိတဲ့သူတစ်ဦးဖြစ်တဲ့ ရှီတိုဘာ က မိသားစု၊ ဆွေမျိုးအသိုင်းအဝိုင်းကြားမှာ အကြမ်းဖက် နှိပ်စက်ခံနေရတဲ့ အမျိုးသမီးတွေအရေးအတွက် ဆောင်ရွက်နေပါတယ်။ သူဦးဆောင်တဲ့အဖွဲ့ဟာ ၁ နှစ်ကို ဒီလိုအမျိုးသမီး ၁ဝဝဝ လောက်ကို အကူအညီ ပေးနေပါတယ်။ သူတို့ ရုရှနိုင်ငံမှာတော့ အိမ်တွင်းအကြမ်းဖက်မှုကြောင့် မိနစ် ၄ဝ ပြည့်တိုင်း အမျိုးသမီးတစ်ယောက် အသက်ဆုံးရှုံးနေတယ်လို့ ဆုပေးတဲ့ မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။ ၁ နှစ်ကို အမျိုးသမီးပေါင်း တစ်သောင်းလေးထောင်နီးပါး သေဆုံးနေ အသတ်ခံနေရတယ် ဆိုတဲ့သဘောပါ။

အခုပေးအပ်တဲ့ဆုကို နှိပ်စက်ညှဉ်းပန်းခံနေရသူတွေ၊ လူမှုအသိုင်းအဝိုင်းက အပယ်ခံထားရတွေရဲ့အရေး ဆောင်ရွက်နေတဲ့ အမျိုးသမီးတွေထဲကနေ စိစစ် ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။ ဂုဏ်ပြုဆုအတွက် ဒေါ်လာ ၅ သောင်း သတ်မှတ်ထားပြီး ဆုချီးမြှင့်ဖို့ ရွေးချယ်ခံရတဲ့ ဒီအမျိုးသမီး ၁ဝ ဦးကို အချိုးကျ ခွဲဝေပေးအပ်မှာပါ။ သူတို့ ၁ဝ ဦးရဲ့ လှုပ်ရှားမှုတွေ၊ ရင်ဆိုင်နေရတာတွေဟာ ကမ္ဘာပေါ်က လူအတော်များများအတွက် အသစ်အဆန်း ဖြစ်နေမယ်လို့ ယူဆရပါတယ်။ ။



Nov 12, 2008

literary talk in SF

မိုးမခဘလော့ဂ်အတွက် စီစဉ်ထားတဲ့ ဓာတ်ပုံသတင်း။ မစ္စတာမောင်ရစ်က လက်ဦးသွားတော့ ကိုယ့်ဘလော့ဂ်မှာပဲ တင်လိုက်ပါတယ်။း)

ဆန်ဖရန်စစ္စကို စာပေဟောပြောပွဲ၊ စာရေးဆရာ ၅ ဦး တက်ရောက်

ဓာတ်ပုံသတင်း
နိုဝင်ဘာ ၁၀၊ ၂၀၀၈
Align Center ၀င်းဖေ၊ မောင်စွမ်းရည်

မာမာအေး


ာဏ်ဦးမောင်၊ အောင်ဝေး

အမှတ်တရလက်မှတ်ရေးထိုးပေးနေသော မာမာအေး၊ စာရေးဆရာတို့၏လက်မှတ်များ ရယူနေသူအမျိုးသမီးနှစ်ဦး

စာပေဟောပြောပွဲတွင် တွေ့ရသော မြန်မာပြည်သားလူငယ်တို့၏ နံရံကပ်စာစောင် လက်စွမ်းပြချက်

Nov 6, 2008

cartoonist Oliver Gaspirtz

အရသာကလည်း ရယ်စရာကြီး။

ဒီကာတွန်းက သိပ်ကောင်းတာပဲ။ ကာတွန်းဆရာက အိုလီဗာဂက်စ်ပဇ်၊ Oliver Gaspirtz, November 1970 ဂျာမနီမှာမွေးတယ်ဆိုတော့ ကျနော့်ထက် လပိုင်းပဲ စောတာပဲ။ အလုပ်အကိုင် - ၀က်ဘ်ဆိုက်ဒီဇိုင်နာ။ အသက် ၂၃ နှစ်မှာ နယူးယောက်ကို ပြောင်းသွားတယ်။ အဲဒီက ဂျာမန်ဘာသာ သတင်းစာတစောင်မှာ art director။ အဲဒီနှစ်မှာပဲ သူ့ရဲ့ ပထမဆုံးစာအုပ် The Truth About Cinderalla ကို ထုတ်တယ်။

အမေရိကန်ပြည်ထောင်စု စာအုပ်ဂျာနယ်အသွယ်သွယ်က သူ့ကာတွန်းတွေ ယူသုံးကြတယ်။
နောက်ပိုင်း Germany, England, Turkey, Iran, and the United States တို့မှာလည်း ကာတွန်းစာအုပ်တွေ ထပ်ထုတ်တယ်။

အောက်ကို ဆင်းခဲ့စမ်း။ အိမ်နီးချင်းတွေ ၀ိုင်းကြည့်ကုန်ပြီ။



ဒီကာတွန်းကလည်း လူရွှင်တော်တွေကို နှိပ်ထားတာပဲ။ ကာတွန်းခေါင်းစဉ် က surprise! ဆိုပဲ။ အင်္ဂလိပ်တွေက အံ့သြစရာတခုခုလုပ်ပြပြီး surprise! လို့ အော်တတ်ကြ ပျော်တတ်ကြတယ်ဆိုတာကို သိထားရင် ဒီကာတွန်းက ပိုရယ်ရမယ်။


ပုံအောက်ကစာကို နားလည်မယ်၊ ပြီးတော့ တယ်လီဖုန်းတွေ ဂျီတော့ တွေ သုံးတယ်ဆိုရင်တော့ ဒီကာတွန်းကို သဘောကျမှာပါ။ “လူကြီးမင်း ဆက်သွယ်သည့် ၀ိဥာဉ်ကို ခေါ်ဆို၍ မရနိုင်ပါ။ ပြောစရာရှိတာ ပြောထားခဲ့နိုင်ပါတယ်” တဲ့။

အထင်ကရ ကမ္ဘာ့ကာတွန်းပြပွဲ ၂၀ ကျော်မှာ သူ့လက်ရာတွေ ပါဝင်ခဲ့တယ်လို့ ဆိုတယ်။ Bubble ဆိုတဲ့ ဂိမ်းကိုလည်း ထွင်ခဲ့ပါသတဲ့။

ဟိုးရှေးရှေးတုန်းက ၀က်ကလေး သုံးကောင်ရှိသတဲ့။ အဲဒါနဲ့ ငါ သူတို့ကို စားလိုက်တယ်။ ပုံပြင်ကတော့ ဒါပဲ။ ကဲ - - အိပ်တော့၊ အိပ်တော့။

ဒါပါပဲဗျာ။ ကာတွန်းဆရာ သူ့ခွေး၂ကောင်နဲ့ ပီကေအတူတူစားတဲ့ ၄မိနစ်ကျော် ဗီဒီယိုကို ကြည့်ပါဦး။ funny! :D

Nov 3, 2008

seagull

စင်ရော်အကြောင်း ရောက်တတ်ရာရာ ရေးရမယ် ဆိုရင် -
စင်ရော် (ဇင်ယော်) တွေကို သန်လျင် ကျောက်တန်းသွားတုန်းက စပြီး တွေ့ဖူးတယ်။ တော်တော်လှတဲ့ငှက်၊ နာမည်ကလည်း လှတယ်။ ၀ါရှင်တန်ဒီစီဘက် ရောက်နေသူ အသိမိတ်ဆွေတယောက်ကလည်း ဘလော့ဂ်တခုကို တည်ဆောက်ပြီး ယောနသံစင်ရော် လို့ အမည်ပေးထားတယ်။ သူ့အတွက်တော့ ဒီနာမည်ပေးဖို့အတွက် ခိုင်လုံတဲ့အကြောင်း အပြည့်ရှိလိမ့်မယ်။ ယောနသံစင်ရော်ဆိုတာ သူ့အဖိုးရဲ့ နာမည်ကျော် စာအုပ်။ ကျနော့်အဖို့တော့ ဒီစာအုပ်က လွန်ခဲ့တဲ့ အနှစ် ၂၀ ဆယ်တန်းဒုတိယနှစ်တက်နေတုန်းကရင်း သူငယ်ချင်းတွေက ညွှန်းဖူးတဲ့စာအုပ်လေး။ ခုချိန်ထိ မဖတ်ဖြစ်သေး။ တနေ့နေ့တော့ ဖတ်ဖြစ်မှာပါ။

(စင်ရော်တွေကို အနီးကပ် သီးသန့်ရိုက်ထားတဲ့ပုံတွေ အသိမ်းလွန်နေလို့ ရှာမတွေ့ဘူး။ ဒါနဲ့ စင်ရော်တွေနောက်ခံထားပြီးရိုက်ထားတဲ့ပုံကို တင်လိုက်တယ်။ ကျနော့် တူ နဲ့ တူမ။ အိုဟိုင်းယိုးပြည်နယ်က။)

ဒီမနက်ပဲ စင်ရော်နဲ့ ပတ်သက်ပြီး ညည်းလို့ကောင်းတဲ့သီချင်းဟောင်းတပုဒ်အကြောင်း မဂ္ဂဇင်းတစောင်မှာ ဖတ်လိုက်ရလို့ တွေ့သမျှ ကူးထည့်ပေးလိုက်ပါပြီ။ ကျနော့်အမျိုးသမီးကလည်း ဒီသီချင်း ကြိုက်တယ်။ ဒါပေမယ့် သူလည်း စာသား မရဘူး။ စင်ရော် ဆိုတဲ့ စာသားလေးပဲ ရရှာတယ်။ သူက ကျနော့်ဘလော့ဂ်ကို လာဖတ်ပုံမရလို့ သူ့ကို ဆွဲဆောင်တဲ့အနေနဲ့ သူရချင်တဲ့စာသားကို တင်လိုက်တဲ့သဘောလည်း ပါတယ်း)

ချိန်ခါဆည်းဆာ မြစ်ဧရာပေါ်
ပျံကာဝဲကာ ငှက်ရွှေစင်ရော်
သံစာစာ ဟစ်ခါကြွေးကြော် ချစ်ချစ်စရာလေးနော်
ကရီ ကရာ ကခါ မြူးခါ
သူ့ဘ၀ သူပဲပျော်
လှိုင်းလေးဖွေးဖွေး အေးတဲ့မြစ်ပေါ်
ထင်ရာလည်း စိုင်းသနော် ရိုင်းတဲ့စင်ရော်

စင်ရော်ကို "ရိုင်းတယ်လို့ ဆိုလိုက်တာဟာ ပရိယာမရှိ၊ ကွယ်ဝှက်ထားမှုမရှိ ပကတိ ရိုးစင်းတာကို ဆိုလိုတာဖြစ်"ကြောင်း ဒီလ နိုဝင်ဘာထုတ် ပန်းအင်္လကာမဂ္ဂဇင်းမှာ ဖတ်လိုက်ရပါတယ်။ မောင်ညီညွတ်ရေးတဲ့ လေထဲမှာ ၀ဲပျံနေတဲ့ ချစ်စရာစင်ရော်လေးများ ဆိုတဲ့ ဂီတခံစားမှုဆောင်းပါးထဲမှာ ဖြစ်ပါတယ်။

ကဗျာဆရာ ကွန့်လိုက်ပါတဲ့ ညွန့်စာမော်
စင်ရော် ငှက်လိမ္မာတဲ့ သူ့အာဘော်
တကယ်ဆိုတော့ ငှက်ကျေးစင်ရော်
အစာမြူဖို့ လှေကလေးသာမျှော်
မောင်မယ်တွေ ချစ်တဲ့အတွေးအခေါ် သိရှာပါဘူးနော်
ကရီ ကရာ ကခါ မြူးခါ
သူ့ဘ၀ သူပဲပျော်
လှိုင်းလေးဖွေးဖွေး အေးတဲ့မြစ်ပေါ်
ထင်ရာလည်း စိုင်းသနော် ရိုင်းတဲ့စင်ရော်

"ရိုင်းတဲ့စင်ရော်" ကို ရေးသူက ၁၉၅၀ ၀န်းကျင်မှာ ထင်ရှားခဲ့တဲ့ သီချင်းရေးဆရာ သောတမောင်၊ သီဆိုခဲ့သူက ခင်ယုမေ လို့ ဆိုပါတယ်။
သောတမောင်က ၂၈-၈-၁၉၅၅ မှာ ကွယ်လွန်ခဲ့ပါတယ် တဲ့။

သူ ကွယ်လွန်ပြီး နောက် ၁၅ ရက်အကြာမှာ ကွယ်လွန်သူ သီချင်းရေးဆရာတယောက်လည်း ရှိပါတယ်။ ဆရာမြို့မငြိမ်း ဖြစ်ပါတယ်။ မြို့မငြိမ်းကလည်း ငွေစင်ရော် ဆိုတဲ့ သီချင်းကို ရေးဖွဲ့ခဲ့ပါသေးတယ်။ ဘယ်သူတွေဆိုခဲ့မှန်း မသိပေမယ့် နောက်ဆုံး သီဆိုထားသူတယောက်ကတော့ ခင်မောင်တိုး ဖြစ်မှာပါ။ ခင်မောင်တိုးအကြိုက်ဆုံးမန္တလေးသီချင်းများ ဆိုတဲ့ စီးရီးမှာ ထည့်ထားပါတယ်။ စာသားတွေကတော့ -

အစားအစာ တောင်းသလား
သနားချစ်စရာ့ စင်ရော်ညီ
အပိုအလို မပြည့်တဲ့အောင် မောင့်ဖို့ဖြည့်မည်
ချစ်ဖော်နဲ့ပင် ကမ်းစပ်၌ တူယှဉ်မှီ
မောင်မယ် မုန့်ကလေးဖဲ့ကာဖဲ့ကာ ကျွေးလိုက်ချင်သည်

နောက်နေ့ ခင်မောင်တိုး သီချင်းစာအုပ်ရှာမယ်၊ တွေ့ရင် အဲဒီသီချင်း ကူးမယ် ဖြန့်မယ်။ အသံကတော့ အင်တာနက်မှာ ရှိမှာပါ။ အဆင်ပြေရင် တွဲတင်ပေးလိုက်မယ်။
ခင်မောင်တိုးအကြိုက်ဆုံးမန္တလေးသီချင်းများ တခွေလုံးကို ဗီဒီယိုကြည့်ချင်ရင်တော့ http://myanmarjukebox.blogspot.com/2008/10/khin-maung-toe.html ကို သွားပါ။