Feb 23, 2011

from Flower News Journal - Feb 22


ဝန်ကြီးချုပ်အိမ်မှာ တာဝန်ထမ်းဆောင်ရမယ့် တပ်သားသစ်


ဗြိတိန်ခေါင်းဆောင် ကြောင်တကောင် မွေးလိုက်ပြီလို့ ရိုးရိုးရှင်းရှင်း ရေးရင် လူမဖတ်မှာ စိုးလို့ ဟာသစွက်ပြီး ရေးလိုက်ပုံ ရပါတယ်။

ကြိုက်သဗျို့ ။


Feb 16, 2011

Tay Za sanction on the west

ဦးတေဇ ပိတ်ဆို့ သဖြင့် အနောက်နိုင်ငံသားတို့ စီးပွား ပျက်ပြီ

:)



စားဝတ်နေရေး တွင်းဆုံးကျသဖြင့် အနောက်နိုင်ငံမှ အမျိုးသမီးတဦး
အတွင်းခံအင်္ကျီများ၊ အနွေးထည်များ ရောင်းလိုက်ရသည်ကို
အထက်ပါပုံတွင် တွေ့ရသည်။ အရိုးကွဲလုမတတ် အေးခဲသည့်ရာသီတွင် အနွေးထည်များပင် ထုတ်ရောင်းနေရသည်အထိ စီးပွားရေးပျက်သွားသဖြင့် တကမ္ဘာလုံးက အံ့သြနေကြလေသည်။ (ဓာတ်ပုံ-အင်တာနက်)

အမေရိက၊ ဥရောပ တို့သည် မြန်မာလုပ်ငန်းရှင်ကြီး ဦးတေဇ၏ ပိတ်ဆို့ မှုဒဏ်ကို ခံရသဖြင့် ပျက်စီးခြင်း ၉၆ ပါးနှင့် ကြုံနေရသည်။

ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေ ၂ ရက်လုံး အနောက်နိုင်ငံအားလုံးရှိ အစိုးရရုံးများကို ပိတ်ထားလိုက်ရသည်။

ဆင်းရဲသားများ၊ လူလတ်တန်းစားများ အတိ ဒုက္ခရောက်သဖြင့် စိတ်သဘောထားများလည်း ပြောင်းလဲသွားကြသည်။ အထူးသဖြင့် တဦးနှင့်တဦး မုန်းတီးမှုက ဤ စီးပွားပျက် ကာလတွင် သိသိသာသာ ပေါ်ပေါက်လာသည်။

ဦးတေဇ၏ ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာသော အမုန်းတရားများ လျော့ပါးရေးအတွက် အစိုးရချင်း ကွန်ရက်ဖွဲ့ပြီး ဖြေရှင်းခဲ့ရသည်ဟု ဖင်လန်နိုင်ငံမှ ပညာရှင်တဦးက ပြောသည်။

"နောက်ဆက်တွဲ ပြဿနာတွေ ငါတို့ဆီမှာ အများကြီး ဖြစ်လာတယ်။ အထူးသဖြင့် တယောက်နဲ့တယောက် မုန်းတီးမှုကြောင့် အစိုးရတွေ ပြုတ်ကျမှာကိုတောင် စိုးရိမ်ရတယ်။ ဒါကြောင့် ဒီအမုန်းတရားတွေ ပျောက်အောင် ချစ်သူများနေ့ ဆိုပြီး ဟိုနေ့က ကျင်းပလိုက်ရတယ်" ဟု ဖင်လန်နိုင်ငံ ရှက်စရာကြီး တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာပေါ်တင်က ရှင်းပြသည်။


ချစ်သူများနေ့ကို ဦးတေဇ၏ ပိတ်ဆို့မှုဒဏ် ခံရသည့် နိုင်ငံများအပြင် တခြားနိုင်ငံများကလည်း ပူးတွဲ ကျင်းပကြသည်။ အထူးသဖြင့် လူငယ်များက ပိုမို တက်ကြွစွာ ကျင်းပကြောင်း တွေ့ရသည်။


ထိုသို့ ကျင်းပသည့်နေ့တွင် ကွန်ဒွန်များ တဟုန်ထိုး အရောင်းတက်သွားသည်။ ထိုဖြစ်ရပ် ၂ ခု မည်သို့ ဆက်စပ်နေသည်ကို ယခု သတင်းရေးချိန်အထိ မသိရသေးပေ။

ဟိုတယ်များတွင်လည်း အချိန်ပိုင်း တည်းခိုသူများဖြင့် ပြည့်သွားသည်ဟု ဆိုသည်။

နိုင်ငံတချို့တွင် ချစ်သူများနေ့ကို ကျင်းပခြင်း မပြုရန် တားဆီးမှုများရှိခဲ့သည်။ ထိုသို့သော တားဆီးမှုများ ဖြစ်ပေါ်စေရန် ဦးတေဇက ဖိအားပေးခဲ့ခြင်း ဖြစ်ဖွယ်ရှိကြောင်း မြန်မာ့အရေး လေ့လာသူတို့က သုံးသပ်ကြသည်။



Feb 14, 2011

blog flu??


ဒီလောကမှာ ဘလော့တုပ်ကွေးပိုး H2N2 ဆိုတာတွေ ရှိနေ ဆိုပဲ။
အန်တီပန် ညွှန်းတဲ့ အထူးကု ၀က်ဆိုက်ကိုသွားပြီး
ဒီဘလော့မှာ ပိုး ရှိမရှိ စစ်လိုက်တော့
အိုကေတယ် တဲ့
အဖြေပေးတယ်။

အသေးစိတ် စစ်စေချင်ရင်
ပိုက်ဆံပေးရမယ်လို့ 
အဲဒီ ၀က်ဆိုက်က ဆိုတယ်။

နိုး-
ဟင့်အင်း-
လုံး-----------------------------------၀ မပေးဘူး။

ဂူဂဲလ်မြို့တော်အိမ်ရာမှာ မြေကွက်တခု အလကားရလို့
ငါ့ဘလော့ကို ခပ်တည်တည် ဆောက်ထားတာ ကြာလှပေါ့။

ဘလော့ ကျန်းမာ ပကတိ
ဘလော့ ချမ်းသာစွာ ရှိပါ၏။

ဆေး အရောင်းသွက်ဖို့ ရောဂါပိုးဖြန့်သလို
ပရိုဂရမ်တွေ အစွံထုတ်ချင်သူတွေက
ဘလော့တုပ်ကွေးပိုး H2N2 ဖြန့်နေတာများလား။


Feb 11, 2011

do u know what they want to eat?

ဧရာဝတီ ၀ိုင်းတော်သားတချို့ကို ဗျူးပြီး ဧရာဝတီ ဘလော့မှာ တင်ခဲ့တာ တပတ်ပြည့်သွားပြီ။
ဒီဘလော့က အသစ် မရှိတော့ ရောက်လာတတ်သူတချို့ ကို အားနာတဲ့ အနေနဲ့  ကော်ပီယူပြီး တင်လိုက်ပါတယ်။ ဖတ်ပြီးသား ဆိုရင်တော့ ဆောဒီးပါဘဲ။

မနက်ဖန် သူတို့ပြောတဲ့ အကြိုက်ဆုံး အဆိုတော်၊ သီချင်း တွေအကြောင်း တင်နိုင်မယ်လို့ ထင်တယ်။ သူတို့ ဖေးဘရိတ် အဆိုတော်ပုံတွေတော့ မရှာရသေးဘူး။ ပုံရှာတာက လွယ်ပါတယ်။ တနာရီအတွင်း ပြီးလိမ့်မယ်။

မိတ်ဆွေ ဘလော်ဂါများကိုလည်း မေးခွန်းတွေ ထုတ်ပြီး ဒီလို စုစည်းဖော်ပြဖို့ စိတ်ကူးမိပါရဲ့။ ဘာမေးရမလဲ စဉ်းစားထားတာတွေတော့ ရှိတယ်။ သူတို့ကရော ဖြေချင်ပါအုံးမှ။
ခုခေတ်က အချိန် ဆင်းရဲကြတော့ သူတို့အချိန်ကို လေးငါးမိနစ် ဖဲ့ယူရမှာ အားတော့ နာတယ်။
အားနာနေရင်လည်း ဘလော့နိုင်မယ် မဟုတ်။ ဒီတော့ မကြာခင် မေးခွန်းတွေ လာမည် ပေါ့ဗျာ။ ခုတော့ အိပ်လိုက်အုံးမယ်။ ဒီနေ့တော့ စောစောအိပ်တဲ့နေ့ပဲ။ စောစော ဆိုပေမယ့် မနက် ၁း၃၅ တော့ ရှိပြီ။


မြီးရှည် (photo by Mr. Z)
တိုဟူးနွေး၊ မြေအိုးမြီးရှည်၊ မုန့်လုံးရေပေါ်
ဇာနည်မာန်၊ သတင်းထောက်



ရန်ပိုင်၊ ခက်ထန်တို့ အကြိုက် (ဓာတ်ပုံ - ဒီကိုလာ)
အုန်းနို့ခေါက်ဆွဲ
ရန်ပိုင်၊ သတင်းထောက်
ခက်ထန်၊ စာတည်း



အများကြိုက် စားစရာ (photo by Ma BayDar)

လက်ဖက်သုပ်
ပီတာအောင်၊ ၀က်မာစတာ
ကျော်စွာမိုး၊ တာဝန်ခံအယ်ဒီတာ
ဘကောင်း၊ သတင်းထောက်
အေးချမ်းမြေ့၊ စာတည်း
“လက်ဖက်ကတော့ သုပ်ထားရင်၊ နှပ်ထားရင် ကြိုက်တယ်။ ဒီတိုင်းတော့ မကြိုက်ပါဘူးဗျာ”
အေးချမ်းမြေ့၊ စာတည်း


မုန့်ဟင်းခါး (photo by Mont Hin Gar/FaceBook)
မုန့်ဟင်းခါး
“ကမ္ဘာမှာ အရသာ အရှိဆုံး နဲ့ အာဟာရ အင်မတန်ဖြစ်တဲ့ အစားအစာက မုန့်ဟင်းခါး လို့ ထင်ပါတယ်”
ရဲနည်၊ သတင်းအယ်ဒီတာ

လူရွှင်တော်နာမည်နဲ့ တူတဲ့ စားစရာ (photo by a blog)

ငှက်ပျောကြော်
သားကြီး ၂၊ ရုံးအဖွဲ့ဝင်

(photo by servitokss.com)
မြန်မာ အစားအစာက မစားရတာ ကြာပြီဆိုတော့ မေ့သွားပြီ။
ကိုထွေး၊ သတင်းထောက်



မိုင်အဲမလီ အကြိုက် (photo by Burmese Food in Picasa)

တို့စရာ နဲ့ ငါးပိရည်
မြန်မာအစားအစာထဲမှာတော့ ဟင်းသီးဟင်းရွက် ဆိုရင် ဘာဖြစ်ဖြစ် အကုန်ပြုတ်လိုက်မှ ကြိုက်တယ်။ ကြော်တာ၊ ချက်တာ၊ ဟင်းချိုဟင်း၊ ဟင်းရေသောက် ဆိုလို့ကတော့ မစားဘူး..။ ငပိချက်တော့ ကြိုက်တယ်။ ရှူးရှဲ..ရှူးရှဲလေး..
မိုင်အဲမလီ၊ သတင်းထောက်



ကောက်ညှင်းပေါင်း နဲ့ အကြော် (photos by TT Sweet and Talkii)


ကောက်ညှင်းပေါင်း နဲ့ အကြော်
“အကြိုက်ဆုံး မြန်မာ အစားအစာကတော့ ဆီဆမ်းထားတဲ့ ကောက်ညှင်းပေါင်း၊ ပဲပြုတ် နဲ့ အကြော်။ ကျနော်က ရှမ်း ဆိုတော့ ရှမ်း မုန်ညှင်းပေါင်းလည်း ကြိုက်တယ်”
စိုင်းဇွမ်ဆိုင်း၊ သတင်းထောက်

Feb 1, 2011

လွှတ်တော်မှာ ဂြိုလ်သားတိုက်ဖျက်ရေးကော်မတီ ဖွဲ့မယ် တဲ့


ရယ်ဖို့ ပြုံးဖို့

ယမန်နေ့က အစပြုပြီး အင်တာနက်တွင် ၀ုန်းခနဲ ပေါ်လာသော NLD  ၀က်ဆိုက်ကို မိမိတို့ ပြုလုပ်ခြင်း လုံးဝ၊ တကယ်လုံးဝ မဟုတ်ကြောင်း NLD က သတင်းဌာနများကို ပြောသည်။

ထို့ကြောင့် NLD ကို ၂၄/၇ စောင့်ကြည့်နေသူ ရန်ကုန်မှ ထောက်လှမ်းရေးတို့ က “ထိုဝက်ဆိုက် မည်သူလုပ်ထားကြောင်း” စုံစမ်းပြီး မိခင်ဌာနများသို့  အစီရင်ခံကြရလေသည်။

NLD ၏ ပူပူနွေးနွေး ၀က်ဆိုက်ကို ဂြိုလ်သားများ ဖန်တီးပေးခြင်း ဖြစ်သည် ဟူ၏။

NLD ရုံးတွင် ၀င်ထွက်နေသည့် ထောက်လှမ်းရေးသတင်းပေးတဦး၏ ပြောပြချက်အရ ထိုသို့  အစီရင်ခံကြခြင်း ဖြစ်သည်။

ထိုသတင်းပေးသူက ကွန်ပျူတာ အင်တာနက် အသုံးပြုသူ မဟုတ်ပေ။ သို့သော်လည်း အရေးကြီး ပစ္စည်းတခု သို့မဟုတ် တန်ခိုးကြီးသော အရာတခု ဖြစ်မည်ဟုတော့ ရေးတေးတေး သဘောပေါက်သည်။ သူက NLD ခေါင်းဆောင် တချို့ထံ ချည်းကပ်ပြီး “ကျနော်တို့ NLD က အင်တာနက်ထဲ ရောက်နေပြီလို့ သိရတယ်။ အင်တာနက် ဆိုတာကို ဘယ်သူလုပ်ပေးတာလဲ” ဟု လိုက်လံ မေးမြန်းသည်။

“အင်တာနက်ကို ဂြိုလ်သားတွေ လုပ်တာပေါ့” ဟု အားလုံးက ရယ်ရယ်မောမော ဖြေဆိုကြသည်။

သတင်းပေးသူက တပ်ကြပ်အဆင့်ရှိ ထောက်လှမ်းရေးတဦးထံ ထိုသတင်း ရောင်းစားလိုက်သည်။
ထိုထောက်လှမ်းရေးက NLD ရုံးရှေ့ ရှိ လက်ဘက်ရည်ဆိုင်တွင် အစီရင်ခံစာ ရေးသားပြီး အထက်သို့ တင်ပြလိုက်သည်။

သို့
ဌာနမှူး

NLD ၀က်ဆိုက်ကို ဂြိုလ်သားများ လုပ်ပေးခြင်းဖြစ်သည်ဟု မိမိ၏ သတင်းပေးက ပြောသည်။ သူက သတင်းမှန် ရရှိရန် NLD ထိပ်တန်းခေါင်းဆောင် ၄ ဦး၊ အလယ်အလတ် ခေါင်းဆောင် ၅ ဦး၊ ရုံးအဖွဲ့ ဝင် ၂ ဦးကို မေးမြန်းခဲ့သည်။ သတင်းခိုင်လုံမှုအဆင့် အနီရောင် ရှိသည်။
လေးစားစွာဖြင့်
တပ်ကြပ် လေပေါ
၁၅း၃၀

ထိုရေးသားချက်ကို လက်ဘက်ရည်ဆိုင်တွင် ကျောက်ချနေကြသော တခြားသော ထောက်လှမ်းရေးများက တောင်းယူ ဖတ်ရှုပြီး သက်ဆိုင်ရာ ဌာနအသီးသီးသို့ အစီရင်ခံစာ ဆင်တူရောင်ကွဲ ရေးသား တင်ပြကြသည်။

“၁၉၈၈ ခုနှစ် NLD စတင် ဖွဲ့ စည်းစဉ်ကပင် ၀က်ဆိုက် ပြုလုပ်ရေးကို စီစဉ်ခဲ့ကြောင်း၊ သို့ သော်လည်း မိမိတို့  တပ်မတော်အစိုးရက အဆက်မပြတ် နှိပ်ကွပ်ထားသဖြင့် ထိုအစီအစဉ်ကို အကောင်အထည် မဖော်ခဲ့ရဟု သိရသည်။ ယခုအခါ ဂြိုလ်သားများ၏ အကူအညီဖြင့် ၀က်ဆိုက် ပေါ်ပေါက်လာသည်” ဟု ရေးသား အစီရင်ခံသူလည်း ရှိသည်။

တခြားသော ထောက်လှမ်းရေးများကလည်း ဂြိုလ်သားများကူညီသည် ဟူသော အချက်အပေါ် မူတည်ပြီး ကိုယ့်နည်းကိုယ့်ဟန် ကြံဖန်ရေးသားကြသည်။

NLD ရုံးရှေ့ လက်ဘက်ရည်ဆိုင်မှ တက်လာသမျှ အစီရင်ခံစာအားလုံး နေပြည်တော်သို့ ရောက်ရှိသွားသည်။

ချိုကုပ်ဒူးကြီးက ထိုသတင်းများကို ဖတ်ပြီး ယနေ့ အစပြုသည့် လွှတ်တော်သို့ ညွှန်ကြားချက်တခု ပို့လိုက်သည်။

“လွှတ်တော်မှာ ဂြိုလ်သားတိုက်ဖျက်ရေးကော်မတီ ဖွဲ့ပါ” ဟု ထိုညွှန်ကြားချက်တွင် ရေးထားသည်။

NLD နှင့် ဂြိုလ်သားများ ချိတ်ဆက်မိသည်ဟူသော သတင်းက ရန်ကုန်မြို့ အမေရိကန်သံရုံးသို့လည်း ရောက်သွားသည်။

ယနေ့ နေ့ခင်း သံရုံးက ၀ါရှင်တန်သို့ ပေးပို့သော ကြေးနန်းစာတွင် အောက်ပါအတိုင်း ရေးထားလေသည်။

"INFO RHEHNSC/NSC WASHDC IMMEDIATE
SECRET RGN 000000034 Pyee Dog 56

အတိုက်အခံ ပါတီ NLD က ၀က်ဆိုက်တခု လုပ်လိုက်ရာ ယနေ့ စတင်သည့် လွှတ်တော်သို့ပင် ဂယက် ရိုက်သည်။ ဗိုလ်ချုပ်ကြီးတို့က ထိုဝက်ဆိုက်ကို အကြောင်းပြုပြီး လွှတ်တော်တွင် ကော်မတီတရပ် ဖွဲ့မည်ဟု ဆိုသည်။

မိမိတို့၏ အဆက်အသွယ်များ၏ အဆိုအရ ၀က်ဆိုက်ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြုလုပ်သည်။ သူ၏ နေအိမ်တွင် အင်တာနက် ရသည့်နေ့ မှ စပြီး လုပ်ကိုင်သည်။ နေ့စဉ်ရက်ဆက် လုပ်ကိုင်ရာ အိမ်အပြင်သို့ မထွက်နိုင်သဖြင့် ကျန်းမာရေးမကောင်းဟု သတင်းလွှင့်ထားသည်ဟု ဆိုသည်။ နေ့စဉ် ၀က်ဆိုက်ဖြစ်မြောက်ရေး လုပ်ကိုင်သော်လည်း ဗိုလ်ချုပ်ကြီးတို့၏ ကောင်းမှု အင်တာနက်က မြန်နှုန်း နိမ့်သဖြင့် အောင်မြင်ခြင်း မရှိဟု သတင်း အတိအကျ ရသည်။

မအောင်မြင်ဟု ဆိုသော်လည်း ယခုအခါ NLD ၀က်ဆိုက် ပေါ်ပေါက်လာသည်။ ဂြိုလ်သားများ၏ အကူအညီရသည်ဟုပင် ပြောဆိုနေကြသည်"

the end

Jan 26, 2011

စတိုင်ဟောင်း

4th Year B.E.(Civil) Pritical Survey Camp

Sayar U Win Maung, Htate Tin Soe, Ma Myo Thaung & Myint Myint Than
Pyin Oo Lwin, Myanmar, 1969 တဲ့။


http://www.flickr.com/photos/32463193@N05/ က ယူပါတယ်။
ပုံ သက်တမ်း ၄၁ နှစ် ရှိပြီ။
အဲဒီခေတ်က ၀တ်စားဆင်ယင်ပုံ ကြည့်လို့ ကောင်းတယ်။ 


ခေတ်ကတော့ ပြောင်းသွားပြီ။ အ၀တ်အစားက အစ အမူအယာ အဆုံး။
ခုခေတ် ဓာတ်ပုံ စုပြီး ရိုက်ရင် ပြုံးလာကြပြီ။ ဘရုတ်ကျသူတွေဆို မျက်နှာပုံစံအမျိုးမျိုး လုပ်တတ်ကြတယ်။

ဘာရယ်လို့ မဟုတ်ပါဘူး၊ ပို့စ်အသစ် မတင်တာ ကြာလို့ တွေ့တာ ကောက်တင်လိုက်တာပါ။ ကိုယ်နဲ့သိသူလည်း မပါပါဘူး။     ။



Jan 17, 2011

spicy dishes

ရန်ကုန်က ထွက်လာတုန်းက ဒီဆိုင် မရှိသေးဘူး။ ရှိလည်း စားဖြစ်မယ် မထင်။ အဲဒီတုန်းက အစပ် ကြောက်တယ်။
ခုတော့ လာထား။
ကျ နော် အစပ် စား နိုင် ပါ ဘီ --- 
း)
AAPP ရုံးမှာ နေတုန်းက စားနိုင်သွားတာ။ ချက်သမျှ ငရုပ်သီးအရသာ များသမို့ တဖြည်းဖြည်း ခံနိုင်ရည် ရသွားတယ်။
ကဲ - The Voice ဂျာနယ် ဈေးဝယ်လမ်းညွှန် စာမျက်နှာမှာ အဲဒီလို ခေါင်းစဉ်တပ်ထားပုံအရ ဆိုရင် ဒီဆိုင်နာမည်က ရိုးရာ တဲ့။ ပုံတွေ တခြားသတင်းတွေကို ဖြတ်ပြီး ဆိုင်း အကြောင်းချည်း ရွေးထုတ်ထားပါတယ်။ ဒါကြောင့် ကွက်လပ်တွေ ဖြစ်နေတာ။


ဖတ်ပြီး လမ်းကြုံရင် သွားကြ စားကြပါခင်ဗျ။ အစပ် စားနိုင်ရင် ပြောပါတယ်။
ကျနော့်အတွက်လည်း ပိုစားခဲ့ကြပါ။
အစားအစာပုံတွေ မပါတော့ ဒီပို့စ်က သိပ်ပြီး အရသာ ရှိမယ် မဟုတ်။

Jan 14, 2011

ကဒေါင်း

မြန်မာ အိုလံပစ် ကော်မတီရဲ့  လိုဂို ဆိုပဲ။
http://www.ocasia.org/NOCs/NocsContact.aspx?NContact=29 မှာ တင်ထားတယ်။

ရာသက်ပန်အစိုးရက ဒေါင်းရုပ်ကို သုံးတာ ဒီတနေရာပဲ ရှိမယ် ထင်တယ်။

ဒီဆရာတွေက အားကစားကို ဟန်ပြပဲ လုပ်နေတာကြောင့် ဒီလိုဂိုကို မမြင်မိတာများလား။ 


ခြင်ဒေ့ကို ဘဇာကြောင့် မသုံးရတာလဲ။


နားမလည်။

Jan 8, 2011

ကင်မရာနဲ့ ဆိုရင် ခံရပြီသာမှတ်

တယ်လီဖုန်းမှာ ကင်မရာ ပါတတ်တယ် ဆိုတာလည်း သိထားဖို့ လိုတယ်။

မြန်မာပြည်မှာ အပျော်တမ်း ရိုက်ကြတဲ့ အပြာကားတွေ အင်တာနက်မှာ တနေ့တခြား များလာတယ်။
အင်တာနက်မသုံးသူများအတွက်လည်း VCD/DVD အငှားဆိုင်တွေကနေ ငှားကြည့်နိုင်တဲ့ အခြေအနေအထိ ရောက်လာပြီ ဆိုတာ တနေ့က ဖတ်ရတဲ့ Freedom News Group ဆောင်းပါး တပုဒ်မှာ ရေးထားတယ်။

အပြာကားမှာ သရုပ်ဆောင်ဖို့ သဘောတူပြီး ရိုက်ကူး ဖြန့်ချိကြတာ ဆိုရင် ဒီစာ ရေးစရာ မလိုဘူး။ အခုက အဲဒီလို မဟုတ်။

အပျော်တမ်းကင်မရာ၊ တယ်လီဖုန်းမှာ ပါတဲ့ ကင်မရာတွေနဲ့ ရိုက်ထားကြတယ်။ ကင်မရာကိုင်သူတွေက အမျိုးသားတွေ။

ဒီလူတွေက သူတို့ရဲ့ ရည်းစား၊ အိပ်ဖော်တွေနဲ့ ကုတင်ပေါ်က အဖြစ်အပျက်တွေကို ကင်မရာနဲ့ မှတ်တမ်းတင်ထားတာ။ ပြည့်တန်ဆာ လို့ ယူဆရတဲ့ အမျိုးသမီးတချို့လည်း ပါတယ်။


အပျော်တမ်းရိုက်တာ ဆိုတော့ ဗီဒီယိုကလစ်တွေက တမိနစ်စာတွေ ရှိသလို ၅ မိနစ်မက ရိုက်ထားတာတွေလည်း ရှိတယ်။

အထင်ကရ (၁)
ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက ၀တ်လစ်စလစ် မြန်မာအမျိုးသမီးတယောက် lotion လိမ်းတဲ့ ဗီဒီယိုကလစ် ပေါ်လာတယ်။ ထင်ရှားတဲ့ မင်းသမီးလို့ အများက ယူဆကြတယ်။ သူ့ရဲ့ လှုပ်ရှားမှုကို တယ်လီဖုန်း ကင်မရာနဲ့ရိုက်ထားတာဖြစ်နိုင်တယ်။ အမျိုးသားတယောက် တယ်လီဖုန်းပြောသံ ကြားရလို့ပါ။ ငါတို့ ဘယ်ဟိုတယ်မှာ ရောက်နေတယ်၊ ပြီးရင် ဘာလုပ်မယ် ဆိုတာကို ပြောနေရင်းနဲ့ ဟိုအမျိုးသမီးလှုပ်ရှားမှုတွေကို ရိုက်ထားတာ။ ဟိုအမျိုးသမီးကတော့ lotion လိမ်းလိုက်၊ ဖုန်းပြောနေတဲ့ သူ့ကို လှမ်းကြည့်လိုက်ပေါ့။ သူ့ကို ဗီဒီယိုရိုက်နေတာ သိဟန် မတူ။

ခုတော့ အဲဒီ lotion လိမ်းတဲ့ ဗီဒီယိုကလစ်ကို အီးမေးလ်နဲ့ အဆင့်ဆင့် ဖြန့်လိုက်ကြပါပြီ။ ကာယကံရှင် အမျိုးသမီး အကြီးအကျယ် စိတ်ဒုက္ခ ရောက်စေတဲ့ ဖြန့်ချိမှုပေါ့။

အထင်ကရ (၂)

အခု အသစ်ပေါ်လာတဲ့ ဗီဒီယိုကလစ်တခုမှာတော့ အဆိုတော်ပေါက်စအမျိုးသမီး နဲ့ သူ့အိပ်ဖော်တို့ရဲ့ ခြင်ထောင်ခန်းတွေပါ။ အင်း - အဆင်ပြေအောင်သာ ရေးလိုက်ရတာ၊ တကယ်တော့ ခြင်ထောင် ထောင်မထားဘူး။

သူတို့ သီချင်းအကြောင်း ပြောဆိုတာတွေလည်း ပါတယ်။ အမျိုးသမီးက အောင်မြင်တဲ့အဆိုတော် ဖြစ်ချင်သူ၊ အမျိုးသားက သူ့ကို ကူညီမယ့် ဘော့စ် လို့ ယူဆနိုင်ပုံကို သူတို့ ပြောဆိုမှုက ဖော်ပြနေတယ်။

ဂီတ၊ ရုပ်ရှင်၊ မော်ဒယ် လောကသား တချို့ရဲ့ အောင်မြင်ထင်ရှားမှုဆိုတာ ဘော့စ်ရဲ့ ကုတင်ပေါ်က ဖြတ်သွားရတယ် ဆိုတဲ့ စကားတွေက အခုတော့ ဗီဒီယိုကလစ်တွေအဖြစ် အင်တာနက်မှာ ရောက်နေပါပြီ။

နာမည်မကြီးသူများ
ဗီဒီယိုကလစ် အများစုကတော့ ပြည့်တန်ဆာ လို့ ယူဆရတဲ့ အမျိုးသမီးတွေနဲ့ ဆက်ဆံတာတွေပါပဲ။ ကိုယ့်ရည်းစား၊ ကိုယ့်အိပ်ဖော်နဲ့ ဆက်ဆံတာကို ကိုယ်တိုင် မှတ်တမ်းတင်ထားတာ ရှိသလို တပါးသူက ခိုးဝှက် ရိုက်ကူးထားတာတွေလည်း ရှိတယ်။

ကင်မရာ ဆိုတာ ရှားပါးပစ္စည်း မဟုတ်တော့ဘူး။ ပန်းခြံမှာ အတွဲချောင်းတတ်သူတွေလက်ထဲ ဒီ ကင်မရာ ဆိုတဲ့ဟာ ရောက်သွားဖို့ ခက်ခဲတဲ့ခေတ် မဟုတ်တော့ဘူး။ ရလဒ်ကတော့ သူတို့ ချောင်းမြောင်း ရိုက်ကူးထားတာတွေက အင်တာနက်မှာ ရောက်လာတာပဲပေါ့။ ဟုတ်ပါတယ်၊ စုံတွဲတချို့ ပုဆိုးမနိုင် လုံခြည်မနိုင် ဖြစ်ပျက်နေတာတွေကို ရိုက်ထားတာပါ။

နိုင်ငံတကာရောက် မြန်မာပြည်သားတွေဟာ မြန်မာစုံတွဲတွေရဲ့ တော်သလင်းဇာတ်ကို ရန်ကုန်က ပန်းခြံထဲ သွားချောင်းမနေဘဲ အင်တာနက်ကျေးဇူးနဲ့ အလွယ်တကူ ရှုစားနေကြပါပြီ။ ကြည့်ပြီးရင်လည်း သြော် - ဒါကြောင့် ဟိုခေတ်က အတွဲချောင်းသူတွေက ရိက္ခာအပြည့်အစုံ၊ မှန်ဘီလူး ဆိုတာတွေ ယူသွားကြတယ်လို့ ကြားဖူးတယ်၊ ခုခေတ်တော့ ကင်မရာပါ ယူနေကြပြီ လို့ ဆင်ခြင်နိုင်ပါတယ်။

တည်းခိုခန်း၊ ဟိုတယ်တို့မှာ အခန်းငှားဖို့ အခြေအနေ မပေးနိုင်သူ စုံတွဲများအဖို့တော့ အင်တာနက်ခေတ်ဟာ ကံဆိုးမိုးမှောင်ကျတဲ့ခေတ်ပေါ့။

ဖြန့်ချိရေး
နိုင်ငံတကာမှာလည်း ဒီလိုဖြစ်ရပ်မျိုး ရာထောင်ချီ ရှိနေတာတော့ ကြာပါပြီ။ တချို့တော့ နာမည်ကြီးချင်လို့ ဈေးကွက်ဝင်အောင် ကိုယ်တိုင်ကိုယ်ကျ ပေါက်ကြားအောင် လုပ်ကြတယ်လို့ ဆိုတယ်။

ဝယ်လိုအား ကောင်းတဲ့ ဒီလိုမျိုး မြန်မာဖြစ် အပြာ ဗီဒီယိုကလစ်ကို ဘယ်သူတွေ ဖြန့်သလဲ?
ရိုက်ကူး မှတ်တမ်းတင်တဲ့ မောင်မင်းကြီးသားတို့က အဓိက ဖြန့်သူတွေ ဖြစ်မှာပေါ့လို့ အများက ယူဆကြတယ်။ ပြည်တွင်းဖြစ်ကို အားပေးချင်သူတွေ၊ ရှုစားချင်သူတွေက အင်တာနက်မှာ အားကောင်းကောင်းနဲ့ ရှိနေပါတယ်။ ဒီလို ဗီဒီယိုကလစ် တခု ဖြစ်ဖို့ အချိန် ဘယ်လောက် ကြာမလဲတော့ မသိဘူး၊ အင်တာနက်ပေါ် တင်ဖို့ကတော့ မိနစ်ပိုင်းပဲ ကြာမယ်။ ထပ်ဆင့် ကူးယူ ဖြန့်ချိသူ၊ လက်တို့သူ၊ အီးမေးလ်နဲ့ လက်ဆင့်ကမ်းသူများရဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်ချက်ကြောင့် မမြင်ကွယ်ရာက ဖြစ်ရပ်တွေလည်း ကမ္ဘာအရပ်ရပ်ကို ရောက်ကရော။

အပြာကား၊ အပြာဓာတ်ပုံ သီးသန့် တင်တဲ့ မြန်မာဘလော့ဂ်တွေလည်း အင်နဲ့အားနဲ့ပဲ။ အခပေး မြန်မာ ၀က်ဆိုက်တောင် ရှိသေး။

ပြန်ဖျက်မှာပါ ဆိုပဲ
ကင်မရာထဲ အကြာကြီး မထားဘူး၊ ကိုယ့်အပြာကား ကိုယ်ပြန်ကြည့်ချင်တယ်၊ ကြည့်ပြီးရင် ဖျက်ပစ်မှာပါ ဆိုသူတွေလည်း မနည်းလှပါ။ သူ့ ကတိအတိုင်း အင်တာနက်ပေါ် ရောက်ပြီးမှ ဖျက်ပစ်တာလည်း ဖြစ်နိုင်တယ်။

ဒါမှ မဟုတ် အဲဒီ ကင်မရာ၊ ကင်မရာပါတဲ့ တယ်လီဖုန်းကို တယောက်ယောက်က ရသွားတာ ဖြစ်နိုင်တယ်။ ကင်မရာ ပျက်လို့ ပြင်တဲ့အခါ ဆိုင်က ကူးယူထားလိုက်တာလည်း ဖြစ်နိုင်တယ်။

ဘယ်သူ့လက်ချက်လဲ အတိအကျ မသိ၊ ဖြစ်နိုင်တာတွေကတော့ အများကြီးပါ။

ကွန်ပျူတာထဲ၊ ကင်မရာထဲက ဗီဒီယိုဖိုင်တွေကို ဖျက်လိုက်ပြီ ဆိုပြီး စိတ်ချလက်ချ နေလို့မရပါ။ အီလက်ထရွန်နစ် သုတ နည်းနည်းရှိရင် ရှာဖွေလေ တွေ့ရှိလေ လုပ်လို့ ရပါသေးတယ်။

ကင်မရာကိုင်နေပြီ ဆိုရင်
ဒီတော့ အတူတူ အိပ်ကြ ရင်းနှီးကြချိန်မှာ ကိုယ့် အိမ်ထောင်ဘက်၊ ကိုယ့်ရည်းစား၊ ကိုယ့်အိပ်ဖော်၊ ကိုယ့် ဖောက်သည်၊ ကိုယ့် ဘော့စ် ဘယ်သူပဲ ဖြစ်စေ ကင်မရာကိုင်ပြီ ဒါမှ မဟုတ် ကင်မရာဖုန်း ကိုင်ပြီ ဆိုရင်တော့ ထင်ပေါ် ကျော်ကြား လူကြည့်များခံရမယ့် ဘ၀ကို ရောက်ဖို့ ပထမခြေလှမ်းလို့သာ မှတ်ပေတော့။ ။

Jan 5, 2011

this post is present for Min Naing Thu's wedding


သတင်းထောက် မင်းနိုင်သူ လွတ်လပ်ရေးနေ့မှာ လက်ထပ်သည် (အိမ်ထောင် ကျသည်)။
မင်္ဂလာလက်ဖွဲ့အဖြစ် ဒီစာကို ရေးဖြစ်သည်း)


အိမ်သာတက်လျှင် စာပေစိစစ်ရေး၏ ခွင့်ပြုချက် လိုမည်

စာနယ်ဇင်းသမားများ အိမ်သာသွားမည် ဆိုပါက ဖတ်ရန် စာအုပ်စာစောင်၊ အငွေ့ထုတ်ရန် ဆေးလိပ် နှင့် မီးခြစ် စသည်တို့ထက် အရေးပါသည့် လိုအပ်ချက်သစ်တခု ရှိနေသည်။

ခွင့်ပြုချက် ရယူပြီးမှ အိမ်သာသွားပါ ဟူသော ညွှန်ကြားချက်ကို စာပေစိစစ်ရေးဌာနက ယနေ့ ထုတ်ပြန်လိုက်သည်။


“နိုင်ငံတော်၏ ခွင့်ပြုချက်ရရှိမှသာ အိမ်သာတက်နိုင်သည်” ဟု ဌာန၏ ညွှန်ကြားချက် အမှတ် ၁/ ၂၀၁၁ တွင် ဖော်ပြထားသည်။

ယနေ့ ကျရောက်သည့် လွတ်လပ်ရေးနေ့တွင် ထွက်လာသည့် ဤညွှန်ကြားချက်ကြောင့် စာနယ်ဇင်းလောကတွင် ဝေဖန်သံ၊ ကန့်ကွက်သံများ ဆူညံသွားသည်။

“လွတ်လပ်ရေးနေ့က စတင်ပြီး လွတ်လပ်ရေး ဆုံးရှုံးတာပါပဲဗျာ” ဟု ဧရာဝတီ သတင်းထောက် မင်းနိုင်သူက ၀မ်းနည်းစွာ ညည်းတွားလိုက်သည်။

ထိုညွှန်ကြားချက်ကို ကန့်ကွက်သူ များစွာ ရှိသကဲ့သို့ ထောက်ခံသူများလည်း ရှိနေသည်။

“ကောင်းတာပေါ့ဗျာ။ မူလတန်းကျောင်းသား ဘ၀ ကတည်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး ခွင့်ပြုချက် တောင်းရတာပဲ။ တချို့ကျောင်းတွေမှာ သေးပေါက်မယ်ဆို လက်တချောင်း ထောင်ပြရတယ်၊ အီး ပါမယ်ဆို လက် ၂ချောင်းပေါ့။ ခွင့်တောင်းရတယ်။ ဆရာ ဆရာမ ခွင့်ပြုချက်လိုတယ်လေ။ အခုလည်း စာနယ်ဇင်းသမားဆိုတော့ သက်ဆိုင်ရာ ဌာနရဲ့ ခွင့်ပြုချက် လိုတာ သဘာဝ ကျပါတယ်။ ဖြစ်သင့်ပါတယ်” ဟု ငရဲပြည်ရောက် စာရေးဆရာ၊ ဒါရိုက်တာ တင်သန်းဦးက လှမ်းပြောသည်။

“အန္တရာယ်ဆိုတာ လွယ်ထားလို့ မရဘူးပေါ့ဗျာ။ ဒါပေမယ့် အိမ်သာသွားဖို့ တကယ် လိုအပ်တယ်ဆိုတာ တင်ပြနိုင်ရင် သက်ဆိုင်ရာကလည်း ခွင့်ပြုမှာပါ” ဟု သူက ဖြည့်စွက် ပြောကြားသည်။

ဤအတောအတွင်း စာပေနှင့်စာနယ်ဇင်းအဖွဲ့ လူကြီးတဦးက အိမ်သာနံရံများတွင် ဒို့တာဝန်အရေး ၃ ပါး၊ ပြည်သူ့သဘောထား ၁၆ ပါး စသည်တို့ကို ကပ်ထားသင့်ကြောင်း အကြံပြုလွှာ တင်ထားသည်ဟု သိရသည်။

ထိုအကြံကို နိုင်ငံတော်က နှစ်သက်သဖြင့် ထိုသို့လုပ်ဆောင်ကြရေးအတွက် ညွှန်ကြားချက်နောက်တခု မကြာမီ ထုတ်ပြန်မည်ဟု အကြားအမြင်များသော ဧရာဝတီ သတင်းထောက် သန်းထိုက်ဦးက ပြောသည်။
သို့သော်လည်း ထို အိမ်သာကပ်စာစောင်သတင်းနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုချက် မရသေးပေ။

မိုးမခတွင် စာပြောင်များ ရေးနေသော ဂျော်ဒီး ဆိုသူကမူ အိမ်သာကပ်စာစောင် ညွှန်ကြားချက် ထုတ်ပြန်ပါက အကျိုးကျေးဇူး များမည်ဟု အကောင်းမြင်မိကြောင်း ထုတ်ဖော် ပြောဆိုသည်။

“ဟားဟားဟားဟား၊ ကောင်းတာပေါ့ရှင်။ အဲဒီစာရွက်တွေက အနည်းဆုံး အီးကုန်းလို့တော့ ရတာပေါ့ရှင်၊ ဟားဟားဟားဟား၊ ဟီးဟီးဟီး” ဟု သူ၏အမြင်ကို ပြောပြသည်။

(မှတ်ချက် - ဤနေရာတွင် ဖော်ပြထားသော သတင်းကို ဖတ်ပြီး ရေးသားပါသည်။

အထက်ပါ ဓာတ်ပုံကို flickr မှ ကော်ပီ ယူသည်။ စာပေစိစစ်ရေးဌာနသို့ အိမ်သာတက်ခွင့် လျှောက်လွှာ သွားတင်သော သတင်းထောက်များ ဖြစ်သည်ဟူ၏)