Sep 16, 2009

PM

(Tuesday, January 27, 2009 ရက်နေ့က http://www.crazyvilla.co.cc မှာ တင်ခဲ့တဲ့စာဗျာ။ အခု ဦးသိန်းစိန်က နယူးယောက်သွားမယ်ဆိုတာ ကြားတော့ နည်းနည်းတိုက်ဆိုင်တာနဲ့ ကော်ပီကူးပြီး ဒီမှာ တင်လိုက်တာ။ ကျနော်က အဲဒီ ဘလော့ဂ်မှာ ၀န်ကြီးချုပ် အဖြစ် PM အဖြစ် တင်မြှောက်ခံရပြီး မကြာခင် ဒီစာကို ရေးလိုက်တာပါ။ အဲဒီဘလော့ဂ် ရောက်ဖူးတယ် မဟုတ်လား ၀န်ကြီးပေါင်းစုံကို တွေ့ရမယ်။

အဲဒီဘလော့ဂ်ကို ရောက်ဖူးပြီးမှ ဒီစာကို ဖတ်သင့်ပါတယ်း)


နာမည်ပြောင်းခြင်း
အခန်း (၁)
ဝန်ကြီးချုပ်ကို အင်္ဂလိပ်တို့က PM ဟုခေါ်ကြသည်။

အခန်း (၂)
မြန်မာတို့ကား ၀န်ကြီးချုပ်ကို သိန်းစိန်ဟု ခေါ်လေသည်။

နောက်ဆုံးရ သတင်းမှာ ၀န်ကြီးချုပ်၏ တန်ဘိုး ပိုမိုတက်စေရန် သန်းစိန်ဟု အမည်ပြောင်းတော့မည်ဟူ၏။
ဤသတင်း မမှားပါက မကြာမီ ကြေးမုံသတင်းစာတွင် အောက်ပါအတိုင်း ကြော်ငြာတခု ပါလာဖွယ် ရှိသည်။

အမည်ပြောင်းခြင်းဦးသောင်းစိန် ၏ သားကြီး ဦးသိန်းစိန် အား
ယနေ့မှစ၍ ဦးသန်းစိန်ဟု ခေါ်ပါရန်။

ပုံ (ဦးသိန်းစိန်)


လူသိနည်းသော အချက်တခုရှိသည်။ ၀န်ကြီးချုပ်က "ဦးကုဋေစိန်"ဟူသော အမည်သို့ ပြောင်းလိုသည်၊ ပို၍ပို၍ တန်ဖိုးရှိသော ထိုအမည်ကို လွန်စွာ နှစ်သက်သည် ဟုလည်း သိရသည်။

သို့သော်လည်း ထိုအမည်ကို ယူမည်မဟုတ်ဟု ၀မ်းနည်းစွာဖြင့် ညည်းတွားသည်။ အကြောင်းရင်းမှာ ဦးသိန်းစိန်က "တာ့တလင်းဂျိတ်" ဟု အသံထွက်သော ဋသံလျင်းချိတ် (ဋ) ကို မရေးတတ်သောကြောင့် ဟူ၏။

ထိုသို့သော ပြဿနာကို ဖြေရှင်းသည့် နည်းလမ်းတခု ၀န်ကြီးချုပ်တွင် ရှိနေသည်။ သို့သော်လည်း မြန်မာတနိုင်ငံလုံးနှင့် သက်ဆိုင်သော အရေးဖြစ်သဖြင့် ပညာရှင်များနှင့် တိုင်ပင်ခဲ့သည်။ ပညာရှင်များက ၁၀၀ ရာခိုင်နှုန်း ကန့်ကွက်လိုက်သည်။ ၀န်ကြီးချုပ်၏ဇွဲ သေခါမှ လျှော့မည် ဟု ကြုံးဝါးတတ်သော မစ္စတာ သိန်းစိန်က ငပေါဂေဟာရှိ လူကြီးမင်းများနှင့် စည်းဝေးတိုင်ပင်ရန် ဆုံးဖြတ်လိုက်သည်။

ဤသို့ဖြင့် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ ၃၀ ရက်နေ့က အနှီဝန်ကြီးချုပ်က အစည်းအဝေးတခု ခေါ်ယူခဲ့သည်။ ကကြီး ခကွေး ဂငယ်တို့အနက်မှ ဋသံလျင်းချိတ်၊ ဍရင်ကောက်၊ ဎရေမှုတ် စသည့် အသုံးနည်း မြန်မာအက္ခရာများကို delete လုပ်ရန် ဟူသတည်း။

အစည်းအဝေးတွင် ၀န်ကြီးချုပ်က လိုအပ်သည်များကို ညွှန်ကြားခဲ့သည်ဟု သတင်း ရရှိသည်။ အဆိုပါ ၀န်ကြီးချုပ် မကြိုက်သည့် အက္ခရာများကို အပြီးတိုင် အငြိမ်းစားပေးရန် အလို့ငှာ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တခုကို လာမည့် ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် ထုတ်ပြန်မည် ဟူ၏။ ဤကား ငပေါဂေဟာမှ ၀န်ကြီးချုပ်၏ လျှပ်တပြက်ပုံရိပ် ဖြစ်ပေတော့သည်။

အခန်း (၃)

နိုင်ငံတကာတွင် ၀န်ကြီးချုပ် များစွာရှိသည်။ ၀န်ကြီးချုပ်ကို အင်္ဂလိပ်ဘာသာဖြင့် PM ဟု အခန်း (၁) တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အကျယ်မချဲ့လို။ လိုရင်း ရေးရပါက ၀န်ကြီးချုပ်ကို

Problem Maker
Problem Man

စသဖြင့် အနက် ဖွင့်ကြလေသည်။ Postman ဟု ဘာသာပြန်သူများလည်း ရှိလေသည်။
တနိုင်ငံ တပုဒ်ဆန်းဟု ဆိုပါက မှားအံ့မထင်။

အခန်း (၄)
ဘလော့ဂ် သရမ်းသူ မြန်မာပြည်သားအချို့ကလည်း အာဏာရှိ အစိုးရအဖွဲ့ နှင့် ဆင်တူသော ဂေဟာတခုတွင် ၀န်ကြီးအဖွဲ့ဝင်များ အသီးသီး ကိုယ်တိုင်ကိုယ်ကျ ခန့်အပ်ကြလေသည်။ ထိုသို့ ပေါများလှသော ၀န်ကြီးများအတွက် ကံကောင်းခြင်း လက်ဆောင်တခု ပေါ်ပေါက်လာသည်။ လွန်လေပြီးသော ရက်အနည်းငယ်အတွင်းက ဖြစ်သည်။ ယင်း လက်ဆောင်မှာ ၎င်းတို့အား အုပ်ထိန်းနိုင်မည့် ထက်မြက်သည့် အကြီးအကဲတဦးကို ထိုက်ထိုက် တန်တန် ရရှိခဲ့ခြင်းပင် ဖြစ်ပေတော့သည်။

အခန်း (၅)
အဆိုပါ ၀န်ကြီးချုပ် (အခန်း ၄ တွင် ဖော်ပြထားသော ၀န်ကြီးချုပ်) က သူ၏ ဘလော့ဂ်ပေါ်မှ ကိုရီးယားမင်းသမီး ဓာတ်ပုံကို ဖြုတ်လိုက်သည်။ ၀န်ကြီးချုပ်၏ဘလော့ဂ်ဟု သိသာနိုင်စေမည့် အခြားဓာတ်ပုံတခုဖြင့် အစားထိုးလိုက်လေသည်။
အစားထိုးလိုက်သည့် ပုံမှာ ၀ံကြီး (၀န်ကြီး) တကောင်ကို ချုပ်နှောင်ထားသော ဓာတ်ပုံ ဖြစ်လေသည်။ ။

မှတ်ချက် -
ဤစာကို အများသူငါ ဖတ်ရှုနိုင်စေရန်အလို့ငှာ ဘလော့ဂ်ပေါ်သို့ တင်ရမည်။ နာယကကြီးက ဦးဆောင်ပြီး လျှို့ဝှက် ဆောင်ရွက်ရမည်။ တနင်္လာနေ့ မှ သောကြာနေ့အတွင်း ဆောင်ရွက်ရမည်။ စနေတနင်္ဂနွေနေ့များတွင်လည်း ဆောင်ရွက်နိုင်သည်။ ပုံနှိပ်မီဒီယာများက ဤစာကို ကူးယူဖော်ပြလိုပါလျှင် သင့်လျော်သည့် စာမူခ တောင်းယူပြီးမှ ခွင့်ပြုရမည်။ ။

Sep 13, 2009

censorship

၁။ တော်တော်နှိပ်ကို တော်တော်နိပ် ဟု ပြင်ဆင် ဖတ်ရှုပါး)
၂။
၃။

လုပ်ငန်းရှင် ဘလော်ဂါ၊
ဆူရှီဆရာ ဘလော်ဂါ၊
မီဒီယာဆရာ ဘလော်ဂါ နဲ့
မည်သူမည်ဝါမှန်း တိကျစွာ သိရခြင်း မရှိသေးသော ဘလော်ဂါတို့က
ကျနော်ရေးတဲ့ စာတွေမှာ မှတ်ချက်တွေ လာရေးသွားတဲ့အတွက် ကျေးဇူး ဥပကာယ တင်ပါသဗျ။

ဥပကာယ ဆိုတာ ဘာမှန်း မသိဘူး။ ကျေးဇူးနဲ့ တွဲသုံးတာ ဖတ်ဖူးတာပဲ။ ကျေးဇူးကို အလေးအနက် ဖြစ်စေတဲ့ စကားလုံးဖြစ်ဖို့ များတယ်။ special thanks လို စကားလုံးများလားမသိ။ ပါဠိ၊ သက္ကတ၊ ဟိန္ဒူ ဘာစကားလုံးများပါလိမ့်။

ဘလော့မှာ စာ တလ တပုဒ် အနည်းဆုံး ရေးမှ ဖြစ်မယ်။ ဒါမှ ဘလော်ဂါ ပီသမှာ။ ဘလော်ဂါဆိုတာ မြတ်နိုးစရာ ဂုဏ်ပုဒ်မဟုတ်လား။
အင်္ဂလိပ်လို senior citizen အဲ - မဟုတ်ပါဘူး citizen journalist လို့ သတ်မှတ်ကြတယ် တဲ့။

citizen journalist ကို ဘယ်လို ဘာသာပြန်ရမလဲ စဉ်းစားမနေနဲ့။ ဘလော်ဂါ ပေါ့ဗျား)

တော်တော်နှိပ်တဲ့ ဘွဲ့ဗျ။ journalist ဆိုတာလည်း လူတွေ အထင်ကြီး၊ လန့်ဖျပ်၊ သောက်မြင်ကပ်တတ်တဲ့ လူစားမျိုး။

citizen ဆိုတာကလည်း မက်စရာ။ အဓိပ္ပာယ်က နိုင်ငံသား တဲ့။ ရိုဟင်ဂျာတွေကလည်း (နိုင်ငံ တခုခုမှာ) နိုင်ငံသား ဖြစ်ချင်တယ်။ အာရှသားတွေကလည်း အာဖရိကတိုက် အဲ - အမေရိကတိုက်တို့ ဘာတို့ သွားပြီး နိုင်ငံသား သွားဖြစ်ချင်တယ်။ နိုင်ငံသားဖြစ်ရေးအတွက် ငွေတွေ ပုံပေးလိုက်မယ်။ ပြီးတော့ ဟိုဟာ ပုံပေးလိုက်မယ်။ ဟိုဟာ ဆိုတာ အချိန်ကို ပြောတာပါ။ ငါးနှစ်ဝန်းကျင်တော့ စောင့်ကြရမယ်မဟုတ်လား အနည်းဆုံး။ နိုင်ငံသားဖြစ်ရတာ လွယ် မှတ်လို့။

ကျနော့်မိဘတပါးဆိုရင် မြန်မာပြည်မှာ မွေး၊ မြန်မာပြည်မှာ နှစ်ပေါင်း ၇၀ ၀န်းကျင် နေသွားတာတောင်မှ မြန်မာနိုင်ငံသား ဖြစ်မသွားဘူး။ အင်း - ဒီအကြောင်းက ရယ်စရာ မဟုတ်တဲ့အတွက် ဒီနေရာမှာ မရေးတာ ကောင်းပါတယ်။

စောစောက ပြောတာ ပြန်ဆက်ရရင် -
နိုင်ငံသား ဗျာ။ နိုင်ငံသား ဆိုတဲ့ အဆင့်အတန်းက ဘာမှ မဟုတ်ဘူးလို့ ထင်ရပေမယ့် လူအတော်များများအတွက်တော့ တော်တော်ဟုတ်နေတဲ့ လိုအပ်ချက်ကြီးပဲ။ ဒါနဲ့ပဲ ဘလော်ဂါ (citizen journalist) ဖြစ်နိုင်တဲ့ အခွင့်အရေးကို ယူထားတဲ့သဘောပါ။

ပြောချင်တာက
citizen journalist အကြောင်း မဟုတ်ပါဘူး။ နိဒါန်း နည်းနည်းပျိုးဖို့ ကြိုးစားရာကနေ အတွေးချော်ပြီး ကီးဘုတ်ကို ဟိုရိုက် ဒီရိုက် ရိုက်မိသွားတာ။

planet.com.mm မှာ စက်တင်ဘာ ၁၁ ရက်စွဲနဲ့ တင်ထားတာ ဖတ်လိုက်ရတယ်။
The Modern Weekly ဂျာနယ် ကို ကိုးကားပြီး ရေးထားတဲ့ သတင်းတပုဒ်ပါ။ အဲဒီမှာ ဆင်ဆာလူကြီးမင်းတယောက် ပေါက်ကရ လျှောက်ပြောထားတာတွေ ပါတယ်။

ရုပ်ရှင်မှာ စည်းကမ်းချက်နဲ့ မညီတာတွေကို ဆင်ဆာဖြတ်နေရတဲ့အကြောင်း။ သူရွှီးတာတွေက အများကြီးပဲ။ ကိုယ်က ရုပ်ရှင်လောကသားလည်း မဟုတ်၊ ရုပ်ရှင် ပုံမှန်ကြည့်တဲ့ ပရိသတ်လည်း မဟုတ်ပေမယ့် သူရွှီးတာကို မကျေနပ်ဘူး။ ဖတ်ပါဦး သူ့ဟာတွေ အရောင်ခြယ်ပေးလိုက်မယ်။



ဝိဥာဉ်နဲ့ အပြန်အလှန် စကားပြောတာမျိုး၊ ထိတွေ့ကိုင်တွယ်ပြတာမျိုးတွေ ရိုက်ကူးဖော်ပြတာ တွေ့ရတယ်။ so what? ရိုက်ပါစေ။ တကမ္ဘာလုံး ဒီလို ရိုက်နေကြတာပဲ။ ဟူလ်ပီဂူးဘတ်တောင် ghost ကားမှာ အော်စကာဆု ရသွားသေးတယ်။ ဟောလိဝုဒ်နဲ့ ကိုင်ပေါက်တာ မဟုတ်ဘူးနော်၊ အာရှမှာလည်း သရဲကားတွေ ဒုနဲ့ဒေး။ သရဲကားဟာ အာရှတန်ဖိုး မဟုတ်လား။ ခက်ပါပေ့ ဆင်ဆာလူကြီးမင်းရယ်။

တချို့ဇာတ်ကားမှာ မိန်းမဘ၀ကနေ ယောက်ျားဘ၀ကို နိုင်ငံခြား သွားပြောင်းတယ်။ ယောက်ျားဘ၀နဲ့ လ၀ကမှာ မှတ်ပုံတင်ပြောင်းတယ်။ နိုင်ငံခြား မသွားခင်က ရည်းစားနဲ့ ကိုယ်ဝန်ရှိခဲ့တယ်။ ယောက်ျားဘ၀မှာ ကိုယ်ဝန် ဆောင်တယ်။ ကိုယ်ဝန်မဆောင်ခင် မိန်းမ ထပ်ယူတယ်။ ယူတဲ့ မိန်းမနဲ့ ကိုယ်ဝန်ရှိတယ်
ဒါလည်း
so what? ဘာဖြစ်လဲဗျာ။ အခု အဲသလို ပြောင်းလဲတာတွေကို ရန်ကုန်မှာ ကိုယ်စားလှယ် အကျိုးဆောင် ရုံးတောင် ဖွင့်ခွင့် ပေးထားတယ် မဟုတ်လား။ ကျားဘ၀ကနေ မဘ၀ မရောက်တောင် အပြင်ပမ်း ပြောင်းလဲသွားအောင် ခွဲစိတ်ချင်ရင် ကျပ်ငွေ သိန်း တရာတောင် ကုန်မယ် ဆိုလား။ အပြင်မှာ ဖြစ်နေတာတွေပဲ။ ရိုက်ပါစေ။ ကိုယ်ဝန်ဆောင်ကိစ္စတွေဆိုတာကလည်း လူစိတ်ဝင်စားအောင် ရိုက်ထားတာပဲ။ ပေးရိုက်လိုက်ပါ။ မီဒီယာ ဆိုတာ အများစိတ်ဝင်စားဖို့ အရေးကြီးတယ်။ ရုပ်မြင်သံကြားကနေတောင် လူစာရင်း ဖတ်ပြတာတွေ ည ၈ နာရီတိုင်း လွှင့်နေသေးတာ။

လူတစ်ယောက် အသတ်ခံရလို့ လဲသွားရင် ထပ်ပြီးဓားနဲ့ အကြိမ်ကြိမ် ထပ်ခုတ်တဲ့ အပြမျိုး၊ နားထဲကို ဆေးလိပ်မီးနဲ့ ထိုးတာလို ရက်စက်တဲ့ ပြကွက်တွေ ပြလာတယ်။
အင်း - ဒါတွေကတော့ အသက် ၁၈ နှစ် ၂၁ နှစ်အောက် မကြည့်ရ ဘာညာ သတ်မှတ်နိုင်တဲ့ အခြေအနေ ရောက်မှ
မြန်မာပြည်မှာ ရိုက်ခွင့် ရကြမယ် ထင်တယ်။ လောလောဆယ် ဒါတွေကို ဖြတ်တာတော့ ကြိုဆိုပါတယ်။ ကောင်းပါတယ်။ သဘောတူပါတယ်။

မလိုအပ်ဘဲ Love Scene တွေ ကြာတာ၊ သားနဲ့အမိ၊ မောင်နဲ့နှမ အတူကြည့်လို့ မသင့်တော်တဲ့ ပြကွက်မျိုးတွေ၊ ရာဂကို နှိုးဆွပေးတဲ့ ပြကွက်မျိုးတွေ ရိုက်ကူး ဖော်ပြလာတာ တွေ့ရပါတယ်
မြန်မာကား
Love Scene တွေ ကြာ ဆိုတာက မင်းသမီး မင်းသား ဖက်ထားကြတာကို ပြောတာ ဖြစ်မယ်။ ဖက်ကြပါစေလေ။ သမီးရည်းစားတွေ ဒီလိုပဲ လုပ်ကြတာမဟုတ်လား။ နိုင်ငံခြားသားတွေ မြန်မာကား ကြည့်ဖြစ်ရင် မင်းတို့ တွေ ကိုယ့်ရည်းစားကို မဖက်ကြ မနမ်းကြဘူးလားလို့ မေးနေဦးမယ်း) ခြင်ထောင်ထဲကအခန်း မရိုက်ရင် ပြီးရောပေါ့။

မဟော်သဓာခေတ်မှာ လက်သည်းအရှည်တွေကို အပွင့်ဖော် ဆေးဆိုးထားတယ်။ တောရွာကျေးလက်အခန်း ရိုက်ရင်လည်း ဆံပင်ရွှေရောင် ဆိုးထားတာမျိုးတွေ တွေ့နေရလို့ ပြင်ရိုက်ခိုင်းရတယ်
ဘာဖြစ်လဲ။ မဟော်သဓာခေတ်မှာ အဲဒီလိုလက်သည်းအလှဆင်တာတွေ မရှိဘူးလို့ ဘယ်သူပြောလဲ။
လူကြီးမင်းတို့မှာ သက်သေ ရှိသလား။ ပြန်ရိုက်ခိုင်းမနေပါနဲ့ဗျာ။
သိပ် ခေတ်မီတာနော် အဲဒီတုန်းက လူတွေ။ အာဝါဟ ၀ိဝါဟ ဒိုင်ယာလော့ကို ရှည်ရှည်ဝေးဝေး ပြောမနေဘူး။ မဟော်သဓာနဲ့ အမရာတို့က လက်သီးဆုပ်ပြ လက်ဝါးဖြန့်ပြကြတာနဲ့ ဒိုင်ယာလော့ ပြီးသွားရော။ ခုတွေ့ ခုကြိုက် ခုအဆင်ပြေ ဆိုတာ အဲဒီခေတ်ကတည်းကလို့တောင် ပြောရမလို ဖြစ်နေပြီ။

ဆံပင်ကိစ္စ ပြောရဦးမယ်။ ကျေးလက်မှာလည်း ဆံပင် ရွှေရောင် မကဘူး ရောင်စုံ ဆိုးနေကြပြီ။ ခက်တာပဲ။ အဲယားကွန်းခန်းထဲမှာပဲ ထိုင်မနေကြပါနဲ့ ဆင်ဆာ ဆရာကြီးများ ဆရာမကြီးများရယ်။ သဘာဝ အရမ်း အရမ်းကျစေချင်ရင်လည်း လူတွေကို လုပ်အားပေးခိုင်းတာ၊ ပေါ်တာဆွဲတာတွေ ထည့်ရိုက်ခိုင်းပေါ့ဗျာ။ စစ်ကားတွေက သဘာဝမကျတာ သိပ်ကြာပြီနော်။ ခင်ဗျားကြီးတို့ ဆင်ဆာ ဖြတ်လိုက်ကြဦး။ စစ်သားတွေ ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်တဲ့ ကားတွေမှာ ပေါ်တာမပါ ဘာမပါ၊ ကားတွေကို ချောဆွဲတာတွေလည်း မပါဘူး။

သဘာဝ မကျတာတွေကိုတော့ ပရိသတ်ကြီးကတောင် မမြင်ချင်ယောင်ဆောင်နေတာပဲ။ ကိုယ်က အနေသာကြီး မဟုတ်လား။

ဒီစာကို ဆင်ဆာလူကြီးမင်းများ မသိပါစေနဲ့ဗျာ။ သိသွားရင် လှမ်းပြီး ဆင်ဆာ ဖြတ်ဖို့ ကြိုးစားနေဦးမယ်း)


Sep 10, 2009

Damma songs in Burmese are on the way


သီချင်းရေးဆရာတွေက ဗုဒ္ဓဘာသာ အကြောင်း ရေးဖွဲ့ထားတဲ့ ဘာသာရေး သီချင်းတွေကို ရေးနေပြီ တဲ့။ ဆရာမောင်သစ်မင်းက သတင်းတပုဒ်မှာ ပြောထားတယ် - လူငယ်တွေ ဘာသာရေး ကိုင်းရှိုင်းအောင်၊ ဘာသာရေး ဗဟုသုတနဲ့လည်း ပြည့်စုံအောင် စည်းရုံးတဲ့အနေနဲ့ လုပ်တာပါ ဆိုပဲ။ ဂီတ အဖွဲ့အစည်းနဲ့ အာဏာပိုင်များ ခိုင်းလို့ ရေးကြတော့မယ် လို့ ဆိုတယ်။ ခွေထုတ်မယ် ဖြန့်မယ် တဲ့။

၃၈ ဖြာမင်္ဂလာ တရားတော်များကိုလည်း ခေတ်ပေါ်ဂီတနဲ့ ရောသမမွှေတော့မယ်ပေါ့ဗျာ။ မွှေ ဆိုလို့ ဟစ်ပ်ဟော့တွေ ရီမစ်တွေတော့ ဟုတ်ပါဘူး။ တကယ့် ဓမ္မ သီချင်းတွေပါ။ ဓမ္မသီချင်းကို ရီမစ် လုပ်ပြီး ဖြန့်လို့ကတော့ အင်းစိန်ထောင်ထဲ ထည့်လိမ့်မယ်။ ဗိုလ်ချုပ်များက ဘာသာရေး သိပ်ကိုင်းရှိုင်းတယ် မဟုတ်လား။ ထားပါတော့ သူတို့အကြောင်း)

ခရစ်ယာန်ဘာသာဝင်များက
ဓမ္မ သီချင်းတွေနဲ့ အဆင်ပြေနေတာ ကြာလှပေါ့။ လွှမ်းမိုးရဲ့ သီချင်းတပုဒ်ရှိတယ်။ ဓမ္မသီချင်းတော့ မဟုတ်ဘူး၊ သို့ပေမယ့် ဘာသာရေးစကားလုံးတွေ ပါနေတယ်။
ဗုဒ္ဓဘုရား
ဟောလေသည်မှာ
မွန်မြတ်စိတ်ထားကြ
ကူညီခြင်းအလှ လူလူချင်းသွေးဆက်ပါ ဆိုလားပဲ။

တကယ်တော့
ဓမ္မ သီချင်းတွေက ကျနော့်အတွက် ပျင်းစရာပဲ။ မနှစ်တုန်းက ဆုန်းသင်းပါရ် ဇမ်နူး နဲ့ အဆိုတော်တချို့ ချင်းမိုင်ကို လာတယ်။ လက်မှတ် ၀ယ်ကြည့်တယ်။ သူတို့ အားလုံး ဆိုသွားကြတာ ဓမ္မသီချင်းတွေချည်းပဲ။ ပျင်းစရာ ကောင်းလိုက်တာ။

ခရစ်ယာန်များအတွက်တော့
ဓမ္မ သီချင်းတွေက အလုပ်ဖြစ်တယ် - ဘုရားကျောင်းမှာလည်း ဂစ်တာ တဒေါင်ဒေါင်နဲ့ ဟစ်လို့ ရတယ်။ ဗုဒ္ဓဘာသာတွေက ဘုရားသွား ဘုန်းကြီးကျောင်းသွားပြီး သီချင်း ဆိုလို့ကတော့ ခုချိန်မှာ ဟန်မကျသေးဘူး။ နောင်လည်း ကျဖို့ လမ်း ဝေးဦးမယ် ထင်ပါရဲ့။ တချို့ မူကွဲဗုဒ္ဓဘာသာမှာဆို ဘုန်းကြီးတွေ သီလရှင်တွေက ဗုံကို တုတ်တချောင်းနဲ့ တီးတာတွေတော့ ရှိပါရဲ့ အဲဒါက စိတ်ငြိမ်အောင်လုပ်တာ ဖြစ်မယ်။

ထူးအိမ်သင်ရဲ့ မဟာဝီရ အိုဗုဒ္ဓ သီချင်းကို သိပ်ကြိုက်သူတွေ ရှိတယ် တဲ့။ ကျနော်တော့ ခံစားလို့ မရပါဘူး။ အဆို အတီး သီချင်းဖွဲ့စည်းမှု စတာတွေက ထိပ်တန်းအဆင့်မှာ ဖြစ်ရင် ဖြစ်နေလိမ့်မယ်၊ ဘုရားစူး မိုးကြိုးပစ် တကယ်ကို ခံစားလို့ မရဘူး( နားလည်း မထောင်ချင်ဘူး( လိုက်လည်း မဆိုချင်ဘူး(

သတိရလို့ ပြောရရင် ၃၈ ဖြာမင်္ဂလာက သီချင်း ရှိပြီးသားပဲ။ အခု ဘာပုံစံနဲ့ ရေးမှာလဲ၊ slow go go လား) bossanova လား)

ကြုံလို့ ရေးလိုက်တာပါ။ စောင့်နားထောင်ဖြစ်မယ်တော့ မထင်။ ကျနော်က ဘာသာရေး မကိုင်းရှိုင်းသေးဘူး ခုချိန်ထိ။





Aug 13, 2009

Rumor


ဇော်ဝမ်း ဆုံးပြီ။ သူ ဆုံးပြီး ၂၄ နာရီအတွင်း သတင်းဌာနကြီးငယ်များ၊ တကိုယ်တော် အင်တာနက် ဝက်ဆိုက်များက ဇော်ဝမ်း၏နာရေးသတင်းကို ရေးသားကြကုန်သည်။

သူ ၁၂ ရက်နေ့ ညတွင် ဆုံးသည်။ Bi-Weeklyဂျာနယ်က ယနေ့ ၁၃ ရက် မနက်တွင် ဖြန့်ရာ ဤသတင်း ပါလာသည်။ ပုံနှိပ်ပြီးမှ စာပေစိစစ်ရေးဌာနကို အကြောင်းကြားမည်ဟု ယူဆရသည်။ ဤယူဆချက် မှန်လျှင် စာပေစိစစ်ရေး ဌာနက ဤသို့သော နားလည်မှုမျိုး ထားသဖြင့် ကျေးဇူးတင်ဖွယ် ဖြစ်သည်။ ဂျာနယ်တိုင်းကို ထိုသို့ ဆက်ဆံရေးထားလျှင် ကောင်းလေစွ။

ကွယ်လွန်သူ ဇော်ဝမ်း၏ အိမ်ထောင်ရေး မိသားစုရေး အခြေအနေကို သတင်းများတွင် မတွေ့ရ။ မိသားစု မရှိသောကြောင့် မဟုတ်၊ မိသားစု များသောကြောင့် အိမ်ထောင်ဆက် များသောကြောင့် ဖြစ်မည်ဟု သုံးသပ်သံတခုလည်း ကြားရသည်။ ဒါလည်း ကောလာဟလ ဖြစ်နိုင်သည်။ (အိမ်ထောင်များများ ပြုခြင်းမှာ လူတချို့အတွက် ပျော်စရာဖြစ်ပြီး၊ လူတချို့အတွက်တော့ အင်မတန့် အင်မတန် စိတ်ဖိစီးဖွယ် ဖြစ်မည်။) မြန်မာသတင်းသမားတို့က အနုပညာသည်တို့၏ အိမ်ထောင်ရေးနှင့် ပတ်သက်လျှင် ပွင့်ပွင့်လင်းလင်း ဖော်ပြမှု မပြုသဖြင့် စာဖတ်သူများ အချက်အလက် အကုန်မသိ ဖြစ်ကြရသည်။

အရှိအတိုင်း ရေးသားဖော်ပြပါက ကာယကံရှင်တို့ ငြိုငြင်မည်ကို စိုးရိမ်ကြဟန် တူသည်။ အ၀ါရောင် စာနယ်ဇင်းသမားဟု အထင်ခံရမည့်ဘေးမှလည်း ရှောင်ရှားကြလိုဟန် ရှိသည်။ ပွင့်လင်းမှု မရှိကြသောကြောင့် ပေါက်တတ်ကရ ကောလာဟလများ ပိုမို များပြားလာခြင်းမှာ ဘေးထွက်ဆိုးကျိုး ဖြစ်တော့သည်။ ။

Aug 4, 2009

serious Ans for Aung Tha Nge's tagging

အလုပ်ထဲတွင် ဓားကိုင်ပြီး အိမ်ရောက်သည်နှင့် ကီးဘုတ်၊ မောက်စ်တို့ကို ကိုင်တတ်သော၊ ကယ်လီဖိုးနီးယား ပြည်နယ်တွင် နေထိုင်သော၊ စိတ်ကူးယဉ်တတ်သော၊ သီချင်းဆိုသော၊ ကဗျာများလည်း လျှောက်ရေးသော၊ ထီပေါက်ချင်သော၊ ကလေး ၃ယောက် ရှိသော၊ သို့သော်လည်း ဘ၀အကြောင်းကို မသိသေးသော ဆိုတဲ့ နာမ၀ိသေနတွေနဲ့ ပြည့်စုံကုံလုံတဲ့ မစ္စတာ အောင်သာငယ်က ရယ်ဒီမိတ် မေးခွန်းတွေ ပေးလာတယ်။ ဒါကြောင့် ရေးရ ဖြေရပါတယ်း)

တွေးနေမိတာက
(၁) အောင်သာငယ် ဘာကြောင့် ကျုပ်ကို ရေးခိုင်းရသလဲ။
(၂) ငါ့ဝင်ငွေက ငါ့ထွက်ငွေထက်များနေ - အဲ နည်းနေတော့ ဘယ်သူ့ဆီက ပိုက်ဆံချေးရမလဲ။
(၃) အိမ်က ခွေးမလေး ဘယ်တော့ ဒဏ်ရာကျက်မလဲ။ (ခွေးမလေး ကလေးမရအောင် ဟိုနေ့က ဆေးခန်းပို့လိုက်တယ်။ ဆရာဝန်က သူ့ကို သားအိမ်ထုတ်ပစ်လိုက်တယ်။ မတတ်နိုင်ဘူး။ ခွေးစရိတ်က မသေးဘူး။ အများကြီးလည်း မထိန်းနိုင်ဘူး။ သူတို့က မွေး ကိုယ်က ထိန်းရမှာ။ ပြီးတော့ တခါမွေး တကောင်ဆို တော်သေးရဲ့)

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
အသက် ၈၀ မှာ သေမယ်ဆိုရင် ငါဟာ သက်တမ်း တ၀က်ရောက်ပြီ။ ဒုက္ခပဲ။

ကျန်းမာရေး
ကောင်း … ။

ဖတ်ဖြစ်တဲ့စာအုပ်တွေက
၁။ မဂ္ဂဇင်းများကို ဖတ်တယ်။ ဒီမနက် အစည်းအဝေးလုပ်ရင်း မသိမသာ ခိုးဖတ်ဖြစ်တာကတော့ ပန်းအလင်္ကာ မဂ္ဂဇင်း ၂၀၀၈ စက်တင်ဘာလထုတ်။
၂။ ဂျာနယ်တွေလည်း တခါတရံ ဖတ်တယ်။
၃။ မနေ့ကတော့ အေးချမ်းဖြိုးကောင်စီ တိုင်းကျိုးပြည်ပြု အတွဲ ၄ ကို ဖတ်တယ်။ အဲဒီစာအုပ် စာမျက်နှာ ၄၉၁ မှာ ဗိုလ်ချုပ်ကြီးတို့ရဲ့ နျူကလီးယားစီမံကိန်းတွေ ပါတယ်။
၎။ ပြီးခဲ့တဲ့အပတ်ကတော့ ၀တ္ထုတပုဒ်ကို တ၀က် ဖတ်ဖြစ်တယ်၊ “ခါးတကယ် မတို့ခင်က ယားတယ်လို့ တွန့်” တဲ့။ မောင်သာရ ရဲ့ ရှေးလက်ရာ။ ဘလော်ဂါ ကိုမင်းဒင်အိမ်မှာ တည်းတဲ့ ဒုတိယ ညမှာ ဖတ်တာ။ ဖတ်လို့ မပြီးပေမယ့် မငှားဖြစ်ခဲ့ဘူး။ ပြန်မပေးမိမှာ စိုးလို့။ ရုပ်ရှင်လောကအကြောင်းကို မောင်သာရက စာပြောင် ပုံစံ ရေးထားတာ။ ပြောင်ချက်ကတော့ သိပ်ကောင်းတယ်။ အပြောင်ခံရသူတွေ ဖတ်မိရင် သွေးတိုးနိုင်တယ်း)

ရောက်နေဖြစ်တာက
www

ရေးဖြစ်နေတာက
၁။ ဧရာဝတီ မြန်မာပိုင်းမှာ သတင်းတွေ ရေးဖြစ်တယ်။ သိပ်ကောင်းတာပဲလို့ စာဖတ်သူတွေက ကြိတ်ပြီး ချီးကျူးကြတယ်။ တခြားသတင်းထောက်များကလည်း မနာလိုကြဘူးလို့ ကျုပ် ထင်တယ်။ အင်း - - ဆက်ဆံရေး မပျက်အောင် လျှော့ရေးဦးမှပဲ။
၂။ ကိုယ့်ဘလော့မှာတော့ ရောက်တတ်ရာရာတွေ တပတ်တခါ ရေးဖြစ်တယ်။ အလုပ်များရင်တော့ တလ တခါပေါ့။

နားထောင်ဖြစ်နေတာက
ဘီဘီစီ မြန်မာပိုင်း။

ရွတ်နေမိတဲ့ကဗျာက
မရှိဘူး။ တာရာမင်းဝေရဲ့ ကျောင်းဖွင့်ချိန် ဆိုတဲ့ ကဗျာရှည် မနေ့က လေးငါးကြိမ်မြောက် ပြန်ဖတ်ဖြစ်။

ဖြစ်ချင်နေတာက
တရက်မှာ ၂၄ နာရီ မဟုတ်ဘဲ ၄၂ နာရီ ရှိရင် ကောင်းမယ် လို့ စဉ်းစားမိတယ်။ အချိန် ဆင်းရဲလွန်းလို့ပါ။ ၄၂ နာရီဆို နာရီဒိုင်ခွက်က ကြည့်ရ ဆိုးတော့မှာပဲ။

စားဖြစ်နေတတ်တာက
၁။ ဆီများများနဲ့ ကြော်လှော်ချက်ပြုတ်ထားတဲ့ ဟင်း တခွက် နှစ်ခွက် နဲ့ ထမင်း။
၂။ နေကြာစေ့။

သနားနေမိတာက
ဒီနေရာမှာတော့ မစ္စတာ အောင်သာငယ်နဲ့ တူတယ်။ ကိုယ့်ကိုယ်ကို သနားတယ်း) ကိုယ့်ထက် အခြေအနေ ဆိုးတဲ့သူတွေလည်း ရှိမှာပဲ ဆိုတော့ သနားလည်း ခဏ ဆိုပါစို့။

လွမ်းနေမိတာက
မုန့်ဟင်းခါး။

မေ့လျော့ပစ်နေမိတာက
ကိုယ်လုပ်ခဲ့တဲ့ မကောင်းမှုတွေ။

ခါးသက်နေမိတာက
Prospect Burma / ပြီးတော့ OSI လို့ ခေါ်တဲ့ Open Society Instituteး) ကျနော့်မိန်းမကို စကောလားရှစ် မပေးလို့း)

တမ်းတနေမိတာက
ခွေး၂ကောင်ကို ခေါ်ပြီး သစ်ပင်အောက် သွားအိပ်မယ်။ စားစရာတွေ ဖတ်စရာတွေလည်း ယူသွားမယ်။ ကျနော့်မိန်းမလား၊ သူလည်း တီဗီ နည်းနည်း ကြည့်ပြီးရင် လိုက်လာမှာပေါ့။ သူက အယ်လ်ဂျာဇီးယား ကြိုက်တယ်။ ထိုင်း ဇာတ်လမ်းတွဲတွေ ကြိုက်တယ်။

ကြိတ်ပြီးချီးကျူးနေမိတာက
ဒါလည်း ကိုယ့်ကိုယ်ကိုယ်ပါပဲ။

ကြိတ်ပြီးအထင်သေးနေမိတာက
လူတွေ အတော်များများကိုပေါ့း)

ဆန္ဒမရှိတဲ့နေရာ
အင်းစိန်ထောင်။

ဆန္ဒရှိနေတဲ့ကိစ္စ
ဗိုလ်ချုပ်ကြီး အေးချမ်းသာယာရေးတို့နဲ့ မိတ်ဆွေများ ကိုယ့်ကိုယ်ကိုယ် သတ်သေကြရင် ကောင်းလေစွ။

မုန်းတီးနေမိတာက
မပြောဘူး။

ချစ်နေတာက
အတော်များတယ်ဗျ;)

စိတ်ပျက်နေမိတာက
တပ်မတော်ခေါင်းဆောင်များကို ;(

စွဲလန်းနေမိတာက
မိုဒယ်ဂဲလ်တွေ :D

လိုအပ်နေတာက
စာဖတ်ချိန် လိုတယ်၊ စာဖတ်ချိန် နည်းသည်ထက် နည်းလာတယ်း(

တောင်းနေမိတဲ့ဆု
လခတိုးပါစေ၊ များများ တိုးပါစေ၊ မြန်မြန် တိုးပါစေ၊ ဒီနေ့ပဲ တိုးပါစေး)

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
ဟင် … ဘာလဲ၊ မအော်မိပါလား)

ဝန်ခံချင်တာက
ကျနော်ဟာ လူတွေထင်ထားတာထက် ပိုပြီး စမတ်ကျတယ်၊ တော်တယ်၊ ထက်မြက်တယ်၊ စိတ်သဘောထား ကောင်းမွန်တယ် ဆိုတာပါပဲး)

ဒါပါပဲခင်ဗျာ။ ဒီအချက်တွေနဲ့ ပတ်သက်ပြီး အသေးစိတ် သိချင်တယ်ဆိုရင်လည်း ဖုန်းနံပတ်တွေ ရှိပါတယ်။ ပိုက်ဆံ တပြားမှ မကုန်ဘူး။

အရေးကြီးတာက ခင်ဗျားရဲ့ ကိုယ်ပိုင် တယ်လီဖုန်းနဲ့ ဆက်ဖို့ လိုတယ်။ အဖြေမရမချင်း အကြိမ်ကြိမ် ဆက်ဖို့ လိုတယ်။ မှတ်ထားနော်။

မြန်မာပြည်ကလူတွေ ဆက်သွယ်မေးမြန်းချင်ရင် နံပတ်က - ၁၉၉
အိန္ဒိယ - ၁၀၀
ထိုင်း - ၁၉၁
ဂျပန် - ၁၁၀
ကိုရီးယား - ၁၁၂ (ဒါပေါ့။ တောင်ကိုရီးယားပေါ့။)
အမေရိကန် ပြည်ထောင်စု - ၉၁၁
သြစီ - ၀၀၀
စင်္ကာပူ - ၉၉၉


Aug 2, 2009

Tea shop in Bkk


ဘန်ကောက်က လက်ဖက်ရည်ဆိုင် လိပ်စာကဒ် အင်္ဂလိပ်လို နဲ့ ယိုးဒယားလို တင်ပေးလိုက်ပါတယ်။ တက္ကစီဆရာကို ပြပြီး ဆိုင်ကို အရောက်သွားလို့ ရတာပေါ့။
ဆိုင်ကို ၂ ကြိမ်လောက် သွားပြီး မြင်တာကို ရေးပြစ်လိုက်တယ် ဧရာဝတီမှာ
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=1534:2009-08-01-09-43-03&catid=1:news&Itemid=2

ဆိုင်ရှင်ရဲ့ အသံကိုတော့ ယူမနေတော့ပါဘူး။ ဆိုင်ရှင်က အရေးမကြီးဘူးလေ။ ဆိုင်ရှင်အသံ ထည့်ဖို့ တောင်းရင် ခွင့်ပြုချင်မှ ပြုမယ်။ ဧရာဝတီမှာ သတင်းထည့်မယ်ဆိုတော့ သူက လန့်ကောင်း လန့်မယ်လေ။ တံဆိပ်ကပ်တာ အကျင့်ပါတဲ့ ရွှေတွေက ဧရာဝတီ ဆိုတာနဲ့ နိုင်ငံရေးသတင်းဌာနလို့ အလွယ်တကူ သတ်မှတ်ကြတာ မဟုတ်လား။ တကယ်တော့ ဧရာဝတီက လေးဖြူ ဇော်ဝင်းထွဋ်တို့အကြောင်းလည်း လျှောက်ရေးတာပါပဲ။ ဟိုတလောကဆို မိုးဟေကို အကြောင်း ၁၀ ရက်အတွင်း ၂ကြိမ်တောင် ရေးလိုက်သေးတယ် ဖတ်ဖြစ်တယ်မဟုတ်လား)

တံဆိပ်အကြောင်း - အဲ ဆိုင်ရှင်အကြောင်း ပြန်ဆက်ရရင် သူတို့ကို မဗျူးဖြစ်ဘူးပေါ့ဗျာ။ ဆိုင်ရှင်ရဲ့ အသံထည့်ရင်လည်း ကောင်းတာတွေပဲ ထည့်ရမှာ မဟုတ်လား၊ [ကျုပ်တို့ ဆိုင်က အလကား ဖွတ်ကျားပါခင်ဗျာ လို့  ဘယ်ဆိုင်ရှင်က ပြောပါ့မလဲ] ဆိုင်ရှင်အသံ ထည့်လိုက်ရင် ဆိုင်ကြော်ငြာပေးတဲ့ သတင်းသမား ဆိုပြီး အထင်ကြီးနေကြဦးမယ်။ အထင်မကြီးကြပါနဲ့ဗျာ။ ပထမအကြိမ်က သတင်းထောက်ဖိုးရှုပ်နဲ့ သွားတော့ သူဝယ်ကျွေးတာ။ နန်းကြီးသုတ်။ စားလို့ အဆင်ပြေပါ့ဗျာ။ ချင်းမိုင် မြန်မာဆိုင်က နန်းကြီးသုတ်ထက် ၃ ဆလောက် ပိုပြီး စားလို့  ကောင်းတယ်။ ချင်းမိုင်ဆိုင်က ရန်ကုန်သား မန္တလေးသားတွေလက်ရာမဟုတ်ဘူး ထင်ပါရဲ့ ။ နန်းကြီးသုတ် ဆိုတာ ရန်ကုန် မန်းလေးက ဆရာတွေကမှ ပိုပြီး ပိုင်တာ မဟုတ်လား။ ဒုတိယအကြိမ်သွားတော့ ဒီလိုပဲ သူငယ်ချင်းတွေနဲ့ သွား၊ ကိုယ်စား ကိုယ်ရှင်းပေါ့။ စားတာကတော့ ပြည်ပလာတာ ဆိုတဲ့ဟာကို စားတယ်။ ပလာတာကို ကြက်သားဟင်းတပွဲနဲ့ ချပေးတယ်။ ရေနွေးကြမ်း မသောက်ရတာကြာတော့ လေးငါးခွက် သောက်ဖြစ်တယ်။

ဆိုင်ရှေ့ က လမ်းကိုလည်း ၂ ပုံလောက် ရိုက်ထားတာ အလုပ်ထဲက ကွန်ပျူတာထဲ ရောက်နေလို့  နောက်နေ့ တွေမှ တင်ပေးလိုက်မယ်။

အစားအစာတွေကတော့ ဈေး မများဘူး။ ပေါလည်း မပေါပါဘူး။
သွားရတာတော့ ဈေးကြီးသဗျ။ ဘန်ကောက် သိပ်မရောက်ဖြစ်တော့ ဘတ်စ်ကား မစီးတတ်။ ဘယ်သွားသွား အငှားကားနဲ့  သွားရတာ ဟန်ကျပေမယ့် ငွေကုန်တယ်။
ဘန်ကောက်သွားတဲ့စရိတ် ဧရာဝတီက ပေးပေမယ့် အိတ်ထဲက စိုက်ရတာပါပဲ။ ကျနော့်လို တောသားအတွက် ငွေသိပ်ကုန်တဲ့မြို့ ဗျား(

စိတ်တိုင်းကျ ဆိုင်မှာတော့ မြန်မာပြည်သားတွေ ၀င်လာကြ ထွက်သွားလိုက်ကြနဲ့ အများကြီးပဲ။ တ၀ိုင်းနဲ့ တ၀ိုင်းလည်း မသိကြတာ များတယ်။ လူတွေက အကြောင်းအရာမျိုးစုံနဲ့ ဘန်ကောက် ရောက်နေကြတာ မဟုတ်လား။ လာတဲ့သူတွေကို မိတ်ဆက်စကား ပြောချင်ပါတယ်။ ဒါပေမယ့် အချိန် သိပ်မရ၊ ကိုယ်ကလည်း စကားပြော လိမ်မာ ကျွမ်းကျင်သူ မဟုတ်တော့ မိတ်မဆက်ဖြစ်ပါ။

စားသုံးသူ ၂ယောက်ကိုတော့ ဗျူးလိုက်တယ်။ အစားအသောက် ဘယ်လိုနေလဲ ဘာကြောင့် လာတာလဲ မေးလိုက်တယ်။ ချင်းမိုင် ပြန်ရောက်ပေမယ့် သတင်း ချက်ချင်း မတင်ဖြစ်ဘူး။ စနေ တနင်္ဂနွေ တင်လို့ ကောင်းတဲ့သတင်းဆိုတော့ စနေ နေ့  တင်လိုက်ကြတယ်။ သတင်းရေးတဲ့နေ့ က လူရွှင်တော် မစ္စတာ ပန်းသီးနဲ့တွေ့တော့ သူလည်း စိတ်တိုင်းကျမှာ ကျောက်ပန်းတောင်း သောက်ဖူးတယ်လို့  ပြောပြတယ်။ သူပြောပြတာကိုလည်း ထည့်ရေးပစ်လိုက်တာပေါ့။ သတင်းသမားနဲ့  စကား ပြောရတာ သိပ်တော့မကောင်းဘူးလို့  ထင်ကြမှာပဲ။ မိတ်ဖြစ်ဆွေဖြစ် ပြောတာတွေကို ဒီငနဲတွေက သတင်းထဲ ထည့်ရေးချင်တယ် ရမလား လို့  လုပ်တတ်ကြတယ် မဟုတ်လား)

ကဲ ဒီကနေ့  ကျနော် လျှောက်ရေးထားတာကို ခင်ဗျားရော ဘယ်လိုထင်လဲ ပြောပြစမ်းပါဦး၊ သတင်းထဲ ထည့်ရေးလို့ရော ရမလား)

Jul 26, 2009

the longest sentence i've ever read

မြန်မာစာအုပ် စာတမ်းတွေ ဖတ်တဲ့အခါ ၀ါကျ ဘယ်လောက် ရှည်ရှည် ဖတ်ဖူးသလဲ။ ကျနော် ဒီနေ့ ဖတ်ဖြစ်တဲ့ သတင်းတပုဒ်မှာတော့ အသံထွက်ဖတ်ရင် ၁ မိနစ် ၀န်းကျင် ကြာမယ့် ၀ါကျတကြောင်း တွေ့ရသဗျ။ တတိယပိုဒ်မှာဗျာ။ ဖတ်ကြည့်ပါဦး။ "မြန်မာနိုင်ငံ အုပ်ချုပ်ရေး ယန္တယားများ ဖြစ်သည့်" ဆိုတဲ့ အဲဒီ စာပိုဒ် တပိုဒ်လုံးကို တကြောင်းတည်း ရေးထားတာ။



ဂျာနယ် နာမည်က OPEN တဲ့။ ဒီလ ၈ ရက်နေ့က YANGON အဲ - ရန်ကုန်မှာ ထုတ်တား)

OPEN ဆိုတော့ "ဖွင့်" လို့ ဘာသာပြန်နိုင်မယ် ထင်ပါရဲ့။ ပွင့်ပွင့်လင်းလင်း ဆိုလည်း ရမှာပါ။ ပွင့်လင်းမှုအကြောင်း ပြောလိုတာတော့ မဟုတ်ပါ၊ ရှည်လျားမှုအကြောင်း ပြောလိုတာပါ။ အကြောင်းအရာ တခုကို သို့ကလို အလွန်တရာ ရှည်လျားပေများစွာ ရေးသား သီကုံး ဖွဲ့နွဲ့ တင်ပြ သတင်းပို့ အစီရင်ခံ အကြောင်းကြား တတ်တာလည်း ပညာ တခုလို့ မထင်ကြဘူးလား)

ဒီဝါကျရှည် ဖတ်မိတဲ့ စာဖတ်သူ စိတ်ရှုပ်သွားပြီး ဘာတွေရေးထားမှန်းမသိဘူး ဖြစ်သွားတာကတော့ တပိုင်းပေါ့လေ။ သတင်းမှာ အပိုဒ် ၅ ပိုဒ် ပါတယ်။ ၀ါကျလည်း ၅ ကြောင်းပဲ တွေ့ရတယ်။

တကယ်ဆို သတင်း တပုဒ်လုံးကို ၀ါကျ ၁ ကြောင်းတည်း နဲ့ ရေးသင့်ပေတာပေါ့၊ ဟုတ်ဘူးလား)

Jul 5, 2009

I don't care, man!


ရှစ်လုံး လို့ ခေါ်တဲ့ "သီဟသူရတင်အောင်မြင့်ဦး" တိုင်းခန်းလှည့်တဲ့ပုံ ဖြစ်မယ် ထင်တယ်။ သတင်းမှာ ရေးထားတာက စာကြည့်တိုက်တခုသို့သွား လိုအပ်သည်များကို မှာကြား ဆိုပါစို့။

ပြောစရာ နည်းနည်းရှိတယ်း) ဒီပုံနဲ့ ပတ်သက်ပြီး

ပုံကို သေချာ ကြည့်ပါဦး။ စာကြည့်တိုက်မှာ စာထိုင်ဖတ်နေတဲ့သူတွေက ဒီလူကြီးတို့အုပ်စုကို သောက်ဂရုကို မစိုက်ဘူး ဆိုတဲ့ သဘော သက်ရောက်နေတယ်း)

ဘယ်နေ့က ဘယ်မှာ ရိုက်ထားတဲ့ပုံဆိုတာ မှတ်မထားမိဘူး။ ကျုပ်လည်း ဗိုလ်ချုပ်ကြီးများအသားပေး သတင်းစာကို အွန်လိုင်းကဖတ်ရင်း ဒီပုံကို တွေ့တွေ့ချင်း သဘောကျတာနဲ့ ဘလော့ပေါ် တင်လိုက်ဦးမှ ဆိုပြီး desktop မှာ သိမ်းထားလိုက်တာ ရက် ၂၀ တော့ အနည်းလေး ရှိဘီ။ ဒီနေ့ desktop မှာ ရှိတဲ့ ဖိုင်ပရပွကို ဖြုတ်ထုတ်ဖျက် သန့်ရှင်းရေး လုပ်ရင်းနဲ့ ဒီပုံကို ပြန်တွေ့တယ်။

ဘယ်စာကြည့်တိုက်မှန်း မှတ်တမ်း မတင်မိလိုက်တာတော့ ကျုပ် အပြစ်ပဲ။ ကဲ - သူတို့ ဘယ်လောက် လေးစားစရာ ကောင်းသလဲ။ အင်မတန် စာဖတ်တဲ့သူတွေဗျာ။ စားပွဲ ပတ်ပတ်လည် ပြွတ်သိပ်ထိုင်ပြီး အသည်းအသန် ဖတ်နေလိုက်ကြတာ။ စာကြမ်းပိုးတွေပြည့်နေတဲ့ ဒီလို စာကြည့်တိုက်မျိုး ကျုပ်က ဖွင့်ချင်နေတာ ကြာလှပေါ့။

စာကြည့်တိုက် ပရိသတ်ဟာ နိုင်ငံတော်အကြီးအကဲတယောက်လုံး လာတာတောင် နေကောင်းလား နေကောင်းတယ် စသဖြင့် စသဖြင့် မပြောနိုင် နှုတ်မဆက်နိုင်အောင် [ ပြီးတော့ လက်အုပ်မချီနိုင်အောင် ] စာပေကို စာဖတ်ခြင်းကို အာရုံစိုက်၊ နှစ်သက်၊ မြတ်နိုး၊ ချစ်ခင်၊ အလေးထား၊ ဦးစားပေး၊ ဂရုပြု ၊ စိတ်ဝင်စားနေလိုက်ကြတာလို့ မထင်ကြဘူးလား။

ဒါမှမဟုတ် စောစောက ကျုပ်ပြောသလို ဒီကောင့်ကို ငါတို့ သောက်ဂရုစိုက်စရာ မလိုပါဘူးကွာ ဆိုတဲ့ အချိုးမျိုး ချိုးနေကြတာလား။ ကျုပ်တော့ ဉာဏ်မမီပါခင်ဗျာ။ မြန်မာပြည်နဲ့ ခွဲခွာခဲ့ရတာ ကြာပြီဆိုတော့ ရွှေတွေရဲ့ စရိုက် အပြုအမူတွေ မသိတော့ဘူး အပြစ်တင်လည်း ခံရမှာပေါ့။ ဒီပုံအကြောင်းကတော့ ဒီလောက်ပါပဲ။ ခုတလော ကျုပ်လည်း အေးချမ်းသာယာရေးတို့ကိုပဲ ဓာတ်ကျနေတယ်။

ဆောဒီးဗျား)

[ စာကြမ်းပိုးတွေနဲ့ သွားတွေ့တာ ရှစ်လုံး မဟုတ်ဘူးလို့ တယောက်က ကော်မန့်ပေးပြီး ပြောတယ်း) ]

Jul 4, 2009

ကန်တော့ရသော အကျိုးအားကြောင့် - - -

မြောက်ကိုရီးယားပြန် ကိုရွှေမန်းရဲ့ လ၀ ပုံတွေ မှိုလိုပေါက်နေတာ မြင်ပြီးရောပေါ့။ ပုံတပုံမှာတော့ ကျောင်းသားလေးတယောက်လို ဖြစ်နေတဲ့ ကိုရွှေမန်းကို တွေ့ရတယ်။ မြောက်ကိုရီးယားသွားပြီး သင်တန်းတက်နေရတယ်လို့ အထင် မစမောကြပါနဲ့ ။ တရုတ်ပြည်ရောက်တော့ ဘယ်လိုဖြစ်တယ်မှတ်လဲ ထုံးစံအတိုင်းပေါ့-
သံရုံး အရာရှိကြီးငယ်တွေနဲ့ သူတို့မိသားစုတွေ ၀ိုင်းပြီး ထိုင်ကန်တော့ကြလေရဲ့။ သံရုံးကို အရပ်သားတွေသွားရင် ဆက်ဆံရေးဆိုးသလောက် ကိုရွှေမန်းတို့ သွားရင်တော့ ပြားပြားဝပ်း)

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖတ်ထားသူများ ပြောကြပါဦး၊ အဲဒီထဲမှာ ဗိုလ်ချုပ်ကြီးတွေကို ထိုင်ကန်တော့ရမယ် ဆိုပြီး ခပ်တည်တည် ထည့်ရေးထားသလားလို့ ။ ဒွတ်ခဘာဘဲ။

ထိုင်ကန်တော့မှ ရာထူးမြဲ ရာထူးတက်မယ့်သဘော ဖြစ်မယ် ထင်ပါရဲ့း)

Jul 2, 2009

Than Shwe style in 2009



မြို့မေတ္တာခံယူမယ့် လူကြီးကို စတိုင်သစ်နဲ့ တွေ့ရတယ်။ ဘယ်လိုထူးခြားတဲ့ စတိုင်လဲ၊ ဘယ်မှာတွေ့ရတာလဲ ဆိုတော့

ဒီနေ့ သတင်းစာထဲမှာပါ။ ဘုန်းကြီးခေါင်းရိုက် အဲ - ဘုန်းကြီးဆွမ်းကပ်တဲ့ သတင်းနဲ့  ဓာတ်ပုံဗရပွကို ဒီနေ့ သတင်းစာမှာ မျက်နှာဖုံး ရှေ့ရော နောက်ရော ပြီးတော့ အတွင်းစာမျက်နှာမှာရော တင်ထားတယ်။ သတင်းစာမှာ ရေးထားတာတွေအရတော့ ဗိုလ်ချုပ်ကြီးအေးချမ်းသာယာရေးတို့ အရမ်း အရမ်းကို အလှူအတန်း လုပ်ကြတာပဲ။ ဘာသာရေး အင်မတန် ကိုင်းရှိုင်းပုံရတယ်။


စတိုင်က ဘာထူးလို့ လဲ ဆိုတော့ သန်းရွှေကြီး ထိုင်နေတဲ့ပုံပေါ့။ သူတယောက်ပဲ တင်ပလ္လင်ခွေ ထိုင်တယ်။ သက်တောင့်သက်သာဖြစ်သလို ထိုင်ပါစေလေ။ အသက်အရွယ်အရ တာဝန်က အနားယူသင့် အဲ - ဒူးတုပ်ထိုင်လို့မှ မရတာ။ ထူးတာက သူတယောက်ပဲ အောက်ပိုင်း အဖြူ ၀တ်ထား အုပ်ထားတယ်။ ကျန်တဲ့ အေးချမ်းသာယာရေးတွေက စစ်ဘောင်းဘီပေါ် ဘာမှ မအုပ်ကြ။ ဒါဆို သန်းရွှေကြီးက တလုံးပိုရှူ အဲ - မှားပြန်ပြီ - တမျိုးတဘာသာ ဖြစ် စတိုင်သစ်ထွင်နေတာ ဘာကြောင့်လဲ။ ယတြာ ခြေတာလား၊ သေးပေါက်ချ အဲ ဘောင်းဘီ ရေစိုနေလို့လား၊ ဘောင်းဘီ တနေရာရာမှာများ ပြဲသွားသလား၊ ဒါလည်း မဖြစ်နိုင်ဘူး လူတွေက ဘောင်းဘီ အပေါက်အပြဲ ဈေးကြီးပေးပြီးတောင် ၀ယ်ဝတ်ကြတာပဲ။ သူ ဘယ်လိုထိုင်တယ်ဆိုတာ လူ သိမှာစိုးလို့ ဖြစ်နိုင်တယ်လို့ ဧရာဝတီသတင်းထောက် အေးလဲ့က ခန့်မှန်းတယ်း) စဉ်းစားစရာပဲ။ သူ့ဘေးက ဆရာမောင်အေးကတော့ သာမန်။

သန်းရွှေကြီးက သူ့ဘော်ဘော်တွေထက် အရိုအသေ ပိုပေးနေပုံရတယ်။ လက်ဆယ်ဖြာ ထိပ်မှာ မိုးလို့ပေါ့။ သူ့ဘော်ဘော်များကတော့ ၀တ္တရားကျေ ကန်တော့နေပုံရ။

ဒီစတိုင် မတော်တဆ ခေတ်စားလာနိုင်တယ်၊ အေးချမ်းသာယာရေး စတိုင် ဆိုပါစို့။

Jun 27, 2009

password is very important indeed


အီးမေးလ် သုံးသူများ password လို့  ခေါ်တဲ့ လျှို့ဝှက်နံပတ်နဲ့  ပတ်သက်ပြီး သောကများကြတယ်။ တချို့ ဆိုရင် မစ္စတာအောင်သာငယ်တို့  ရေးတဲ့ password ရေးရာ ဆောင်းပါးတွေ ဖတ်အပြီးမှာ သောကတွေ ပိုများကြရှာတယ်။ လျှို့ဝှက်နံပတ် ကို တကယ် လျှို့ဝှက်ပြီး လူမသိအောင် ဘယ်လို လျှို့ဝှက်ရပါ့မလဲ ဆိုပြီး လျှို့ဝှက်စွာ သောကရောက်ကြသူတွေလည်း ရှိတယ်။
လျှို့ဝှက်နံပတ်နဲ့ ပတ်သက်ပြီး ခြေရာခံသူတွေ စိတ်ညစ်စေမယ့် ကျနော့်ရဲ့ ကိုယ်ပိုင် နည်းလမ်းတော့ ရှိတယ်။ ထုံးစံအတိုင်း နောက်မှ ရေးတာပေါ့ဗျာ။
လောလောဆယ်တော့ ဟိုနေ့ က အီးမေးလ်တွေကတဆင့် ရောက်လာတဲ့ နည်းလမ်းတွေကို လက်ဆင့်ကမ်းပါရစေ။ တကယ် လျှို့ဝှက်တဲ့ ဗျူဟာမြောက် နည်းလမ်းတွေပါပဲ။ ကြိုက်ရင် သုံးကြည့်ပေါ့။
Readmore ကို နှိပ်လို့  အဆင်မပြေရင် ခေါင်းစဉ်ဖြစ်တဲ့ "password is very important indeed" ကို နှိပ်ပေတော့။




ကဲ ဒါပါပဲဗျာ။ စိတ်ချရတဲ့ လျှို့ဝှက်နည်းလမ်းတွေပေါ့။း) ဒီလို လျှို့ဝှက်နည်းအတွက် ဆွယ်တာ အထည်တွေက ဘယ်မှာမှ မရောင်းဘူး ထင်ပါရဲ့။ ဆွယ်တာထိုးတတ်သူများ ကိုယ်တိုင် လက်စွမ်းပြနိုင်ပြီ။ မထိုးတတ်ရင်တော့ တတ်အောင် သင်ရတော့မယ်။