အတွေးအမြင် ဝဝ၅
စာလုံးအရွယ်အစားကြီးမှ ဖတ်ရတာ အဆင်ပြေတယ်။ ၀တ္ထုဖြစ်ဖြစ် မဂ္ဂဇင်းဖြစ်ဖြစ် ကွန်ပျူတာ စာမျက်နှာပဲဖြစ်ဖြစ်။
မင်းဒင်ဘလော့က စာလုံးအရွယ်အစား အခုတော့ အဆင်ပြေသွားပြီ၊ အဲဒီဘလော့ ပေါ်ခါစတုန်းက အင်မတန် ဂွကျတာ။ ဖတ်လို့လည်း ကောင်း၊ စာလုံးပွိုင့်ကလည်း ပိစိ။
စာလုံးပွိုင့်သေးတာ ပြဿနာဆိုပေမယ့် နည်းလမ်း ရှိပါတယ်၊ ကျနော့်အဖိုးကတော့ မှန်ဘီလူးနဲ့ ဖတ်တယ်။
ကျနော်ကတော့ ကွန်ပျူတာရှေ့ အမြဲထိုင်တာဆိုတော့ စာလုံးကို အရွယ်ကြီးအောင်လုပ်ပြီး ကြည့်လိုက်တာပဲ။
( Ctrl ) ခလုတ်ကို နှိပ်ထား၊ ပြီးရင် ( + ) တချက် နှိပ်လိုက်။ စာလုံးတွေ ကြီးလာလိမ့်မယ်။ ထပ်ကြီးချင်ရင် နောက်တချက် ထပ်နှိပ်။
ပြန်သေးချင်ရင်တော့ ( Ctrl ) နဲ့ ( _ ) ကို နှိပ်လိုက်ရုံသာ။
ကော်လံတွေ ခပ်ကျဉ်းကျဉ်းဆို ကောင်းတယ်။ မြန်မာ့အလင်းကြေးမုံ ကော်လံတွေက သိပ်ကောင်း။ မိုးချိုသင်းဘလော့က ကော်လံကျယ်တော့ ဖတ်ရတာ မျက်လုံး ညောင်းတယ်။ တူးတူးသာဘလော့က ကော်လံပိုကျယ်တော့ ပိုဆိုး။ ပို့စ်တခု စာ ၃ကြောင်းလောက်ဆို တော်ပါသေးရဲ့၊ ခုတော့ ဒီဆရာမများက အများကြီးရေးတော့ ဖတ်ရတာ မောသဗျာ။
ဒါကြောင့် ဒီဘလော့မှာ ကိုယ့်အကြိုက် ကိုယ်လုပ်ထားတယ်။ ကော်လံ ကျဉ်းကျဉ်း။
အခုတလော ကျနော့်ဘလော့က စာလုံးအရွယ်အစား ၂ ဆ ကြီးနေတာ သဘောကျစရာ။ ဖတ်လို့ အဆင်ပြေမှာပဲ။ တမင် လုပ်ထားတာတော့ မဟုတ်ဘူး။ သူ့အလိုလို ဖြစ်သွားတာ။
ဒီလိုပါပဲ။ Blogspot က သူ့အလိုအလျောက် လျှောက်လုပ်တတ်တယ်။ တချို့ဘလော့တွေကိုလည်း ရက်ပိုင်းလောက် ၀င်ကြည့်လို့မရအောင် ပိတ်လိုပိတ်။
အင်တာနက်မှာ စာလုံးအရွယ်အစားနဲ့ ပတ်သက်ပြီး ရှာကြည့်တော့ အင်္ဂလိပ် ကောလိပ်ကျောင်းဆရာအများစုက စာလုံးအရွယ် နံပတ် ၁၂ ကို သုံးတာ ကြိုက်ကြတယ် ဆိုပဲ။ စာလုံးအမျိုးအစားကတော့ Times New Roman သို့မဟုတ် Ariel
အဲဒီအရွယ် (နံပတ် ၁၂ )ထက် သေးရင်တော့ ဖတ်ချင်စိတ် မရှိကြတော့ဘူး တဲ့။ သိပ်ကြီးရင်လည်း မကောင်းပါ တဲ့။
ဆေးမင်ကြောင်ထိုးရင်တော့ ခပ်ကြီးကြီးထိုးမှဖြစ်မယ်။ သေးလွန်းရင်တော့ ကိုယ့်အရေပြားပေါ်က စာသားကို တပါးသူ မမြင်ရတော့ဘူး၊ အသား အနာခံရကျိုး မနပ်ဘူး ဖြစ်မယ်။
နိုင်ငံတကာမှာတော့ ဘာစာလုံးတွေ ထိုးကြမှန်း မသိဘူး။ မြန်မာပြည်မှာတော့ အမျိုးသားတွေက သတ္တိ၊ ဇွဲ၊ အချစ် ဆိုတဲ့ စာလုံးတွေကို တော်တော်ထိုးကြတယ်။ ဒီအကြောင်းက စိတ်ဝင်စားစရာပဲ။ နောက်မှ ပြောတာပေါ့။
အတွေးအမြင် ဝဝ၎
ဒီညနေ မင်္ဂလာဆောင်တခုကို သွားတယ်။ ကုန်တိုက်မှာ လက်ဖွဲ့ဖို့ ပစ္စည်းတမျိုးမျိုး ကောင်းနိုးရာရာ လိုက်ရှာတာ အများကြီး တွေ့တယ်။ ဘာပေးရမှန်း မသိ။ နောက်ဆုံး နာရီ ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဟုတ်တယ်၊ နာရီကြီးကြီးတလုံး လက်ဖွဲ့လိုက်တယ်။ တိုင်ကပ်နာရီ။ သတို့သား မောင်ပီတာ နဲ့ သတို့သမီး မျိုးတို့ ကြိုက်မကြိုက် မသိ။ ကျနော်ကတော့ ကြိုက်တယ် ဒီနာရီကြီးကို။ အဖြူရောင်နောက်ခံ။ ဘာပုံမှ မပါဘူး။ ဂဏန်း ၁၂ လုံးနဲ့ နာရီလက်တံ၊ ဒါပဲ။
အခု ကျနော်နေတဲ့အိမ်မှာ တိုင်ကပ်နာရီ ၂ လုံး ရှိတယ်။ အိမ်ရှေ့ခန်းတလုံး၊ အခန်းထဲမှာ တလုံး။ ၂ ခုလုံးကို မကြိုက်ဘူး။
ရှေ့ခန်းက နာရီက မစ်ကီးမောက်စ်ကာတွန်းရုပ်နောက်ခံနဲ့။ နာရီဆိုတာ အချိန်သိချင်လို့ ကြည့်တာပဲ။ ဘာကြောင့် ကာတွန်းပုံက ၀င်ရှုပ်နေပါလိမ့်။ ဘဇာကြောင့် ဒီနာရီက တို့ဆီရောက်နေရတာလဲလို့ ကျနော့်မဟေသီကို မေးကြည့်တော့ သူငယ်ချင်းအိမ်ပြောင်းတုန်းက ၀ိတ်လျှော့တဲ့ ပစ္စည်းတခုပါ၊ သူမသယ်နိုင်လို့ အိမ်ကို ရောက်လာခြင်း လို့ ဆိုတယ်။ အလကားရတဲ့နွားဆိုတော့လည်း ရှိစေတော့။
အခန်းထဲက ပန်းပွင့်ပုံတွေနောက်ခံနဲ့ နာရီကြီးကတော့ ဘယ်လိုရောက်လာမှန်းတော့ မသိဘူး။
မနက်အိပ်ယာထရင် အရင်ဆုံး ကြည့်ဖြစ်တာက နာရီ။ ဘယ်အချိန်ရှိပြီလဲ သိချင်လို့။ ၆ နာရီ ၇ နာရီကျော်ကျော် မှိတ်ထားတဲ့မျက်စိကို မနည်း ပြူးပြီး ကြည့်ရတာပေါ့ ထုံးစံအတိုင်း။
ဒီ ပန်းပွင့်နာရီက ဟန်မကျပါဘူး။ ဟန်မကျလည်း သူ့ပဲ မနက်တိုင်း ကြည့်နေရတယ်။ နောက်ခံက ပန်းပွင့်ပုံတွေနဲ့ ဆိုတော့ သတင်းပို့တာ နောက်ကျတယ်။ ကျနော့်မျက်လုံးတွေက ကျနော့်ဦးနှောက်ကို သတင်းပို့တာ နောက်ကျတယ်။ မျက်လုံးက သူက သူ့ကိုယ်သူ အတည်ပြုနေရတော့ ချက်ချင်း သတင်းမပို့နိုင်ရှာဘူး။
ကျနော်သာ တိုင်ကပ်နာရီထုတ်တဲ့ စက်ရုံပိုင်ရှင်ဆိုရင် ရိုးရှင်းတဲ့ နာရီတွေကိုပဲ ထုတ်မယ်။
အလှဆင်မယ်ဆိုရင်လည်း နာရီ အခွံကိုပဲ လှအောင်လုပ်မယ်။ အရောင်ကို ဂရုစိုက်မယ်။ နာရီလက်တံတွေကို လှလှလေး လုပ်လိုက်မယ်။ ဒါပဲ။
နာရီတလုံးရဲ့ အရည်အချင်းဟာ သူ့ကို ကြည့်လိုက်တာနဲ့ ဘယ်အချိန်လဲဆိုတာကို အမြန်ဆုံးပြနိုင်မှုပဲ ဖြစ်ရမယ်။
နာရီကို ကြည့်လိုက်တာနဲ့ ဟယ်- ဘက်ဂရောင်းလေးက လှလိုက်တာ ဆိုရင် ဟန်မကျသေးဘူး၊ နာရီမှာ နောက်ခံပုံ တခုခု ထည့်ချင်သလား ဒါဆို ပြည်ပရောက်နိုင်ငံရေးသမားတွေ စင်ပြိုင်အစိုးရသစ် ဖွဲ့ချင်သလို အဲ - မယောင်ရာဆီလူးချင်သလို ဖြစ်သွားနိုင်တယ်။ တကယ်လို့ ဒီလို မယောင်ရာဆီလူးနာရီမျိုး ထုတ်လိုက်လို့ အရောင်းသွက်တယ် ဆိုရင်လည်း စီးပွားရေးအရ အောင်မြင်ပေမယ့် ကျနော် စိတ်ချမ်းသာမယ် မဟုတ်။ ဒါကြောင့်လည်း လုပ်ငန်းရှင် မဖြစ်တာ ထင်ပါရဲ့။
မိတ်ဆွေတယောက်က ပြောဖူးတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကလည်းကွာ ငါတို့ထက် အရပ် မြင့်ပါတယ်ဆိုမှ ဖိနပ်ကို ထူထူစီးတယ်၊ ပတ်ထားတဲ့ လက်ပတ်နာရီကလည်း အကြီးကြီးပဲ၊ ယောင်္ကျားတွေ ပတ်တဲ့ နာရီမျိုး ဆိုပဲ။ (သူက အကုန်သိတာပဲ။ အဖွားကြီး ဒီနေ့ ဘာပန်းပန်တယ်ကအစ အင်္ကျီ ဘာအရောင်အဆုံး။ စကားမစပ် ပြောရရင်။)
ဒေါ်စုက နာရီကြည့်ရင် အချိန်ကို ချက်ချင်း သိချင်လို့ ဒိုင်ခွက်ကြီးတဲ့ လက်ပတ်နာရီကို ရွေးပုံရတယ်။ ဒါမှမဟုတ် သူ့အမျိုးသားရဲ့ နာရီကို ယူပတ်တာလည်း ဖြစ်နိုင်တာပဲ။
ဘယ်သူ့ဟာပဲ ယူဝတ်သည် ဖြစ်ပါစေ၊ အချိန်ကို ချက်ချင်း သိချင်တယ် ဆိုတဲ့သဘော၊ စိတ်မြန်တဲ့ စိတ်မရှည်တဲ့ စရိုက်ကို ပြတာ။
(ကိုယ်က အကောင်ကြီးမဟုတ်တော့ ဒီလိုပဲ နာမည်ကြီးသူတွေကို ကိုယ့်စာတွေထဲ ထည့်ရေးရတယ်။ ဒီလိုထည့်ရေးတာ ကိုယ်ပိုင်ဟန်တောင် ဖြစ်တော့မယ်။ )
၁၉၉၉ ခုနှစ်တုန်းက ဆူးလေဘုရားရောက်တော့ ဆူးလေဘိုးဘိုးကြီးရဲ့ အဆောင်နန်းထဲ ရောက်ခဲ့ဖူးတယ်။ ဆယ်ပေပတ်လည်ထက် ပိုမကျယ်ပါဘူး ဒါပေမယ့် အဲဒီအခန်းထဲမှာ တိုင်ကပ်နာရီတွေ ချိတ်ထားလိုက်တာ များမှများပဲ။ အလုံး ၂၀ ကျော်တယ်။ အဲဒီအခန်းကျဉ်းထဲ လိုမယ်ဆိုရင် အလွန်ဆုံး နာရီ ၄ လုံးပေါ့။ အရှေ့အနောက် တောင်မြောက်မှာ ချိတ်ထားလိုက်။ ခုတော့ ဗေဒင်ဆရာတွေ ပါးစပ်ဆော့လိုက်လို့ အပူသည်တွေက ယတြာခြေတဲ့အနေနဲ့ လှူကြတန်းကြတယ် ထင်တယ်။ နာရီပြတိုက်လိုလို နာရီပြင်ဆိုင်လိုလို ဖြစ်နေတယ်၊ ဘိုးဘိုးကြီးနတ်နန်း မဟုတ်တော့ဘူး။ နာရီပတ်လည်ဝိုင်းနေတဲ့ ဘိုးဘိုးကြီး ဖြစ်နေတယ်။
အခုနေ ဗေဒင်ဆရာတယောက်ယောက်က မောင်ဇာနည်ဝင်း ယတြာခြေပါ၊ တိုင်ကပ်နာရီတလုံး တနေရာရာကို လှူပါ ဆိုရင် ၀မ်းသာအားရ လုပ်လိုက်မှာပဲ။ လွယ်တယ်လေ အခန်းထဲက ပန်းပွင့်နာရီကို ဖြုတ်၊ ဖုန်သုတ်ပြီး လှူလိုက်ရုံသာ။
ဒီကိစ္စအတွက်တော့ ဗေဒင်ဆရာဆီ မသွားတော့ပါဘူး၊ သူ့ကို ဉာဏ်ပူဇော်ခ ပေးမယ့်အစား ရိုးရိုးရှင်းရှင်း နာရီကြီးတလုံးကိုပဲ ၀ယ်လိုက်တော့မယ်။ ဟို ပန်းပွင့်နာရီကိုတော့ အငြိမ်းစား ပေးရမယ်လေ။ ။
အတွေးအမြင် ဝဝ၃
မနက်ဖြန်ဟာ ချားလ်စ်ဒါဝင်ရဲ့ အနှစ် ၂၀၀ မြောက် မွေးနေ့ဖြစ်တယ်။ ဟုတ်တယ်၊ လူဆိုတာ မျောက်ကနေ ဆင့်ကဲ ဆင့်ကဲ ပုံစံပြောင်းလာတာလို့ ကြေညာခဲ့တဲ့ ဒါဝင်ကြီးရဲ့ မွေးနေ့။ ဒါဝင် ၂၀၀ ပြည့် ကာလမှာ တိုက်တိုက်ဆိုင်ဆိုင် ခုတလော တင်တဲ့ပို့စ်တွေကိုလည်း မျောက်ပုံ ၀ံပုံတွေ တွဲထည့်မိနေတယ်။ ကဲ - နိဒါန်းရဲ့ နိဒါန်းကတော့ ဒီလောက်ပါပဲး)
မိုးမခမှာ ဘာဘာညာညာတွေ လျှောက်ရေးနေတဲ့ ကိုမောင်ရစ်က တခါတလေ ပြောတတ်တယ်၊ "ဘာညာသာရကာ နေကြာ ကွာစေ့" ဆိုပြီး။ အင်း - ဘာမှန်း မသိပါဘူး။ (သူလည်း သိပုံမရ)။ လူရှိန်အောင် ပြောတာလည်း ဖြစ်နိုင်။ သံပေါက် မဟုတ်၊ ဂါထာ မဟုတ်၊ အတိတ်တဘောင်လည်း မဟုတ်။ စကားဝှက်မဟုတ်။ ဒီအကြောင်း တနေ့နေ့တော့ ရေးဦးမှပဲဆိုပြီး တေးထားတာ ခုမှပဲ တကယ်ရေးဖြစ်ပြီ။
ဘာညာသာရကာ
ဒီရဲ့ ဘာညာသာရကာ ဆိုတဲ့ စကားလုံးကြောင့် မြန်မာစာ လေ့လာတဲ့ နိုင်ငံခြားသားတွေ ဂွကျစေမှာ ဧကန်။ ဘာမှန်းမသိတဲ့ စကားလုံး။ ကျနော် ကွန်ပျူတာရှေ့ထိုင်ပြီး ဟိုဟိုဒီဒီ လျှောက်ရေးထားတာတွေကို တချို့တွေကတော့ ပြောပါလိမ့်မယ်၊ ဘာတွေမှန်း မသိ၊ အရေမရ အဖတ်မရလို့။
Gtalk မှာ ဆုံဖြစ်တဲ့ မိတ်ဆွေတယောက်က မေးတယ်၊ မင်း ဘာစာတွေ ရေးနေသလဲ တဲ့။ ဘာညာသရကာ ဆိုပါစို့ကွာ လို့ ပြောလိုက်တယ်။ ဒီစကားလုံး သုံးထည့်လိုက်တာ ကိုယ့်အတွက်လည်းမှန်တယ်၊ အကြောင်းအရာ စုံစီနဖာ ဆိုတဲ့သဘော။ သူ့အတွက်လည်း မှန်တယ်၊ အရေမရ အဖတ်မရတွေ ရေးနေတယ် ဆိုတဲ့ သဘော။ အင်း - ဒီစကားလုံး ဘာညာသာရကာ က ဘာမှန်း မသိပေမယ့် သုံးရတာ ဟန်အကျသား။
နေကြာ
ဗေဒင်တွေ ဘာတွေကို စုံမက်တတ်တယ် ဆိုရင်တော့ နေကြာစေ့ကို အရမ်းကာရော မစားသင့်ဘူး၊ အထူးသဖြင့် ထောင်ထဲကလူတွေ မစားသင့်ဘူး။ ( ကျနော် ရမ်းတုတ်လိုက်တာ သောက်တလွဲ ဖြစ်နိုင်တယ်၊ နေကြာစေ့စားမယ်ဆိုရင် ဗေဒင်ဆရာတယောက်ယောက်ကို ချည်းကပ် မေးမြန်းပြီးမှ စားပါ။ )
မနေ့ညတုန်းက နေကြာစေ့ ချဉ်ခြင်းတပ်လိုက်တာ။ လက်နှစ်ဖက်လုံးက တနေ့ကို ၁၅ နာရီလောက် ကွန်ပျူတာကိုင်နေပေမယ့် နေကြာစေ့ စားဖြစ်တယ် မကြာခဏ။ နေကြာစေ့ လှော်ပြီးသား တပြည်လောက် ဆံ့တဲ့ အထုတ် ဆိုရင် ဘတ် ၁၀၀ (၃ဒေါ်လာ) ပေးရတယ်။ ဘတ် ၅၀ တန် အထုတ်ပဲ ၀ယ်ဖြစ်တယ်။ အိမ်ကလူတွေ အားလုံး စားပေတော့ ၂ရက် ၃ရက်။
နေကြာစေ့ကို စနစ်တကျ မစားတတ်ခင်ကတည်းက အပြတ် အားပေးခဲ့တာ။ အခွံမခွာတတ်တော့ ပါးစပ်ထဲ အစုံလိုက် အပြုံလိုက်ပစ်ထည့်ပြီး ၀ါးတာပဲ။
အခွံခွာပြီးသားဆိုရင် ကောင်းမယ်လို့ တွေးမိဖူးတယ်။
လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဆိုင်တဆိုင်မှာ အခွံခွာပြီးသား နေကြာစေ့ ၁ ထုပ် ၀ယ်စားဖြစ်တယ်။ ကောင်းတော့ ကောင်းတယ်။ အခွံခွာစရာမလိုဘူး။ ခွာစရာ အခွံမှ မပါဘဲ။ ဒီတော့လည်း စားရတာ တခုခု လိုနေသလို ခံစားရတယ်။ အခွံခွာတဲ့အလုပ် မလုပ်ရတော့ တခုခု လိုပြီပေါ့ဗျာ။ ဒါနဲ့ပဲ အခွံခွာပြီးသားဆိုရင် မကောင်းဘူးလို့ တွေးမိပြန်ရော။
အနောက်နိုင်ငံတွေမှာတော့ ပေါင်မုန့် ကိတ်မုန့်တို့ပေါ်မှာ နေကြာစေ့ဖြူးတယ်။
အပေါ်မှာ တွေ့တဲ့အတိုင်း မုန့်ပေါ်မှာ နေကြာစေ့တွေကို နှမ်းဖြူးသလို ဖြူးတတ်ကြတယ်။ ဒါမျိုးမုန့် မစားဖူးပါဘူး။ မြင်ဖူးတာပါ။
နေကြာစေ့စားတာနဲ့ ရုပ်ရှင်ကြည့်တာနဲ့က ဟိုတုန်းကတော့ မြန်မာပြည်မှာ မဟာမိတ်ပဲ။ ဇာတ်ကား အစပိုင်းမှာ နေကြာစေ့အခွံခွာသံတွေ တရုံလုံး ညံနေတတ်တယ်။ ဇာတ်ကား တ၀က်ကျိုးရင်တော့ နေကြာစေ့အသံတွေ တိတ်သွားရော။ နေကြာစေ့ မစားဘဲ ကြည့်ရတဲ့ ရုပ်ရှင်ကားဟာ ကြည့်လို့ကောင်းမယ်မဟုတ်။ ခုခေတ်တော့ ဘယ်လိုရှိမယ် မပြောတတ်။ စီးပွားကျကြတော့ နေကြာစေ့ ၀ယ်စားကြသေးရဲ့လား။
ကျနော် ဆယ်တန်း ပထမနှစ် တက်တော့ အတန်းထဲမှာ နေကြာစေ့ လို့ ခေါ်တဲ့ ကောင်မလေး (သို့မဟုတ် မမ) တယောက် ရှိတယ်။ သနပ်ခါးလိမ်းတယ်၊ ခပ်ပြုံးပြုံး။ သူက နေကြာစေ့ ကြိုက်လွန်းလို့ ဒီနာမည် ရခဲ့ ဆိုပဲ။ ဒီလောက်ပါပဲ၊ သူနဲ့ စကားမပြောဖူးခဲ့တော့ ဒီထက် ပိုပြောစရာ မရှိ။
ကွာစေ့
နေကြာစေ့တော့ အခွံခွာတတ်ပေမယ့် ကွာစေ့ကိုတော့ ခုချိန်ထိ မခွာတတ်၊ ခွာရခက်လို့ မစားဖြစ်။ ၀ယ်ရလည်း ခက်ပါတယ်။ နေရာတိုင်းမှာ မရှိ။ ရန်ကုန်က တရုတ်လူမျိုးတွေကတော့ သူတို့ရဲ့ နာရေးတွေမှာ ကွာစေ့တွေ ပန်းကန်ပြားထဲ ထည့်ပြီး ဧည့်ခံတတ်တယ်။
- ကွာစေ့က အမည်းရောင် ဆိုတော့ ၀မ်းနည်းခြင်းအထိမ်းအမှတ် နာရေးမှာ ကျွေးတာလား။
- ဈေးပေါလို့ ကျွေးတာလား။ ဒါလည်း မဖြစ်နိုင်ပါဘူး၊ တရုတ်အများစုက အနည်းနဲ့ အများ ရေလျှံသားပဲ။
- စကားမပြောစေချင်လို့လည်း မဖြစ်နိုင်။ စားရင်း ပြောလည်း ရတယ်လေ။
ကွာစေ့ဆိုတာ ဖရဲသီးကနေ ရပုံပေါ်တယ်။ ကွာစေ့လို့ ဘာကြောင့်ခေါ်သလဲ ? ခွာလိုက်ရင် အခွံက ကွာသွားပေမယ့် စားမယ်ဆိုပြီး ပြင်လိုက်ရင် အခွံက ပြန်စေ့သွားလို့များလား။
တွေးကြည့်တာပါ။ သြော် - ဘာညာ သာရကာ နေကြာ ကွာစေ့။ ။
အတွေးအမြင် ဝဝ၂

ရန်ကုန်မှာ ပေါများတာ မုန့်ဟင်းခါးဆိုင်။ ရန်ကုန်ကို အထင်ကြီးတဲ့ထဲမှာ မုန့်ဟင်းခါးဆိုင်တွေ ပေါတာလည်း တချက် အပါအ၀င် ဆိုပါစို့ရဲ့။
ကွမ်းယာဆိုင်က ပိုပေါပေမယ့် ကွမ်းမကြိုက်တော့ လမ်းထိပ်တိုင်းလိုလိုမှာ ဖွင့်တတ်တဲ့ ကွမ်းယာဆိုင်တွေအကြောင်း စာမဖွဲ့တော့ဘူး။
ရန်ကုန်မှာ လေးနေရာလောက် ပြောင်းရွှေ့နေခဲ့ဖူးတာ တကြိမ်မှာတော့ တင်တင်အေးမုန့်ဟင်းခါးဆိုင်နားမှာ နေဖြစ်ခဲ့တယ်။ တင်တင်အေး မျက်စောင်းထိုးမှာ ဟိုဒင်း ရှိတယ်၊ စိန်ဥ မုန့်ဟင်းခါးဆိုင် ရှိတယ်။ စိန်ဥဟင်းရည် အရောင်က ဆွဲဆောင်မှု မရှိဘူး၊ အရသာကတော့ ဂွတ်ရှယ်။ တင်တင်အေးဟင်းရည်ကတော့ စားသုံးသူအကြိုက် အရောင်အဆင်းနဲ့။
သူတို့မုန့်ဟင်းခါး၂ဆိုင် ဘယ်ဟာ ပိုကောင်းသလဲ မေးရင်တော့ ၂ဆိုင်လုံး စားလို့ကောင်းပါကြောင်း ဖြေရမယ်။
ကောင်းပေမယ့် စိန်ဥကို ပိုစားဖြစ်တယ်။ ပိုနီးလို့၊ ပြီးတော့ ထိုင်ရတာ ခွေးခြေ လို့ ခေါ်တဲ့ ထိုင်ခုံလေးတွေနဲ့မို့၊ ပြီးတော့ အဲဒီတုန်းက အဲဒီဆိုင်က လူတယောက် ထောင်ထဲရောက်နေတယ် ဆိုတာ ကြားဖူးတော့ ပိုပြီး အားပေးဖြစ်တဲ့သဘော။ (မုန့်ဟင်းခါးစားတာတောင် နိုင်ငံရေးပါသဗျ)
မြောင်းမြဒေါ်ချို ဆိုတဲ့ဆိုင် တခါ ရောက်ဖူးတယ်။ ခုတော့လည်း ပြည်ပရောက်နေလို့ ဒေါ်ချိုရဲ့ အသင့်စားမုန့်ဟင်းခါး (ရယ်ဒီမိတ်)တွေကိုပဲ အားပေးနေရ။
မုန့်ဟင်းခါးကို ပုသိမ်မှာလည်း စားဖူးတယ် ကောင်းတာပဲ။ ဧရာဝတီတိုင်းဟာ မုန့်ဟင်းခါးရဲ့ မွေးဌာနီများလား။
မိုးကုတ်မှာတော့ မုန့်ဟင်းခါးကို နာမည်ဖျက်တဲ့ဆိုင်တခု တွေ့ဖူးတယ်။ အဲဒီဆိုင်က မုန့်ဟင်းခါးကို အမဲသားနဲ့ စီမံသဗျ။ ကျပ်ပြင် ဆိုတဲ့ ဒေသမှာ ရှိတဲ့ဆိုင်။
ငါးရှဥ့်နဲ့စီမံထားတဲ့ မုန့်ဟင်းခါးလည်း ကောင်းတာပဲ၊ ဇင်းမယ်မြို့ ဒွိုင်ဆူထေ့ တောင်ခြေက မိတ်ဆွေတယောက်ချက်တာ တခါတော့ ကြုံဖူးတယ်၊ ငါးရှဥ့်ဟာလည်း ငါးတမျိုး မဟုတ်လား။
ရန်ကုန်ရောက်ခါစတုန်းက မုန့်ဟင်းခါး နဲ့ ပတ်သက်ပြီး ခံရဖူးတယ်၊ အတန်းအပြင်ဘက်မှာ လမ်းသလားနေတုန်း ကျောင်းသားတယောက်က လှမ်းမေးတယ်၊ ဟေ့ကောင် မုန့်ဟင်းခါး စားမလား လိုက်ခဲ့ တဲ့။ သိပ်စားတာပေါ့ကွာ၊ ဒါနဲ့ သူ့နောက် လိုက်သွားတယ်။ မုန့်စားဆင်းချိန် မရောက်ခင် စားရမှာမို့ ၀မ်းသာနေတယ်၊ မုန့်စားဆင်းချိန်ဆို တိုးမပေါက်တော့ ၀ယ်စားရတာ ဟန်မကျဘူးလေ။ သူကောင့်သားနောက် လိုက်ရင်း ပါးစပ်ပြင်လို့ မပြီးသေးဘူး မုန့်ဟင်းခါးဆိုင် မရောက်ဘဲ ခန်းမကြီးတခုထဲက ခုံတွေကို သယ်ရပါရောလား၊ ရန်ကုန်သားတွေ ပြောတဲ့ မုန့်ဟင်းခါးစားတယ်ဆိုတဲ့စကားက လုပ်အားပေး တာကိုလည်း ဆိုလိုမှန်း အဲဒီမှာ သိသွားတာပေါ့။ ၆ တန်း ကျောင်းသားဘ၀ဗျာ။ အီဒီယံတခုကို လက်တွေ့ ပို့ချခံလိုက်ရတာ။
ရန်ကုန်မှာ နောက်ထပ် မုန့်ဟင်းခါး နဲ့ ဆိုင်တဲ့ အီဒီယံတခု ရှိသေး။ "ငါ မုန့်ဟင်းခါး မစားချင်သေးဘူးနော်" တဲ့။ ဒီစကား အဓိပ္ပာယ်က လုပ်အားပေးနဲ့ မဆိုင်ဘူး။ ခင်မင်သူအချင်းချင်း နောက်ပြောင်ပြီးပြောတဲ့စကားဗျာ။ ကားလမ်းကို နမော်နမဲ့ဖြတ်ကူးတဲ့သူ၊ ယမကာ နေ့စဉ် အလွန်အကျွံ သုံးဆောင်သူ စသဖြင့်တို့ကို ဆုံးမတဲ့စကားပါ။ ရန်ကုန်မှာ လူတယောက် ကွယ်လွန်လို့ ရက်လည်ဆွမ်းသွပ်တဲ့နေ့မှာ လာတဲ့ပရိသတ်ကို မုန့်ဟင်းခါးနဲ့ ဧည့်ခံတယ်လေ၊ နာရေးတိုင်းလိုလို မုန့်ဟင်းခါး ကျွေးတယ်။ ဒါဆို "ငါ မုန့်ဟင်းခါး မစားချင်သေးဘူးနော်" ဆိုတဲ့ အဓိပ္ပာယ်ကို သိရောပေါ့။
ရန်ကုန်က နာရေးတွေနဲ့ မုန့်ဟင်းခါး ဘယ်လို ဆက်စပ်သလဲဆိုတာ ဆရာကြီး မင်းသိင်္ခ စုံစမ်းသိရှိထားတယ်၊ အတိအကျ သိချင်ရင်တော့ ဆရာကြီးနောက်ကို လိုက်မေးပေတော့ဗျာ။ ဆရာကြီးက မုန့်ဟင်းခါး ကျွမ်းကျင်သူတယောက်ပေပဲ။ မုန့်ဟင်းခါး ဘာသာရပ်နဲ့ ပတ်သက်တဲ့ အချက်အလက် နောက်တခုကိုလည်း သူ့ရဲ့ ၀တ္ထုတပုဒ်ထဲမှာ ဇာတ်ကောင်တယောက်က ဟောသလို ပြောဖူးတယ်၊ "မုန့်ဟင်းခါးစားပြီးတိုင်း ဟင်းရည်အဆစ်တောင်းတာ သူ့အဖိုးက အစပြုခဲ့တာ" တဲ့။ (သူပြောတိုင်း ယုံရမှာလား၊ သူ့အဖိုးဆိုတာ သေချာပါ့မလား၊ စာရေးဆရာမ တူးတူးသာတို့ အဖိုးလည်း ဖြစ်နိုင်တာပဲ။း)
မုန့်ဟင်းခါးထဲ နံနံပင် ထည့်ရေး မထည့်ရေးကတော့ (မျက်စိမြင်တဲ့) ကလေးတွေရဲ့ အလုပ်ပဲ ဖြစ်သင့်ပါတယ်။
ရန်ကုန်သားတွေက မုန့်ဟင်းခါး စားဖို့ပဲ ၀ါသနာ ပါကြတာပါ၊ မုန့်ဟင်းခါးအကြောင်း ငြင်းခုံဖို့တော့ ကျနော် သိသလောက် သူတို့ ဝေးဝေးရှောင်ကြတယ်။ အစားအစာ ဘာသာရပ်ဟာ အမျိုးသမီးရေးရာလို့ သတ်မှတ်ထားပုံရ။
ရန်ကုန်သားများနဲ့ ၂ခါ ၃ခါ မုန့်ဟင်းခါးအကြောင်း လေပစ်ဖူးတယ်၊ "ဟေ့ရောင် - မုန့်ဟင်းခါးဆိုင် မှန်သမျှ ဟင်းရည် ချိုချို ချက်ကြတာချည်းပဲ၊ ခါးတဲ့အရသာ ငါဖြင့် မကြုံဖူးပါဘူး၊ ဒါကြောင့် မုန့်ဟင်းခါး ဆိုတာ မုန့်ဟင်းငါး ကနေ ရွေ့လာတာဖြစ်မယ်" ပေါ့ဗျာ။ မုန့်ဟင်းခါးဟင်းရည်ဆိုတာ ငါးနဲ့ စီမံထားတာကိုး။ ရန်ကုန်သားများဆီက တုံ့ပြန်ချက် ပြန်မလာပါ။ မုန့်ဖတ် အပေါင်း ဟင်းခါးရည် ညီမျှချင်း မုန့်ဟင်းခါး လို့လည်း မဖြေဘူး။ ဘာမှ မဖြေဘူး၊ မဆွေးနွေးဘူး။ တကယ်ဆို သူတို့ တခုခု ပြောသင့်တာပေါ့၊ ရန်ကုန်သား အတော်များများက မုန့်ဟင်းခါးနဲ့ မျက်နှာသစ်ကြတယ်မဟုတ်လား။
တကယ်တော့ ကျနော်ပြောချင်တာက မုန့်ဟင်းခါးအကြောင်း မဟုတ်ပါဘူး၊ မုန့်ဟင်းခါးထဲ ထည့်တဲ့ သံပုရာသီးအကြောင်းပါ။ မုန့်ဟင်းခါးထဲ သံပုရာညှစ်ပြီး စားကြည့်စမ်းပါ၊ ကြိုက်သွားပါလိမ့်မယ်၊ ကျနော်ကတော့ ကြိုက်သဗျာ။ မစားခင် သံပုရာ မညစ်နဲ့ ဦး၊ တ၀က် ကုန်အောင် စားလိုက်၊ ပြီးမှ သံပုရာညှစ်စား။ အရသာ ၂ မျိုး ရမယ်။
ပြောချင်တာ အရသာလည်း မဟုတ်ပါဘူး၊ အရသာအကြောင်း ရှင်းပြရအောင် ကျနော်က အဲသလောက် ကျွမ်းကျင်သူ မဟုတ်။ ပြောချင်တာက သံပုရာသီး။
သာရေးနာရေးမှာဖြစ်ဖြစ် ဆိုင်မှာဖြစ်ဖြစ် သံပုရာသီးကို ခပ်သေးသေးစိတ်ပြီး ပန်းကန်ထဲ ထည့်ထားပေးတတ်တယ်။ ကောင်းတယ်ဗျာ၊ မုန့်ဟင်းခါး စားပြီးတိုင်း အချိုမှုန့်ဓာတ် လျှာမှာ စွဲကျန်မနေအောင် ဒီသံပုရာသီးကိုပဲ အားကိုးနေရတာ။
လူတချို့က ဒါမှမဟုတ် လူအတော်များများက သံပုရာသီးစိတ်လေးတွေကို ယူညစ်ပြီးရင် အမှိုက်ပုံးထဲ သွားမပစ်ဘူး၊ ဒါမှမဟုတ် သူ့ပန်းကန်ဘေးမှာလည်း မထားဘူး၊ သံပုရာသီးစိတ်ပန်းကန်ထဲပဲ ခပ်လွယ်လွယ် ပစ်လိုက်တယ်။ အကောင်းနဲ့ညှစ်ပြီးသားနဲ့ ရောရတာ သိပ် ၀ါသနာ ကြီးကြတယ်။ သံပုရာသီး ညှစ်ပြီးရင် အချဉ်ဓာတ်က လက်က အညစ်အကြေးတွေကို ဖွပေးလိုက်မှာပဲ၊ အညစ်အကြေး ပေသွားတဲ့ သံပုရာခြမ်းတွေကို ပန်းကန်ထဲ ပြန်ထည့်တော့ ကိုယ့်အညစ်အကြေးတွေကို ပန်းကန်ထဲ ပြန်ထည့်သလို ဖြစ်သွားတယ်။
ဟာ - ဒီငနဲ မြောက်အမေရိကမှာ ခိုလှုံခွင့်ယူပြီးပြန်လာတာ ဘိုတွေရဲ့ စရိုက်တွေ ကော်ပီကူးခဲ့ပြန်ပြီ လို့ အထင်မသေးလိုက်ပါနဲ့ဦး၊ ကျနော်က အညစ်အကြေး ကြောက်တဲ့သူ မဟုတ်ပါဘူး။ အင်း - ဘယ်လို သက်သေ ပြရပါ့။
သေချာတာကတော့ မုန့်ဟင်းခါးစားဖို့ ဟန်ပြင် ပါးစပ်ပြင်၊ အဲဒီအချိန်မှာ ညစ်ပြီးသား သံပုရာခွံတွေကို ဖယ်ပြီး သံပုရာခြမ်းတွေ လိုက်ရှာရတာက (ဘိုဆန်ဆန် ပြောရရင်) စိတ် မသက်မသာ ဖြစ်စရာပါ။ သံပုရာ ပန်းကန်ထဲ သံပုရာခွံ ရှုံ့တွတွတွေ သိပ်များနေပြီဆိုရင်တော့ မုန့်ဟင်းခါးစားခြင်းအနုပညာကို ထိခိုက်တော့တာပဲ။ ကဲဗျာ - ဒီလောက်ပါပဲ။
ခင်ဗျားတို့အိမ်မှာ (နာရေးမဟုတ်ပေမယ့်) မုန့်ဟင်းခါးချက်ဖြစ်ရင် ကျနော့်ကို ဖိတ်လို့ ရပါတယ်။ သံပုရာသီးကိစ္စကိုတော့ မေ့လိုက်ပါဗျာ၊ ဒါက ကျနော့်ရဲ့ အရေးမပါဘူးလို့ ဟန်ဆောင်လို့ရတဲ့ ဇီဇာကြောင်မှု တခုပါ။ ဒီအတွက်နဲ့တော့ ကျနော့်ကို ချန်ထားစရာ မလိုပါဘူး၊ ဖိတ်သာ ဖိတ်လိုက်ပါ၊ မုန့်ဟင်းခါးဝိုင်းမှာ ဝေါဟာရရေးရာ ငြင်းခုန်တာတွေလည်း မလုပ်ပါဘူးလို့ အာမခံပါတယ်။ အင်း - ကြိုတင် တောင်းဆိုချင်တာ တခု ပြောပါ ဆိုရင်တော့ ပထမပွဲမှာ မုန့်ဖတ်နည်းနည်း ဟင်းရည်များများ ထည့်ပေးပါဗျာ။ ။
အတွေးအမြင် (၀၀၁)
သတင်းထောက် မစ္စတာ ပီတာအောင်က ဖိတ်စာတစောင်ပေးတယ်။ သူ့မင်္ဂလာဆောင်အတွက်ပါ။ သူ့ဖိတ်စာကြောင့် မင်္ဂလာ ထပ်ဆောင်ချင်စိတ်တောင် ပေါက်မိပါရဲ့။ သူ့ဖိတ်စာပြာပြာမှာ အနံ့တခု ရှိတယ်။ နံ့သာလား ကရမက်လား ဒီ နှစ်ခုထဲက တခုခုပဲ၊ သဘာဝကျတဲ့ အနံ့။ တခြား ရေမွှေးဖိတ်စာတွေလိုတော့ အနံ့က မစူးရှဘူး။
လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ကျနော်လည်း သူ့လိုမိုက် အဲ - - - ကျနော်လည်း ကျနော့် မင်္ဂလာဆောင်အတွက် ဖိတ်စာရိုက်ဖူးတယ်။ ကူညီသူတယောက်က ဖိတ်စာအတွက် ရေမွှေးနံ့ ထည့်ထားတဲ့ ကတ်ပြား သုံးဖို့ စီစဉ်တယ်။ ကျနော်က သတို့သား ဆိုတော့ သူ့အစီအစဉ်ကို ဗီတိုသုံးလိုက်တာပေါ့။ သူတို့လည်း ကျနော့်ရဲ့ အရူးထမှုကို အူကြောင်ကြောင် ဖြစ်သွားလေရဲ့။ အများနဲ့မတူတော့ အရူးထတယ်လို့ ပြောနိုင်မှာပါ။
ဒီလို ဒီလို၊ ကျနော် ဆယ်တန်း ဒုတိယနှစ်ကတည်းက ဒီ အရူးထတဲ့စိတ် ပေါ်ခဲ့ဖူးတာပါ။ အနံ့ စူးရှလွန်းတဲ့ ရေမွှေးဖိတ်စာတွေကြောင့် ဆိုပါစို့။ တနေ့ မင်္ဂလာဆောင်ဖြစ်ခဲ့ရင်တော့ ငါ့ ဖိတ်စာမှာ ဒီလို စူးရှရှ အနံ့တွေ မပါစေရဘူးပေါ့ဗျာ။ အနံ့ကြောင့် မင်္ဂလာဧည့်ခံပွဲကို မတက်ဘူး ဆိုတဲ့သူတွေ မရှိလို့ ဘယ်သူပြောနိုင်မလဲလေ။
အနံ့စူးစူးဖိတ်စာတွေကို မုန်းတဲ့ ကျနော့်ကို ကျနော့်အစ်ကိုကတော့ နှစ်သိမ့်ဆွေးနွေး အဲ - နားချပါတယ်း) မင်းဖိတ်စာကို ဘယ်သူမှ မနမ်းပါဘူးကွာ တဲ့။ ဒါပေမယ့် မရဘူးလေ၊ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက ကိုယ့်ကိုယ်ကိုယ် ကတိပေးထားတာ ဖျက်လို့ ဘယ်ဖြစ်မလဲ။ ဒါနဲ့ပဲ အနံ့အသက် မပါတဲ့ ကတ်ပြားကို ခက်ခက်ခဲခဲ ရှာပြီး ဖိတ်စာရိုက်လိုက်ရတယ် ဆိုပါစို့။ (ဆိုင်မှာရောင်းတဲ့ ကတ်ပြားတွေက ရေမွှေးနံ့တွေနဲ့ချည်းပဲလို့ မစ္စတာဂျွန်ဂလင်းက ပြောတယ်။)
အခု လက်ထဲရောက်နေတဲ့ ပီတာအောင်ရဲ့ ဖိတ်စာကတော့ (နောက်တခေါက် ထပ်ပြောရရင်) အနံ့ မစူးရှပါဘူး။
မကြာခင် ကျနော့်ရဲ့ အူကြောင်ကြောင် အတွေးတွေကို အထုပ်ဖြည်ပြပါဦးမယ်။
ဒီတကြိမ်တော့ ဖိတ်စာအကြောင်းကိုပဲ ရေးလိုက်ပါတယ်။
ဓာတ်ပုံကို oknation.net/blog/wattanaz/2008/11/22/entry-1 ကနေ ယူပါတယ်။ ပုံထဲက ဆရာသမားနဲ့ အခု စာဖတ်နေသူတယောက်ယောက်နဲ့ တူခဲ့ရင် ခွင့်လွတ်ပါ။ မည်သူ့ကိုမှ မရည်ရွယ်ပါ။း)

[ ကျန်းကျိန် ကို ကျမ်းကျိန် ဟု ပြင်ဆင်ဖတ်ရှုပါရန်း) ]
အိုဘားမား ကျန်းကျိန်ပွဲက မြိုင်လိုက်တာ။ စကားပြောတာချည်းပဲ မဟုတ်ဘူး။ ဒီဇင်ဘာတုန်းက ကြုံခဲ့ရဖူးတဲ့ ခရစ္စမတ်ဆုတောင်းပွဲ အခမ်းအနားတခုနဲ့ တူတယ်။ သီချင်းဆိုတယ်။ သံစုံတီးဝိုင်းလေးတခုကလည်း လက်စွမ်းပြတယ်။ ဘုရားရှိခိုးဆုတောင်းသလိုမျိုး လုပ်တယ်။ (မတူတာတခုကတော့ ကဗျာရွတ်တဲ့အစီအစဉ်ပါပဲ။)
အိုဘားမား စကားပြောတော့ လူတွေ လက်ခုပ်တီး အားပေးကြတယ်။ ရွေးကောက်ပွဲအောင်ပွဲညက ပြောသလိုပါပဲ အားနဲ့ မာန်နဲ့ ပြောသွားတယ်။ အမေရိကန်တွေလည်း မြန်မာတွေ ထိုင်းတွေလို ပွဲကြိုက်ကြပုံရတယ်။ ၁၀ တန်းမှာ သင်ခဲ့ရတဲ့ ဥမ္မာဒန္တီပျို့ထဲက စကားလုံး ယူသုံးရရင်တော့ ကြက်ပျံမကျပေါ့ဗျာ။ ရွေးကောက်ပွဲမှာ ရှုံးသွားတဲ့ ဂျွန်မက်ကိန်းကြီးကိုလည်း လူအုပ်ထဲမှာတွေ့လိုက်ရ။ လူတွေကတော့ အလံတွေ လှုပ်ရမ်းပြီး မြူးနေကြတာ။
ကဗျာရွတ်တဲ့အချိန်မှာ လူတွေ လှုပ်လှုပ်ရွရွ ဖြစ်လာတယ်။ ထပြန်ကြပုံရတယ်။ အမေရိကန်မှာလည်း အရောင်းထိုင်းပုံပဲ ကဗျာက။ ပထမကဗျာက ခပ်တိုတိုပဲ။ ဒုတိယကဗျာကို အဖိုးကြီးတယောက်ရွတ်တော့ အဆုံးပိုင်းမှာ လူတွေ ပြုံးကြတာ သတိထားမိတယ်။ ကဗျာရှည်ကြီးပြီးတော့ နိုင်ငံတော်သီချင်းဆိုမယ်လို့ အခမ်းအနားမှူး အမျိုးသမီးက ကြေညာတယ်။ သီချင်းဆုံးတော့ လူတွေ လက်ခုပ်တီးပြန်ရော။ ဒါပါပဲ အစီအစဉ်က။ စောစောတုန်းက လူကြီးတွေ (သမ္မတဟောင်းကြီးတွေနဲ့သူတို့ရဲဇနီးတွေ) တက်ရောက်ပုံကို ပြတယ်။
CNN က အဆက်မပြတ် ပြနေတာပဲ။ ဘာအစီအစဉ်မှ မပါဘူး။ ကျန်းကျိန်ပွဲကိုပဲ အဆက်မပြတ် တိုက်ရိုက် လွှင့်နေတာ။ (ကြားထဲမှာ ကြော်ငြာ ၃ ခုလောက်တော့ ခပ်တိုတို ထည့်တယ်။ ဂျော်နီလမ်းလျှောက် အရက်ပုလင်းကြော်ငြာ။ ကြော်ငြာထဲမှာ အိုဘားမားလို့ ယူဆရသူတယောက် လမ်းလျှောက်လာပုံလည်း ပါသေး။
ကျန်းကျိန်ပွဲ ပြီးတော့ CNN ဆရာ ဆရာမတွေ ဘယ်လို တင်ဆက်သလဲ လေ့လာကြမယ် ဘာညာ နဲ့ မဟေသီကို ဘေးမှာထိုင်ဖို့ စည်းရုံးပြီး တီဗွီကြည့်ရတယ်။ုကည့်ရင်းနဲ့ ကွန်ပျူတာ သုံးရတာပေါ့။း) သူ့အာရုံကို တီဗွီဆီ ပို့ပေးလိုက်တဲ့သဘော။း)
နိုင်ငံရေးပွဲကြီးက အနုပညာဆန်ဆန် ဘာသာရေးဆန်ဆန် ပြီးသွားတယ်။ အိုဘားမားခရေဇီတွေက ညကတည်းက လာပြီး စုဝေးနေကြတယ် ဆိုပဲ။ ငွေအကုန်ခံပြီး ၀ါရှင်တန်မှာ အင်အားသွားပြကြတာ အကြောင်းရှိမယ်။ ချမ်းချမ်းစီးစီး။ လေက ထန်ထန်။ အိမ်ကနေ (အလုပ်ထဲကနေ) နွေးနွေးထွေးထွေးနေပြီး တီဗွီထိုင်ကြည့်လည်း အကုန်မြင်ရတာပဲဟာ။း)
ခုလေးတင် သမ္မတဟောင်း ဖြစ်သွားတဲ့ ဘုရှ်တို့ လင်မယားကို စစ်ရောင်သုတ်ထားတဲ့ ရဟတ်ယာဉ်ကြီးက ခေါ်သွားတယ်။ သမ္မတ ဒုသမ္မတသစ် စုံတွဲ ၂တွဲက ရဟတ်ယာဉ်တက်တာကို စောင့်ကြည့် လက်ပြနေလေရဲ့ အခု ကြည့်နေတဲ့အချိန်မှာ။
အိမ်ဖြူတော်မှာ သမ္မတဟောင်းရဲ့ အထုပ်အပိုးတွေ အပြင်ထုတ်ပြီး၊ သမ္မတသစ်ရဲ့ သေတ္တာတွေ ပုံးတွေ သွင်းလာတာကိုလည်း မြင်လိုက်ရတယ်။ အိုဘားမားအတွက်တော့ အိုကေသွားပြီ။ အနည်းဆုံး ၄ နှစ်စာ အိမ်လခ ပေးစရာ မလိုတော့ဘူး။ အိမ်အကြီးကြီးမှာ နေရမယ်။ လခလည်း ကောင်းတယ်။ ခေါင်းတော့ ကိုက်ရမယ်။ အမေရိကန်က ကမ္ဘာ့ပုလိပ်ကြီးဆိုတော့ အိုဘားမားက ရဲမှူးကြီးပေါ့။ "ဂေါ့ဘလက်စ်ယူ" ပါ ရဲမှူးကြီးခင်ဗျာ။
ဗိုင်းရပ်စ်တကောင်ကိုက်တာ ခံနေရတယ်။ ဟုတ်ပါတယ်၊ ကိုရီးယား ဗိုင်းရပ်စ်း) Love Story in Harvard ဟားဗတ်တက္ကသိုလ်ချစ်ပုံပြင် ဆိုတဲ့ ကိုရီးယား ဇာတ်လမ်းတွဲ ကြည့်နေတယ် လို့ ကြော်ငြာလိုက်တော့ ကြည့်ဖူးသူတွေက ပြောကြတယ် သူတို့လည်း ကြိုက်သတဲ့။
သရုပ်ဆောင်တွေအကြောင်း အရင်ပြောရရင် မင်းသမီးအဖြစ် Kim Tae-hee ဆိုတဲ့ ကလေးမက သရုပ်ဆောင်တယ်။ သူကို ဂူဂယ်လိုက်တော့ 1980 ဖွားလို့ စွယ်စုံကျမ်းက ဆိုတယ်။ ကိုရီးယားကနာမည်ကြီးတက္ကသိုလ်တခုကနေ ဖက်ရှင်ဒီဇိုင်း ဘာသာရပ်နဲ့ ဘီအေဘွဲ့ ရထားတယ်။ SBS ရုပ်သံဌာနရဲ့ ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ခဲ့သေးတယ်။
ဒီကလေးမကိုကြည့်ပြီး သူ့လို ကြည့်ကောင်းတဲ့တယောက် တို့ဆီမှာလည်း ရှိသားပဲလို့ တွေးမိတယ်။ သူ့ လိုပဲ "သက်မွန်မြင့်"လည်း အဆင်းလှတာပဲ။ ဟုတ်တယ်နော်။
ဒီကလေးမ သရုပ်ဆောင်တာ ကောင်းတယ်။ သရုပ်ဆောင်ဆုကြီးတွေတောင်ရထားတယ် ဆိုပဲ။
ဟောသမှာ ဆုစာရင်း-
* 2007 Daejong Film Awards: Overseas Popularity Award-Female (The Restless)
* 2007 Paeksang Arts Awards: Movie section Popularity Award-Actress (The Restless)
* 2005 Paeksang Arts Awards: TV section Popularity Award (Love Story in Harvard)
* 2004 SBS: Highest Popularity Award for actress (Love Story in Harvard)
* 2004 SBS: 10 Stars Award
* 2004 KBS: New Actress Award (Forbidden Love)
* 2003 SBS: New Star Award (Screen & Stairway to Heaven)
မင်းသားက Kim Rae-won ဆိုတဲ့ ကောင်လေး။ ၁၉၈၁ ခုနှစ်ဖွား။ သူက သရုပ်ဆောင်၊ မော်ဒယ်၊ ဆယ်ကျော်သက်ကတည်းက ရုပ်သံမှာ လှုပ်ရှားခဲ့သတဲ့။ သူလည်း ခေသူမဟုတ် ဘွဲ့ရ ပညာတတ် ဆိုပေမယ့် ရုပ်ရှင်ထဲမှာတော့ အင်္ဂလိပ်စကားပြောခန်းတွေမှာ အသံထွက် အားနည်းတာ တွေ့ရတယ်။ black ကို blat လို့ သုံးလေးခါမက အသံထွက်တယ်း)
ဇာတ်လမ်းကတော့ ဟားဗတ်တက္ကသိုလ်ရောက် ကိုရီးယားကျောင်းသားတွေရဲ့ ကြည်နူးစရာတွေကို ရိုက်ထားတာပါ။ စာသင်တာ စာလေ့လာတာတွေလည်း ပါပါတယ်၊ ခုချိန်ထိ ကြည့်ရသမျှတော့။ နောက်ဆုံးတော့ မင်းသမီးနဲ့ မင်းသား ညားကြလေသတည်း နဲ့ အဆုံးသတ်ထားတယ်၊ ပြီးတော့ ကလေးသုံးယောက်တောင် ရသွားသေးရဲ့လို့ ၀ီကီစွယ်စုံကြမ်းက ဆိုတယ်။
ဝီကီမှာ နိဒါန်းပျိုးထားတာကတော့ ၂၀၀၄ မှာ ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲဖြစ်တယ်၊ အောင်မြင်တယ် တောင်ကိုရီးယားမှာရော အရှေ့အာရှမှာပါ။ အမျိုးသားသရုပ်ဆောင် အင်္ဂလိပ်စကားပြောညံ့တာတောင် အောင်မြင်တယ်။ အမျိုးသမီးသရုပ်ဆောင်တွေက သိသိသာသာကို အင်္ဂလိပ်စကားပြော ပိုကောင်းတယ် တဲ့။ ဟားဗတ် ဆိုပေမယ့် ကယ်လီဖိုးနီးယားမှာရှိတဲ့ တက္ကသိုလ် ၂ခုမှာ ရိုက်ခဲ့တာလို့ ဆိုတယ်။
တနေရာမှာ ဇာတ်ပို့မင်းသမီးက ဗီလိန်ဇာတ်ပို့ (လူကြမ်းမင်းသား)ကို နမ်းဖို့ ကြိုးစားတယ်။ ဟိုသကောင့်သားက အနမ်းမခံဘူး။ ငါက ရှေးရိုးဆန်တဲ့ကောင်ကွ တဲ့။ အဲသလိုပြောပြီး သူက အဲဒီကလေးမကို နမ်းပါလေရော။ ဒီကောင်ကလည်း နေရာတကာ ရှေးရိုးဆန်တဲ့သတ္တ၀ါပဲ။း) ကျနော်တို့နိုင်ငံက အမျိုးသားတွေလည်း သူ့လိုပဲ ရှေးရိုးဆန်ကြမယ်ထင်တယ်း)
ဇာတ်လမ်းက ခပ်တိုတိုရိုက်လို့ရမှာပါ။ နို့ပေမယ့် လနဲ့ချီပြီး တီဗွီမှာ ပြလို့ရအောင် ရိုက်တာက ပညာပဲ။ လူတွေ တီဗီရှေ့လာထိုင်စောင့်ပြီးကြည့်အောင်လုပ်နိုင်တာ ပိုပြီး ပညာပါတယ်။း)
ဇာတ်လမ်းကို လှည့်လိုက်တာ၊ ဆွဲဆန့်တာတွေကို သည်းခံပြီး ကြည့်နေရတယ်။ သူတို့ ဘယ်လို တင်ဆက်သလဲ ဆိုတာကို လေ့လာချင်၊ မင်းသမီးကို ကြည့်ချင်တော့လည်း သည်းခံရတယ်လေ။း) ဘာကြောင့် လူတွေ ကိုရီးယားဇာတ်လမ်းတွဲတွေကို ကြိုက်နေရသလဲ ဆိုတာကိုလည်း လေ့လာဖြစ်တယ်။ လေ့လာဆဲပဲ။ ကျနော့်မဟေသီက စာမေးပွဲတွေ ဆက်တိုက်ရှိနေလို့ ကိုရီးယားလေ့လာမှုကို ခဏဆိုင်းထားရတယ်။ သဘက်ခါတော့ ပြန်အစပြုနိုင်ကောင်းရဲ့။
တရုတ်မတယောက်က ပြောဖူးတယ်၊ ကိုရီးယားမင်းသမီးတွေချောတယ် ဆိုတာ မိတ်ကပ်ကောင်းလို့ပါ ဆိုပဲ။ သူပြောတာလည်း တချို့မင်းသမီးတွေအတွက် မှန်ကောင်း မှန်ပါလိမ့်မယ်။
ရန်ကုန်က ရုပ်ရှင်ဗီဒီယို ဒါရိုက်တာတွေကတော့ ကိုရီးယားကားတွေကို သိပ်အထင်မကြီးဖို့ ပြောတယ်။ သူတို့လည်း စွမ်းဆောင်နိုင်ပါတယ်လို့ ဆိုလိုဟန်ရှိတယ်။
ရုပ်ရှင်တကား အောင်မြင်ဖို့ ဆိုတာ ဒါရိုက်တာကောင်းရုံနဲ့ ဘယ်လုံလောက်မလဲ။ ဒါရိုက်တာဆိုတာ ခေါင်းစဉ်ခွဲလေးတခုပါ။ တခြားခေါင်းစဉ်ခွဲတွေလည်း အနည်းဆုံး ဆယ်ခု ဆယ့်ငါးခု ရှိပါလိမ့်မယ်။ ။ THE EN :D
အလုပ်တခု လျှောက်ထားတယ်။ ကျနော့်မိတ်ဆွေတချို့လည်း အဲဒီမှာ ၀င်လုပ်နေတယ်။ ဘာအလုပ်ပါလိမ့်ဆိုပြီး လိုက်စုံစမ်းရင်တော့ တွေ့မှာပါပဲ။ အဲဒီအခါမှ "ဟင်၊ ဟယ်၊ အမ်၊ အောင်မယ်လေး၊ မထင်ရဘူးနော်" လို့ ပြောတဲ့သူတွေ ရှိနိုင်သလို၊ ငါလည်း အဲဒီမှာလုပ်ဖို့ လျှောက်လွှာတင်ဦးမှပဲ လို့ ဆုံးဖြတ်သူတွေလည်း ရှိပါလိမ့်မယ်။ ကဲ ကျနော့်လျှောက်လွှာ ဖတ်စေ -
သို့
သဘာပတိ
အကြောင်းအရာ။ ။ ဟိုနေ့ကပြောတဲ့ကိစ္စ။
ကျနော့်ကို ၁ နေရာ ပေးပါ။ လိုချင်တဲ့နေရာက ဝန်ကြီးချုပ်။ တကယ်လိုချင်တာက လည်ရာ ပြန်စားရေးဝန်ကြီး ဌာန။ ဒါပေမယ့် သူများ ဦးသွားပြီ။
အဲဒါမရတော့လည်း ကျန်တာ ရွေးယူမယ်လေ။ လစာ ငါးထောင့်ငါးရာ ရနိုင်မယ်လို့ မျှော်မှန်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ “တောင်ကျရေ နွားနှစ်ကောင် မဝ သလိုပ၊ မောင်ဘဖေ ငါးထောင် မရတာကြောင့်” ဆိုတဲ့ ကဗျာလည်း ရှိတယ်မဟုတ်လား။ ဟိုတုန်းက ၀န်ကြီးတွေက ငါးထောင် ရတဲ့သဘော။ ၀န်ကြီးချုပ်ဆိုတော့ သူတို့ထက် ငါးရာ ပိုရသင့်ပေတာပေါ့။
ဝန်ကြီးချုပ်က ဘာတွေလုပ်ရတယ် ဆိုတာတော့ ကျနော်လည်း မသိ။ သိလည်း မသိချင်ဘူး။ တချို့က အဲဒီနေရာအတွက် အသည်းအသန်ဖြစ်နေတယ် ဆိုတော့ အင်မတန် အိုကေမယ့် ရာထူး ဖြစ်လိမ့်မယ် လို့တော့ ထင်တယ်။ ကြုံတုန်း ယူထားတာ ဆိုပါစို့။
ဒီအလုပ်ရရင် ကိုယ့် ရှေ့ရေးအတွက် အထောက်အကူဖြစ်တယ်။ အလုပ်တခုခု လျှောက်တဲ့အခါ ကိုယ်ရေးရာဇ၀င်မှာ ဖြည့်စရာအကြောင်းအရာ တခု ရမယ်လေ။
ပြည်ပမှာ စင်ပြိုင်အစိုးရသစ် ပေါ်တော့မယ်လို့ ကြားတယ်။ ဘာရယ်လို့မဟုတ်ဘူး၊ ကျနော်လည်း နေရာတခုခု ရချင်တယ်။ ဒါပေမယ့် အဲဒီမှာ ၀င်အရွေးခံဖို့ ကျနော့်မှာ အခွင့်အရေး ရှိမယ် မထင်။ ၀မ်းနည်းစရာပဲ။ ဒါကြောင့်လည်း အခွင့်သာတဲ့အခါ ရတဲ့နေရာတခုခု ယူမယ်လို့ ဆုံးဖြတ်လိုက်ရတာပါ။
ဒါပါပဲ၊ နောက်နေ့ တွေ့တာပေါ့။
ကြိုတင်ကျေးဇူးတင်လျက်
မစ္စတာဇက်
စာကြွင်း- သဘာပတိရဲ့ အတည်ပေါက်ပို့စ် ကို ဖတ်အပြီး ဒီလျှောက်လွှာ တင်လိုက်တာပါ။
အိမ်ထောင်ပြုမယ်၊ မင်္ဂလာဆောင်မယ် ဆိုပြီး ရက်ရွေးတော့ လွတ်လပ်ရေးနေ့ကို ရွေးလိုက်တယ်။ နိုင်ငံရေးဆန်တာလည်း မဟုတ်၊ ဗေဒင်ဆရာပေးတဲ့ရက်လည်း မဟုတ်ရေးချမဟုတ်။ ဝေဒပြက္ခဒိန်ထဲက မင်္ဂလာရက်မြတ် ဆိုတာတွေလည်း မကြည့်ဖြစ်။ ရက်ရွေးဖို့ ဦးဇင်းသက်အောင်နဲ့ တိုင်ပင်လိုက်တာပါပဲ။
ဦးဇင်းက နက္ခတ်တွေ ဘာတွေ ကြည့်တတ်ပုံတော့ မရဘူးး) မကြည့်တတ်လည်း အရေးမကြီး၊ သူ့ကျောင်းမှာ မင်္ဂလာဆွမ်းကပ်၊ ပရိသတ်ကိုဧည့်ခံမယ် ဆိုတော့ ကျောင်းက ကိုယ်တော်တွေ အဆင်ပြေမယ့်နေ့၊ ဆွမ်းစားဆောင် အားတဲ့ရက်ကို မေး၊ ဆရာတော်ကိုလျှောက်ပြီး ရက် ၁ ရက် ရသွားတာ။ ဟုတ်ကဲ့ လွတ်လပ်ရေးနေ့ပေါ့း)
ဖိတ်ကြားထားသော ဧည့်သည်တော်များ ကြွရောက်ကြပါတယ်။
စိတ်မကောင်းစရာတခုက မိတ်ဆွေတချို့ကို မဖိတ်ဖြစ်လိုက်တာပဲ။ ကိုဘိုလေး ဆောဒီးဗျား) နောက်တခါ ထပ်ဆောင်ဖြစ်ရင် အသေအချာ ဖိတ်ပါ့မယ်း)
လွတ်လပ်ရေးနေ့မှာ ဆောင်တယ် ဆိုတော့ နှစ်စဉ်နှစ်တိုင်း မင်္ဂလာဆောင်နှစ်ပတ်လည်နေ့ကို လွန်သွားမှ သတိရတာမျိုး ဖြစ်စရာအကြောင်း သိပ်မရှိတော့ဘူး။ လွတ်လပ်ရေးနေ့ဟာ နိုင်ငံတခု အစပြုတဲ့ နှစ်ပတ်လည်နေ့။ ကျနော်နဲ့မဟေသီရဲ့ နှစ်ပတ်လည်နေ့။
အိမ်ထောင်ပြုပြီးပြီဆိုတော့ လူလွတ်သူငယ်ချင်းတချို့က မေးကြတယ်၊ အိမ်ထောင်ပြုတာ ကောင်းလား မကောင်းလား။ ဒီလို မေးခွန်းတွေက စွန့်စားတော့မယ်သူတွေ မေးတတ်တယ်လေ။ ဒီတော့ သူတို့စိတ်ကြိုက် ဖြေသင့်တာပေါ့။ ကောင်းတယ် လို့ပဲ ဖြေလိုက်ရုံး)
ငယ်တုန်းက ဖတ်ဖူးသလိုပါပဲ အိမ်ထောင်ပြုတယ်ဆိုတာ ကိုယ့်ဘ၀ ကိုယ့်အချိန်တွေ သူ့ကိုတ၀က်ပေး၊ ကိုယ်ကလည်း သူ့ဆီက တ၀က်ပြန်ယူတဲ့သဘောပါ။ အပြန်အလှန် နစ်နာကြတာပဲ။ အဲသလိုပဲ ဖြေဖြစ်တယ်။
ပထမ နှစ်ပတ်လည်နေ့တုန်းက မဟေသီကို ပြောဖူးတဲ့ ဟာသတပုဒ် ရှိတယ်။
"ကျမတို့ အိမ်ထောင်သက် ၂၀ ပြည့်အထိမ်းအမှတ် အနေနဲ့ ခြံထဲက ကြက်တကောင်ကိုချက်ပြီး ညစား စားလိုက်ကြရအောင် လို့ ဇနီးသည်က ပြောတယ်။ သူ့ယောက်ကျားက ဘာပြန်ပြောသလဲ ဆိုတော့ မလုပ်ပါနဲ့ကွာ လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းကဖြစ်ခဲ့တဲ့ မှားယွင်းမှုအတွက် ဒီကြက်ကလေးမှာ အပြစ်မရှိပါဘူး" တဲ့း)
ဒီနှစ်မှာ ပြောဖြစ်တဲ့ နောက် ဟာသ တပုဒ်က နှစ်ငါးဆယ်ပြည့် အိမ်ထောင်သက်အတွက် ညစာ ထွက်စားတဲ့လင်မယား အပြန်လမ်းမှာ ယောက်ကျားက မျက်ရည်ကျတဲ့အကြောင်း။ သူ့မိန်းမ ထင်တာက ၀မ်းသာလို့ ကျတဲ့မျက်ရည်ပေါ့။ နောက်ဆုံးတော့ ယောက်ကျားက ပြောပြတယ်၊ ငါ လက်မထပ်ခင်က အကြောင်းတွေကို စဉ်းစားနေတာပါ၊ အဲဒီတုန်းက မင်းအဖေက ငါ့ကို သေနတ်နဲ့ချိန်ပြီး ခြိမ်းခြောက်တယ်၊ ငါ့သမီးကို ယူရင်ယူ မယူရင်တော့ မင်းကို ထောင် အနှစ် ၅၀ ချမယ် တဲ့။ အင်း - ထောင်အချခံလိုက်ရင်တော့ မနက်ဖြန်ဆို ငါ လွတ်ပြီး) ဆိုပဲ။
ဟာသဖတ်ပြီး ရယ်လိုက်တာ ကောင်းပါတယ်း) မရယ်ရင်တော့ ၀မ်းနည်းရမယ်း)
ဇာနည် ဆိုတဲ့ နာမည်ကို ဘယ်သူမှည့်ပေးတာလဲ၊ အင်္ဂလိပ်လို Zarny လို့ ဘာကြောင့် စာလုံးပေါင်းရတာလဲ၊ နှစ်သစ်မှာ ဘာလုပ်နေလဲ -
ဘယ်သူမှ မမေးတဲ့ မေးခွန်းတွေကို ကိုယ်တိုင်မေး ကိုယ်တိုင်ဖြေရရင် - ဇာနည်ဆိုတာ မြန်မာပြည်မှာကတည်းက သုံးခဲ့တဲ့ နာမည်တခု။ ကျနော့်မိတ်ဆွေ ကိုချစ်တင်က ပြောတယ် - "မင်း နာမည်ဝှက်တခုပေးပါ၊ နောက်ပိုင်း အဲဒီနာမည် ဆက်သုံးကြမယ်" တဲ့။ လုံခြုံရေးအတွက် သုံးခဲ့ရတဲ့ အမည်ဝှက်တွေထဲက တခုပေါ့။ ဒီလိုနဲ့ အသုံးတွင်လာတယ်။
ကျားမ မရွေး သုံးကြတဲ့ ဒီနာမည်ကို အများစုက အင်္ဂလိပ်လို Zarni လို့ စာလုံးပေါင်းတယ်။ "I" နဲ့ ပေါင်းကြတယ်။ ကျနော်ကတော့ "Y" နဲ့ ပေါင်းတယ်။ အများနဲ့မတူချင်လို့ ထွင်တာလား မေးလာရင် မဟုတ်ပါ လို့ ဖြေရမယ်။ Hotmail နဲ့ Yahoo ၊ နောက်ပိုင်းမှာ Gmail အီးမေးလ် အကောင့်တွေ ဖွင့်တဲ့အခါ "I" နဲ့ က သူများတွေ ဦးသွားကုန်ပြီ။ ဒါနဲ့ လက်ကျန် "Y" ကို သုံးဖြစ်သွားတယ်။ အဲဒီလို စာလုံးပေါင်းရင်လည်း အသံထွက် မှန်နေတာပဲလေ။
နှစ်သစ်ကူးမှာ ဘာတွေလုပ်ဖြစ်သလဲ ဆိုတော့ အင်း - သိပ်မထူးခြားပါဘူး၊ ခါတိုင်းနေ့တွေလိုပဲ ကွန်ပျူတာရှေ့ ထိုင်တယ်။ ဒါဆို ဘာတွေ မလုပ်ဖြစ်ဘူးလဲ ဆိုတော့ -
၁။ ညစ်ပတ်ပြီး အနံ့နည်းနည်းထွက်နေတဲ့ အိမ်ကခွေး၂ကောင်ကို ရေမချိုးပေးဖြစ်သေးဘူး (သူတို့ကလည်း မတောင်းဆိုပါ၊ ဒါနဲ့ပဲ သူတို့နဲ့ တသွေးတသားတည်းရှိကြောင်း ကိုယ့်ရပ်တည်ချက်ကို အခိုင်အမာ ပြသတဲ့အနေနဲ့ ဒီကနေ့ ကျနော် ရေမချိုးဘူး)၊
၂။ ကျန်းမာရေးလေ့ကျင့်ခန်း ဆိုတာတွေ မလုပ်ဖြစ်သေးဘူး၊
၃။ ဘာသာရေးအတွက် အချိန်မပေးဖြစ်သေးဘူး၊
၎။ ပြောတတ်ချင်တဲ့ ယိုးဒယားစကား၊ ဂျပန်စကားတွေကို မလေ့လာရသေးဘူး။
လုပ်ဖြစ်တာတွေထဲက တခုကတော့ အဟောင်းဆိုင် သွားတယ်။ ဘတ် ငါးဆယ်တန် အင်္ကျီအဟောင်း ၄ ထည် ၀ယ်ဖြစ်တယ်။ တီရှပ် ၃ ထည်၊ ရှပ်အင်္ကျီ ၁ ထည်။ ငွေ ၂၀၀ ပေးတော့ ၅၀ ပြန်အမ်းတယ်။ ဆိုင်ရှင် အတွက်မှားသလား လျှော့ပေးတာလား မသိဘူး။ အမ်းတဲ့ငွေကို ကိုင်ပြီး သူ့ကို ပြန်ကြည့်ပေမယ့် သူက ဂရုမစိုက်ဘူး။ ကိုယ်လည်း စကားမတတ်တာနဲ့ ကျေးဇူးတင်ကြောင်းပြောပြီး အဟောင်းဆိုင်ကနေ ပြန်ခဲ့တယ်။ ( ကျေးဇူးတင်ကြောင်းတော့ ယိုးဒယားလို တတ်တယ်။ ကျနော် ပြောတတ်တဲ့ စကား လေးငါးခွန်းထဲမှာ အဲဒါလည်း ပါတယ်။ )
အဟောင်းဆိုင်တွေအကြောင်း ရေးဦးမှပဲ၊ အစားအသောက်အကြောင်းတွေလည်း ရေးချင်နေတာ ကြာလှပေါ့၊ နိုင်ငံရေးအကြောင်းတော့ ရေးရတာ ငြီးငွေ့ပြီး) မနက်ဖြန်လည်း ပို့စ်ခပ်တိုတိုလေးဖြစ်ဖြစ် တင်လိုက်ဦးမှ စသဖြင့် ဒီကနေ့ စဉ်းစားမိတယ်။
မနက်ဖြန်က ကျနော့်အတွက် အရေးကြီးတယ်။ ဘာကြောင့်လဲ ဆိုတော့ - အင်း - အဲဒီအကြောင်း မနက်ဖြန်မှ ပြောပြပါမယ်လေ။ ။
နှစ်သစ်ကူးပြီ၊ အသက်တနှစ်ပိုကြီးလာပြီ ဆိုတဲ့ ဟိုကလေးတယောက်ရဲ့ စကားက ကျနော့်အတွက် အင်မတန် မှန်တယ်။ ဟိုနေ့က မွေးနေ့ဗျာ။ လေးဆယ် နီးလာပြီဗျာ။း) အဲဒီနေ့က အလုပ်ထဲကလူတွေ အကုန်လုံး နေ့လည်စာ အ၀ စားကြတယ် မြို့ပြင်က အပန်းဖြေစခန်း (resort)တခုမှာ။ မစားခင် (ရော စားအပြီးမှာပါ) တယောက်ပြီးတယောက် ပြောကြ ဆိုကြ ရှေ့နှစ် ဘာလုပ်မလဲ အကြံပေးကြ။
အကြံပေးကြမှာပေါ့၊ အလုပ်ထဲကလူတွေ အဲဒီနေ့က အဲဒီနေရာသွားပြီး ဆွေးနွေးကြတာကိုး။ တနှစ်လုံး ဘာတွေလုပ်ခဲ့လဲ၊ ရှေ့နှစ် ဘာလုပ်မလဲ ဆိုပြီး။ စကားပြော၊ စားသောက်၊ ဗရုတ်ကျကြတာ ညနေစောင်းသွားတယ်။ ကိုယ့်မွေးနေ့ပွဲ လုပ်ပေးတာတော့ မဟုတ်ပါဘူး။ မွေးနေ့နဲ့ ဆွေးနွေးပွဲ လုပ်တဲ့နေ့ တိုက်ဆိုင်သွားတာ။း)
ဒီနေ့က နှစ်ဆန်းတရက်နေ့။ မနေ့က နှစ်သစ်ကူးညမှာ ကျနော် ဘာမှ မဖြစ်ခဲ့ကြောင်း အကြောင်းကြားတဲ့အနေနဲ့ ဒီပို့စ်ကို ရေးပါတယ်။ (အပေါ်၂ပိုဒ်က နိဒါန်း။ ) သိတဲ့အတိုင်းပဲ မင်္ဂလာရှိတဲ့အချိန်လို့ သတ်မှတ်ကြတဲ့ နှစ်သစ်ကူးမှာ ယာဉ်တိုက်မှုတွေ မူးပြီးရန်ဖြစ်တာတွေ ရှိတယ်ဆိုတော့ ကိုယ့်ကို စိတ်ပူသူတွေ မတော်တဆ ရှိခဲ့ရင် ခမျာများ စိတ်အေးရအောင် ဒီပို့စ်နဲ့ သတင်းပို့ပါတယ်။ နှစ်သစ်မှာ ထိခိုက်ဒဏ်ရာရမှု မရှိ ပေါ့ဗျာ။ မနေ့ညက ဘန်ကောက် ကပွဲရုံတခုမှာတော့ နှစ်သစ်ကို ကြိုတဲ့သူ ၅၀ ကျော် သေဆုံးခဲ့တယ် တဲ့ ရေဒီယိုမှာ ကြားလိုက်ရး(
ဒီနေ့ နေ့ခင်း ချင်းမိုင်မြို့ပြင်က ဟွေ့တင်ထောက် (Huay Tueng Tao) ရေကန်ကြီးကို သွားတယ်။ ၀င်ကြေး တယောက်ကို ဘတ် ၂၀။ ကမ်းစပ်က ဆိုင်တခုမှာ ထိုင်တယ်၊ မြန်မာပြည်သား ၅ယောက်၊ အာဖရိတိုက်ကတယောက်၊ အင်္ဂလိပ်တယောက် ပေါင်း ၇ ယောက်။ ထိုင်းအစားအစာ စားတယ်။ ပုဇွန်အစိမ်းသုတ် ဆိုတာ ရောက်လာတော့ အဖုံးဖွင့်ကြည့်တာ အဖြူရောင် ပုဇွန်ဆိတ် ၁ ကောင် ခုန်ထွက်လာလို့ ပြန်အုပ်ထားရတယ်။ ပုဇွန်ဆိတ်အရှင်လေးတွေကို ငါးပိရည်၊ ငရုတ်သီး စသဖြင့်တို့နဲ့ နယ်ထားတဲ့အသုတ်။ တယောက်က ဇွန်းနဲ့ ရောသမမွှေလိုက်ပြီး လေးငါးမိနစ်ကြာတော့ ပုဇွန်ဆိတ်တွေ ခုန်မထွက်တော့ဘူး။ နောက်တယောက်က မှတ်ချက်ချတယ်၊ ပုဇွန်အစိမ်းသုတ် မဟုတ်ဘူး အဲဒါ ပုဇွန်အရှင်သုတ် တဲ့။ တယောက်က မစားဘူး။ ငါးပိ မကြိုက်လို့ ဖြစ်နိုင်။ ကျန်တဲ့သူတွေက စားတယ်။ ပုဇွန်ဆိတ်လေးတွေက သေးလွန်းတော့ စားဖြစ်ကြတာဖြစ်မယ်။ အကောင်ကြီးရင်တော့ အရှင် စားဖို့ ၀န်လေးမှာပဲ။ (မျောက်ကို ကြိုးတုပ်၊ စားပွဲပေါ်မှာ တင်၊ ပြီးတော့ ဦးနှောက်ကို ဖောက်စားတာမျိုးရုပ်ရှင်ထဲ မြင်ဖူးတယ်။ အပြင်မှာ ဒီလိုစားတာ တကယ်ရှိလို့ ရိုက်ပြတဲ့သဘောဖြစ်မယ်။)
လူတွေက အများကြီးပဲ။ ကားတွေ ဆိုင်ကယ်တွေနဲ့ လာကြတယ်။ ဆိုင်ထဲကနေ လှမ်းကြည့်တော့ ရေကန်ထဲမှာ ရေဆင်းချိုးသူတွေ တွေ့တယ်။ အဲဒီအုပ်စုက မြန်မာစကား ပြောကြတယ်။ ရှမ်း ကချင် ပလောင်တွေနဲ့ တူတယ် သူတို့ က။ လူမျိုးမတူလို့ မြန်မာစကားကို သုံးကြတာပဲ။ တူရင်တော့ ကိုယ်ပိုင်စကားကို သုံးကြလိမ့်မယ်။ ဘေးက ဂစ်တာနဲ့အုပ်စုကလည်း မြန်မာပြည်ကဖြစ်နိုင်တယ်ဆိုတာ တဖြည်းဖြည်း သတိထားမိတယ်။ ဆိုတာက ရှမ်းသီချင်းတွေ။ သောက်တာက ၀ီစကီ။
ကျနော်တို့ဝိုင်းမှာလည်း ဘီယာ ၂ ပုလင်း ကို ၃ ယောက် သောက်ကြတယ်။ နာမည်ပျက်ရုံသောက်တဲ့သဘောဖြစ်မယ်။ အာဖရိက ဆရာသမားက ဖျာပေါ် မထိုင်တတ်ဘူး။ ခြေထောက်ကွေးပြီး မထိုင်တတ်ဘူး။ ဂျင်းဘောင်းဘီဝတ်ထားတာကြောင့်ဖြစ်မယ်။ ရုပ်ရှင်ထဲက အာဖရိကသားတွေကတော့ မြေကြီးပေါ် ထိုင်နေတာပဲ။ နောက်ဆုံးတော့ ဆိုင်ရှင်က သူ့အတွက် ခွေးခြေတလုံး ယူလာပေးမှ အဆင်ပြေသွားတယ်။ ရလဒ်က ကျနော်တို့ဝိုင်းကို လူတွေ ကွက်ကြည့်ကွက်ကြည့်ပေါ့။ ဒီဆရာ သူများထက် ခွေးခြေတလုံး ပိုမြင့်လို့လေ။ မျက်လုံးထဲ မြင်ကြည့်ပါဦး။ အားလုံးထိုင်တာက ကွပ်ပျစ်ပေါ်က ဖျာပေါ်မှာ။ သူက ဖျာပေါ်မှာ ခုံအသေးလေးနဲ့။း)
ချင်းမိုင်မှာတော့ လူတွေက နှစ်သစ်ကို အပြင်ထွက်ပြီး ကူးကြတယ်။ လမ်းမကြီး လမ်းကြိုလမ်းကြား ကားတွေ အပြည့်ပဲ။ မြို့ပြင်က အဲဒီရေကန်မှာတောင် လူတွေ ပြည့်နေတယ်။ တခြားမြို့ကလူတွေလည်း ရောက်လာကြ၊ အဝေးရောက်နေသူတွေလည်း ပြန်လာကြတာကြောင့် ဖြစ်နိုင်။
မနှစ်တုန်းက မြန်မာနှစ်သစ်ကူးမှာ သူငယ်ချင်းတယောက်ဆီ သွားလည်ဖူးတာ သတိရတယ်။ မဲဆောက်မြို့ပြင်က အလုပ်သမား တန်းလျားတခုမှာ။ သူက ကျနော့်မဟေသီရဲ့ ငယ်သူငယ်ချင်း။ ကျနော်တို့ကို ပက်ပ်စီ၂ပုလင်းနဲ့ ဧည့်ခံတယ်။ အကြွေးဝယ်လာတာ လို့ ဆိုတယ်။
(ဒီစာရေးနေတုန်း မဟေသီက နောက်ကနေ မေးတယ်၊ မဟေသီ ဆိုတာ ဘာလဲ တဲ့။ မဟေသီ ဆိုတာ မိဖုရားကြီးလို့ အဓိပ္ပာယ် ရကြောင်း ဘာသာပြန်ပေးလိုက်တယ်။ မြန်မာစကားက သူ့မိခင်စကားမဟုတ်တော့ ကျနော့်ကို အဲသလို မေးတတ်တယ်။ ကျနော့်အဖြေ ကြားတော့ သူက နှာခေါင်းရှုံ့ပြတယ်။ သူက မိဖုရားကြီးဆိုတော့ ကျနော်က ဘုရင် ဆိုတဲ့သဘော သက်ရောက်သွားတယ်လို့ ထောက်ပြတယ်။ ဟုတ်သားပဲ။ မိဖုရားကြီးဆိုမှတော့ မိဖုရားငယ်တွေလည်း ရှိနိုင်မယ်လို့ သူ့ကို ပြန်နောက်လိုက်တယ်။း)
ပက်ပ်စီ ၂ပုလင်း အကြွေးဝယ်တာ ပြန်ဆက်ဦးမယ်။ သူက ဟိုကာတွန်းထဲကလို "စားဟေ့ အားမနာနဲ့ စောစောက တွန်တဲ့ကြက်ကို ချက်ထားတာ" လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သူတို့မှာ ဒီ၂ပုလင်းဖိုးလောက်တော့ ပိုက်ဆံရှိပါတယ်။ သူ ထပ်ရှင်းပြတာက နှစ်သစ်ကူးမှာ ငွေမသုံးဘူး၊ ငွေမထွက်ဘူး တဲ့၊ နှစ်ကူးမှာ ငွေအထွက်ခံလိုက်ရင် တနှစ်လုံး ငွေတွေ ထွက်လိမ့်မယ်လို့ အယူရှိတယ် တဲ့။ မင်္ဂလာရှိတဲ့အချိန်မှာ တွေ့ရတတ်တဲ့ သူတို့ရဲ့ဓလေ့။
သူတို့က မွန်ပြည်နယ် တနေရာကနေ မဲဆောက်ရောက်လာကြတာ။ နှစ်ဆန်းတရက်နေ့မှာ ငွေမထုတ်ဘူး အကြွေးဝယ် တယ် တဲ့။ အကြွေးမရရင် အငတ်ခံမယ် ပေါ့။
ဒါဆို တနှစ်လုံး အကြွေးဝယ်ရတော့မယ်၊ မကြာခဏ ငတ်ပြတ်တော့မယ် လို့ ပြောင်းပြန် ယူဆသူလည်း ရှိမှာပဲ။ နှစ်ကူးမှာ အကြွေးမ၀ယ်ဘူး၊ ၀၀စားမယ်၊ များများစားမယ်ပေါ့။ ဒီလိုယူဆသူလည်း ရှိမှာပါ ကမ္ဘာပေါ်မှာ လူမျိုးစုံ ဓလေ့မျိုးစုံ မဟုတ်လား။
ကျနော်ကတော့ ဓလေ့တွေကို သိပ်ဂရုမစိုက်ခဲ့ဘူး။ အခု အသက်ကြီးလာတော့လည်း ဂရုမစိုက်ဘူး။ အထင်သေးတာမျိုးလည်း တဖြည်းဖြည်း နည်းလာတယ်။ ဟိုတုန်းကတော့ ဒါမျိုးတွေ (ကိုယ်မလုပ်တာတွေ) တွေ့ရင် ပြက်ရယ်ပြုတာ အထင်သေးတာ ထုံးစံပဲ။ ခုတော့ တယောက်ယောက်က ဒါကိုယုံတယ်ဆိုရင် သြော် - အင်း - အင်း ပေါ့။ အထင်မသေးဖို့ ပြီးတော့ အထင်မကြီးဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးဖြစ်တယ်။
Resolution ဆိုတာလည်း ရှိတယ် လူတချို့မှာ။ နှစ်သစ်မှာ ငါဘာလုပ်မယ် ဆိုပြီး ဆုံးဖြတ်ထားတာမျိုး။ ကျနော့်မှာတော့ အဲဒါမျိုး မရှိဘူး။ နှစ်သစ်မှာ နှစ်ဟောင်းကဟာတွေပဲ ပြန်လုပ်မှာပဲ။ အထင်သေးလည်း မတတ်နိုင်ဘူး။ နှစ်ဟောင်းကဟာတွေ ဆိုတဲ့ထဲမှာ မကောင်းတာတွေရော ကောင်းတာတွေရော ပါမယ်။
နှစ်သစ်မှာ လူဟောင်း စိတ်ဟောင်းနဲ့ပေါ့။
၂၀၀၈ မှာ ကောင်းတာရော မကောင်းတာပါ သိပ်မလုပ်ဖြစ်ဘူး ထင်တာပဲ။ ကိုယ်ဘာတွေ လုပ်ခဲ့တယ်ဆိုတာ ပြန်မကြည့်ဖြစ်။ ၂၀၀၉ မှာ ဘာလုပ်မယ် ဆိုတာလည်း ဒီနေ့ နှစ်ဆန်းတရက်နေ့အထိ မတွေးဖြစ်သေးဘူး ထင်တာပဲ။ မတွေးချင်တာလည်း ပါပါတယ်။ ကျနော်က အဲဒီလို လူစားမဟုတ်ဘူး။ နှစ်သစ်ကူးကာလမှာ ဒါမျိုးတွေ မတွေးတတ်ဘူးလို့ ပြောတာပါ။ ဘာလုပ်ဦးမှပဲ ဘာတွေပြုပြင်ဦးမှပဲ ဆိုတာကတော့ တခါတလေ တွေးဖြစ်တာပေါ့။ နှစ်သစ်ကူးချိန်အထိ စောင့်မနေနိုင်။ ဒါပဲဗျာ။ ဘုဂလန့်ပို့စ် ဖြစ်သွားပြီလား မသိ။း)