အပေါ်က Jobs ဆိုတဲ့ ခေါင်းစဉ်ကို နှိပ်ပါ။ ကျေးဇူးရှင် Read more ပျက်နေပုံရ။း(
ကျနော့်ရဲ့ မပုတင် (မှတ်ပုံတင်) မှာ ကိုးကွယ်သည့်ဘာသာ ဆိုတဲ့ ဖော်ပြချက် ပါတယ်။ တခြားနိုင်ငံတွေမှာ မှတ်ပုံတင်ကတ်ပြားပေါ် ဒီလို မဖော်ပြကြဘူးလို့ ဆိုတယ်။ သူရို့ဆီက အာဏာပိုင်များက သူရို့ ခွဲခြား ဆက်ဆံခံရမှာ စိုးရိမ်ပုံရတယ်။
အလုပ်အကိုင် ဆိုတဲ့နေရာမှာတော့ ကျောင်းသား လို့ ဖြည့်ထားတယ်။ လဝကရုံးရဲ့ လက်ရာလေ။ အလုပ်အကိုင် “မရှိ” လို့ ဖြည့်လည်း ရတဲ့ဟာကို။ အလုပ်အကိုင်ဆိုတာ ဝင်ငွေရှိတဲ့ အလုပ်ကို ဆိုလိုတာ မဟုတ်ဘူးလား။ ကျောင်းသား ဆိုတာ ဝင်ငွေမရှိ၊ ထွက်ငွေသာရှိ။
တောကနေ ရန်ကုန်ရောက်တော့ အလုပ်အကိုင် မျိုးစုံ တွေ့ဖူးတာပဲ။
တချို့အလုပ်တွေက တောသား ကျနော် အတွက် အံ့အားသင့်စရာ။
ဥပမာ - အိုးတိုက် ဖွဲပြာရောင်းတဲ့အလုပ်ဗျာ။ တောမှာတော့ ဖွဲပြာ ရချင်ရင် ဆန်စက်မှာ သွားကျုံးပေတော့။ (ဖွဲပြာ ဆိုတာ မီးရှို့ထားတဲ့ စပါးခွံမှန်း လူတိုင်း မသိဘူး။ သိစရာလည်း မလိုပါ။) ဆန်စက်မှာ ဖွဲပြာက တောင်ပုံယာပုံ။
ဓားသွေးတဲ့ အလုပ်ကလည်း စိတ်ဝင်စားစရာ။ တောသားအတွက် အသစ်အဆန်း။ တလမ်းဝင် တလမ်းထွက်ပြီး ဓားသွေးတယ် ကပ်ကျေးသွေးတယ်လို့ လိုက်အော်တဲ့သူကို ရန်ကုန်ရောက်မှ တွေ့ဖူးတယ်။
ဦးရှင်ကြီး တင်တဲ့ဆရာက ပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ်။ ကျနော်တို့ ရှမ်းပြည်မှာ ဦးရှင်ကြီးမှ မရှိတာ။ ဦးရှင်ကြီးဆရာက ဆိုက်ကားနဲ့ ရောက်လာတတ်တယ်။ ကျနော်တို့ အမေက ရေလမ်းခရီး မသွားပေမယ့် အရောင်းအ၀ယ် အဆင်ပြေအောင် ဦးရှင်ကြီး တင်တတ်တယ်။ ဒီတော့ လည်း ကျနော်က မုန့်ဆမ်း စားဖူးသွားတယ်။ စားလို့ ကောင်းသားပဲ။ အမြဲတော့ မတင်ပါဘူး။ တနှစ်ကို တခါ လောက်ပါပဲ။
ခြင်ဖမ်း ဆိုတဲ့ အလုပ်အကိုင် ကြားဖူးကြလား။ ခြင်တွေကို လိုက်ဖမ်းတဲ့ အလုပ်နဲ့တော့ ဆက်စပ်တယ်။ ဆေးသုတေသနအဖွဲ့က နယ်တွေကို ငှက်ဖျားပိုးနဲ့ ပတ်သက်ပြီး ကွင်းဆင်းတဲ့အခါ ခြင်ဖမ်းတဲ့အလုပ် လုပ်တယ်။ ခြင်ဖမ်း ဆိုတဲ့လူက ခြင်ဖမ်းတဲ့လူ မဟုတ်ဘူး။ ဒီလို ဒီလို - လူတယောက်က ပထမဦးဆုံး ခြင် အကိုက်ခံရတယ်၊ ခြင်က သူ့ လက်ပေါ် ဒါမှမဟုတ် ပခုံးပေါ် နားရောဗျာ၊ ပြီးရင် သွေးစုတ်မယ်၊ အဲဒီခြင်ကို ပလပ်စတစ်ပိုက်အကြည်နဲ့ ထိုးလိုက်တော့ ခြင်က ပိုက်ထဲ ၀င်သွားရောဗျာ။
သွေးစုတ်တာကို ငြိမ်ခံရမယ်၊ သွေးစုတ်နေတုန်းး မဖမ်းရဘူး၊ သူ သွေးဝသွားပြီ ဆိုတဲ့အချိန်မှ ပိုက်နဲ့ ထိုးလိုက်ရတာ။ အကျဉ်းချထားတဲ့ခြင်ကို အစာကျွေးလို့ မရဘူးလေ။ ဒါကြောင့် မဖမ်းခင် သွေးအ၀တိုက်တဲ့သဘော။ သွေးမ၀တဲ့ ခြင်ကလည်း ရန်ကုန်အထိ သွားရတဲ့ခရီးမှာ အသက်မရှင်ဘူးလို့ ဆိုတယ်။ ဒါတွေကို ခြင်က ကျနော့်ကိုပြောတာ မဟုတ်ဘူးနော်။ ကျနော် ခြင်စကား နားမလည်ပါဘူး။ ဆေး/သု ၀န်ထမ်းတယောက်က ပြောပြတာပါ။ ခြင်က သွေးဝတဲ့အချိန် ဗိုက်ဖောင်းသွားတဲ့အချိန်မှာ မဖမ်းမိဘဲ လွတ်သွားတာတွေလည်း ရှိတာပေါ့၊ ခင်ဗျားလည်း ခြင်ရိုက်ဖူးတာပဲ၊ အပူပိုင်းနိုင်ငံသား ဆိုတော့။
ခြင်ဖမ်း ဆိုတာ နိဂုံးချုပ်ရရင် ခြင်ဖမ်းတဲ့လူကို ခေါ်တာမဟုတ်ဘူး၊ သွေးလှူတဲ့သူကို ခေါ်တာပါ တဲ့။ ခြင်အကိုက်ခံရတဲ့အတွက် ပိုက်ဆံရတယ်ပေါ့ဗျာ။
နောက်အလုပ်တခုအကြောင်း လျှောက်ပြောရရင် ၁၉၉၆ လောက်မှာ ကျနော့်တူတယောက်ကို မေးကြည့်တယ်၊ မင်းကြီးလာရင် ဘာလုပ်မလဲပေါ့။ (လူကြီးတွေက ကိုယ့်ကို ဒီမေးခွန်းနဲ့ မကြာခဏ နှိပ်စက်ဖူးတော့ ကိုယ်လည်း ဘာရယ်မဟုတ်ပါဘူး ကိုယ့်ထက်ငယ်တဲ့သူ့ကို လျှောက်မေးတော့) သူက နည်းနည်း စဉ်းစားပြီး ဖြေတယ်၊ ကားစပယ်ယာ လုပ်မယ် တဲ့။ အဲဒီတုန်းက စပယ်ယာတွေက မိန်းကလေးတွေကို ခါးတို့ ကျောကုန်းတို့ပဲ မသိမသာ စမ်းသပ် ကိုင်တဲ့ခေတ်။ ခုတော့ တင်ပါးတွေကိုပဲ ရွေးပြီး သိသိသာသာ ကိုင်တဲ့ခေတ် လို့ ဆိုတယ်။
ကျနော့်တူက တင် ကိုင်ချင်လို့တော့ မဟုတ်ပါဘူး၊ ၁၉၉၆ က ဆိုတော့ သူက ၉ နှစ်အရွယ်လေ အဲဒီတုန်းက။ စပယ်ယာ ဆိုတာ သိတယ်မဟုတ်လား၊ ကားကို တွယ်စီးတယ်၊ လူအတင်အချကို စီမံခန့်ခွဲတယ်၊ ပေါက်ကရ အော်တယ်၊ ဆပ်ပလိုင်းဂျက် ရှိမရှိ ထောက်လှမ်းရေး လုပ်တယ်၊ ခရီးသည်ကို ရာဇ၀တ်သားလို ဆက်ဆံတယ်။ အဲဒီတုန်းက ပြောပါတယ်။ ကျနော့် တူတော်မောင်က ဒီငနဲတွေ ကားတွယ်စီးရတာကို အားကျတော့ စပယ်ယာ ဖြစ်ချင်ပြီပေါ့။ သူ့ခမျာ အသက်ငယ်လွန်းတော့ ကားတွယ်စီးလို့မရဘူးလေ။ စပယ်ယာ ဆိုတဲ့ ငနဲက အမြဲတမ်း တွယ်စီးတယ်၊ ပြီးတော့ ပိုက်ဆံတွေကို လက်ကြားထဲ လှတ ပတ ညှပ်ထားပုံက ကလေးတွေ အကြိုက်ပေါ့။
ကျနော့်ရဲ့ အလုပ်အကိုင်လား၊ အင်း - သတင်းထောက် ပေါ့ဗျာ။ ခပ်ညံ့ညံ့ သတင်းထောက်တွေထဲက တယောက် ဆိုပါစို့ရဲ့။ ဒီလိုဖြစ်လာလိမ့်မယ်လို့ (သတင်းထောက်ဖြစ်လာလိမ့်မယ်လို့) မထင်ရေးချ မထင်ခဲ့ရိုး အမှန်ပါ။
ဒီပို့စ်ရဲ့ နိဒါန်းမှာ ဘာသာရေး ဆိုတဲ့ စကားလုံးနဲ့ အစပြုထားတယ်။ ဒါပေမယ့် ဘာသာရေးအကြောင်း ဘာမှ မသိတဲ့အဆင့်လောက် ရှိတာကြောင့် ဘာမှ မပြောပါဘူး။
(ရုရှစာရေးဆရာကြီး ချက်ကော့ဗ်က ပြောတယ်၊ ဇာတ်လမ်း နိဒါန်းပျိုးတဲ့အခါ သေနတ်တလက် နံရံမှာ ချိတ်ထားတဲ့အကြောင်း ရေးလိုက်ရင် အဲဒီသေနတ် ပစ်ကို ပစ်ရမယ် တဲ့။
ဒီပို့စ်က ဇာတ်လမ်းမဟုတ် ၀တ္ထုတိုမဟုတ်တဲ့အတွက် ဒီအဆိုကို မလိုက်နာတဲ့ သဘောပါ။)
ကဲ- ကိုယ့်လူ - ခင်ဗျားရော ဘာလုပ်သလဲ။
အိမ်မှာ သတ္တ၀ါပေါင်းစုံ ရှိတယ်။ လိပ် ရှိတယ်။ တောက်တဲ့ ရှိတယ်။
တလကို ဘတ် ၇၀၀ ကျော် ( ဒေါ်လာ ၂၀ ၀န်းကျင်) ပေးရတဲ့ အင်တာနက်က သိပ်နှေးတာပဲ။ နှေးလွန်းလို့ စိတ်တို အသက်တိုတယ်။ ဒါကြောင့် ပြောတာပေါ့။ အိမ်မှာ လိပ် ရှိတယ် လို့။
တောက်တဲ့က ဘာကို ဆိုလိုတာလဲ ဆိုတော့ အင်း - တောက်တဲ့ တွေ့ဖူးကြရဲ့ မဟုတ်လား။ ဘိုဆန်ဆန် ကဗျာထဲက တောက်တဲ့ ဆိုတဲ့ အကောင်က သစ်ပင်ပေါ်မှာ ထိုင်နေတယ်။ ယိုးဒယားမှာတော့ တကယ့် တောက်တဲ့တွေက နံရံမှာ ကပ်နေတာပဲ။ နေရာ မရွေ့တော့ဘူး။ အသက်တော့ ရှိတယ် ဒါပေမယ့် သေနေသလိုပဲ မလှုပ်မယှက်။
အိမ်က အင်တာနက်က မြန်နှုန်း အင်မတန်နိမ့်တော့ တခါတလေ လိပ်ဘ၀ကနေ တောက်တဲ့ ဘ၀ ရောက်သွားတယ်။ နှေးရာကနေ ရပ်သွားတာဗျာ။ သေတော့ မသေဘူး။ ဒါပေမယ့် ဘာမှ ကြည့်လို့ မရ။ ဂျီတော့တောင် မရ။ တကယ့် မြန်နှုန်းက ဒဿမ သုည သုည ကိုး လောက်ပဲ ရှိမယ်လို့ ယူဆရတယ်။
ဒါပေမယ့် Signal Strength ဆိုတဲ့ အင်တာနက် မြန်နှုန်း ဘယ်လောက်ရှိသလဲ ကြည့်လိုက်ရင် ပြပါလိမ့်မယ် Excellent တဲ့ 54 Mbps တဲ့။
သူ့ထက်ကောင်းတဲ့ ဈေးပေါတဲ့ မြန်နှုန်း သိပ်မြင့်တယ်လို့ ဆိုတဲ့ ပြီးတော့ ဗီဒီယိုဇာတ်လမ်းတွေတောင် ဒေါင်းလုတ် လုပ်လို့ရပါ့ ဆိုတဲ့ အင်တာနက်လိုင်းကို ပြောင်းယူဖို့တော့ အစီအစဉ် ရှိတယ်။ အခု ကုမ္ပဏီက TOT (တီအိုတီ) ဗျာ။ ညံ့ချက်ကတော့ လဲသေချင်စရာကောင်းတယ်။ ချင်းမိုင် တီအိုတီ နှေးပုံကို ပြောပါတယ်။ တခြားဒေသမှာတော့ မပြောတတ်။ ဒီထက် ညံ့စရာ အကြောင်းတော့ မရှိဘူး ထင်တယ်။ တီအိုတီက နာမည်ကြီးပဲ။
လိပ် အင်တာနက်၊ တောက်တဲ့ အင်တာနက်တို့ အကြောင်း ပြောရတာ စိတ်မသက်သာစရာ။
မြန်မာပြည်က အင်တာနက်သုံးသူတွေလည်း ကျနော့်လိုပဲ လိပ်တွေ တောက်တဲ့တွေနဲ့ တွေ့နေတယ်လို့ ကြားရတယ်။
အိမ်က အစုတ်ပလုတ် အင်တာနက်ကို နောက် ၂ လ ကြာမှ ပြောင်းလို့ရမယ်။ လောလောဆယ် စိတ်တိုပေတော့၊ အသက်တိုပေတော့။
စကားမစပ် ပြောရရင် သင်္ကြန် ရောက်တော့မယ်။ ဘာလုပ်ရမလဲ။ ရေပက်ချင်စိတ် ရေပက်ခံထွက်ချင်စိတ် ပေါက်ရလောက်အောင်လည်း အသက်က မငယ်တော့ဘူး။ နှစ်ဦးကန်တော့ပွဲမှာ ကန်တော့ခံရလောက်အောင်လည်း အသက်က မကြီးသေးဘူး။ ဆိုတော့ကာ သင်္ကြန်လည်း ကွန်ပျူတာရှေ့ထိုင်ပြီး လိပ်၊ တောက်တဲ့ အင်တာနက်တို့နဲ့ နှစ်ပါးသွား ကရုံပေါ့။
မိတ်ဆွေတို့ မင်္ဂလာနှစ်သစ် ဖြစ်ကြပါစေ။ ဆ၀ါဒီပီးမိုင်ခပ်။ ဟက်ပီး ညူးရီးရား။ ရှီးညန်ခွိုက်လော့! လိပ်၊ တောက်တဲ့တို့နဲ့ ကင်းဝေးကြပါစေ။
အတွေးအမြင် ဝဝ၉
တချို့က သူတို့ရဲ့ ဂုဏ်ကျက်သရေကြောင့် အလှအပကြောင့် ဒုက္ခရောက်ကြတယ်။
ဒီအကြောင်း ပြောချင်နေတာ ကြာပြီ။
လူတွေ ငါးမွေးကြတယ်၊ လှတဲ့ပတဲ့ငါးတွေကိုပေါ့။ အထူးသဖြင့် ရွှေရောင်ငါးတွေကို။
ကျနော်လည်း ငယ်တုန်းကတော့ ငါးတွေကို ဖန်ပုလင်းထဲ ထည့်မွေးဖူးတယ်။ ခုတော့ မမွေးချင်တော့ဘူး။ သူတို့ကို အကျဉ်းချထားသလို ဖြစ်နေလို့။
ဖန်ပုလင်း၊ ဖန်လှောင်အိမ်ထဲက ငါးတွေ ခမျာ သနားစရာ။
အစာတော့ ပုံမှန် စားရပါရဲ့။ ဒါပေမယ့် ပိုင်ရှင်က အကြောင်းတခုခုကြောင့် အစာမကျွေးဖြစ်ဘူး၊ ဂရုမစိုက်ဖြစ်ဘူးဆို ငတ်ပြီ။ သေပြီ။
တချို့အိမ်တွေက ငါးကန်တွေမှာ လေပိုက် တပ်ထားပေးတယ်။ ငါးတွေကို အောက်စီဂျင် ပေးတဲ့သဘော ဖြစ်မယ်။ အဲဒီ ပိုက် တပ်ဖို့အတွက် မော်တာ အသေးလေး လိုမယ်။ မော်တာကို ကန်ထဲ ထည့်ထားရင် ငါးတွေ နားမသက်သာဘူး။ ဒါက တကယ့် ဆိုးကျိုး။
နောက်ဆိုးကျိုးတခုက ငါးကန်ဟာ ငါးအတွက် အကျဉ်းထောင်ကြီးလို ဖြစ်နေတာပဲ။ (ငါးတွေကလည်း အဲသလို ထင်မယ်လို့ ယူဆရတယ်။) ကန်ကြီးတော့ ထောင်ကြီးကြီးပေါ့။ ကန်သေးရင်တော့ တိုက်ပိတ်ထားသလို ဖြစ်မယ်။

ကိုယ့်ဧည့်ခန်း အလှဆင်ဖို့ မွေးထားတဲ့ ငါးတွေကို ကြည့်ရတာ အစပိုင်းမှာတော့ ဟုတ်တုတ်တုတ်။ ကြည့်ရင်း ကြည့်ရင်းနဲ့ ငါးတွေကို သနားစိတ် ၀င်လာကြမယ် ထင်ပါတယ်။
နိဂုံး ချုပ်ပါမယ်။ လက်ဝှေ့သမားတွေဟာ အရင်ဘ၀က ကြက်တိုက်တဲ့သူတွေ ဖြစ်ခဲ့တယ်လို့ တချို့က ရယ်စရာ အဖြစ် ပြောကြတယ်။ ကြက်တွေကို တကောင်နဲ့တကောင် အသေအကြေ တိုက်ခိုက်ခိုင်းတဲ့အတွက် ကိုယ်လည်း နောက်ဘ၀တခုမှာ ၀ဋ်လည်တဲ့အနေနဲ့ တိုက်ရ ခိုက်ရတယ် လက်ဝှေ့ကြိုးဝိုင်းထဲမှာ၊ အသေအကြေ၊ ရေကုန်ရေခန်း၊ ပုဝါမကူ ရေမရှူစတမ်း။
နိဂုံး ထပ်ချုပ်ရရင် ဒီဘ၀မှာ အကျဉ်းကျနေသူ ကျခဲ့သူတွေက အရင်ဘ၀အဆက်ဆက် ငါးမွေးခဲ့လို့များလားလို့ တွေးမိပါတယ်။
ဒီအတွေး မမှားဘူး ဆိုရင်တော့ ဒီဘ၀ ငါးမွေးသူများလည်း လာမယ့် ဘ၀တွေမှာ အင်း - - - -
အတွေးအမြင် ဝဝ၈
လာအိုမှာ ထိုင်းဗီဇာလျှောက်တော့ ထင်ရှားတဲ့ ထိုင်းဘုန်းကြီးတပါးကို ဖူးလိုက်ရတယ်။
ဆရာတော်ရဲ့ ဘွဲ့က Luang Por Koon တဲ့။
ထိုင်းဘုန်းကြီးကိုပင့်ပြီး နေ့ဆွမ်းကပ်ကြတာ တွေ့တယ်။ ဆရာတော် ကြွလာလို့ ၀န်ထမ်းတွေ ပိုအလုပ်ရှုပ်သွားပြီး ဗီဇာလျှောက်လွှာ လက်ခံတာတွေ နည်းနည်း နှောင့်နှေးသွားပုံပဲ။
အဲဒီဆရာတော်က သက်တော် ၈၆ ရှိပြီဆိုတာ အခုမှ အင်တာနက်မှာ လိုက်ရှာပြီး ဖတ်လို့ သိရတယ်။
ဟိုတုန်းကတော့ အဆောင်လက်ဖွဲ့ သူ့ဆီတောင်းတဲ့သူတွေ ဒုနဲ့ဒေး။ သူ့အဆောင်ကြောင့် သေကံမရောက် သက်မပျောက် ဖြစ်ကြ၊ ထီပေါက်ကြ ဆိုတဲ့ သတင်းစကားတွေ ရှိတယ်။ ခုတော့ အဆောင်လက်ဖွဲ့ ပေးတာ မလုပ်တော့ဘူး ဆိုပဲ။ အသက် အတော် ရလာပြီလေ။

သူနေတဲ့ ခရိုင် ဖြစ်တဲ့ Nakon Raatchasima မှာတော့ ကျောင်းတွေ၊ လမ်းတွေ၊ ဘုရားတွေကို ပြုပြင် တည်ဆောက်ဖို့အတွက် သူ့ တကာ တကာမ နောက်လိုက်တွေက ငွေထည့်လှူကြ ဆိုပဲ။
ဒါဆို ဆရာတော်က အဆောင်လက်ဖွဲ့စွမ်းလို့ နာမည်ကြီးပုံရတယ်။ ထိုင်းမှာတော့ သူ့ပုံကို အိမ်တိုင်းလိုလိုမှာ ချိတ်ထားတတ်ကြတယ်။
ဆရာတော် ရှိနေတုန်း ရုံးခန်းထဲ ၀င်ပြီး ဓာတ်ပုံရိုက်ဖို့ ကြိုးစားလိုက်တယ်။ အဝေးကနေ ရိုက်ရတာ။ ပြီးတော့ ဆရာတော်က အလင်းရောင်ကို ကျောပေးထိုင်နေတော့ ပုံထွက်က သိပ်မကောင်း။
ထိုင်းက လက်ဖွဲ့တွေရောင်းတဲ့ဆိုင် (eurosatemydollars.com)
ဗီဇာလျှောက်တဲ့အကြောင်း ပြန်ပြောရရင် ဒီလ ၈ ရက်နေ့ (တနင်္ဂနွေနေ့)က နိုင်ငံတကာ အမျိုးသမီးများနေ့။ တချို့နိုင်ငံတွေမှာ တရားဝင်ရုံးပိတ် ရက်သတ်မှတ်ထားတယ်။ ၁၉၁၁ ကတည်းက အမျိုးသမီးများနေ့ ဆိုတာ ပေါ်ခဲ့ပါသတဲ့။
internationalwomensday.com မှာ ဖော်ပြထားချက်အရ ဆိုရင် နိုင်ငံ ၁၅ ခုမှာ တရားဝင် ရုံးပိတ်တယ်ဆိုပဲ။
Armenia, Azerbaijan, Belarus, Bulgaria, China, Kazakhstan, Kyrgyzstan, Macedonia, Moldova, Mongolia, Russia, Tajikistan, Ukraine, Uzbekistan and Vietnam ဆိုတဲ့ နိုင်ငံတွေပေါ့။
တရုတ်မှာ ရုံးပိတ်ရက် ဆိုပေမယ့် အမျိုးသမီးများအတွက်ပဲ လို့ ဆိုတယ်။ ဒါတောင်မှ တချို့ဒေသတွေမှာ နေ့တ၀က်ပဲ ပိတ်ပါသတဲ့။
အဲဒီ စာရင်းထဲ မပါပေမယ့် လာအိုနိုင်ငံမှာလည်း တရားဝင် ရုံးပိတ်ရက်။ အဲဒီနေ့က တနင်္ဂနွေနေ့ ဆိုတော့ တနင်္လာနေ့မှာ အစားထိုး ပိတ်ပုံရတယ်။ ၉ ရက်နေ့ တနင်္လာနေ့ လာအို မှာ ရှိတဲ့ ထိုင်းကောင်စစ်ဝန်ရုံးကို သွားတော့ ရင်နာနာနဲ့ ပြန်ခဲ့ရတယ်။ ပိတ်ထားလို့။
အမျိုးသမီးတွေကိုပဲ စိတ်နာရမလို ဖြစ်သွားတယ်။ နေကလည်း သိပ်ပူ။
ဒါနဲ့ အင်္ဂါနေ့ ထပ်သွား။ သွားတော့ လူများလွန်းလို့ တန်းစီရတယ် နေပူကြီးထဲမှာ လျှောက်လွှာ တင်ဖို့အရေး။ ကိုယ့်ရှေ့မှာ လူ ၂၀၀ ကျော် ကိုယ့်နောက်မှာက လူ ၁၀၀ ကျော်။ လူတွေ ယိုးဒယားကို သိပ်သွားကြတာပဲ။
ဘာကြောင့် ဒီလောက်တောင် သွားကြတာလဲ။ သွားရတာ လွယ်လို့၊ ယိုးဒယားရောက်တော့လည်း သွားရေးလာရေး အဆင်ပြေလို့ဖြစ်မယ်။
မြန်မာပြည်လည်း သွားရ လွယ်မယ်၊ လမ်းခရီးလည်း အဆင်ပြေမယ်၊ ခရီးသွားတွေ ပျော်ကြ ကဲကြဖို့လည်း လုပ်ထားမယ် ဆိုရင် တိုးရစ်တွေ လာကြမယ် ထင်တယ်။ သူတို့ပျော်ဖို့အတွက် ဆိုရင် ကာရာအိုကေခန်းမလို့ အမည်ပေးထားတဲ့ ဟိုအခန်းတွေ အများကြီး တိုးချဲ့ရတော့မှာပဲလို့ တွေးမိပါတယ်။ ဒုက္ခ။
အတွေးအမြင် ဝဝ၇
လမ်းဘေးပလက်ဖောင်းပေါ်က အအေးဆိုင်ဝင်ထိုင်ပြီး ထောပတ်သီးဖျော်ရည်တခွက် မှာသောက်တယ်။ ငွေရှင်းတော့ တသောင်းရှစ်ထောင် တဲ့ဗျာ။ မငြင်းပါဘူး ထုတ်ပေးလိုက်တာပဲ။ ဒါ လာအိုနိုင်ငံလေ။ တည်းခိုခန်းခချည်းပဲ တသိန်းကျော် ကုန်ပြီးသွားပြီ။ ငွေဖောင်းပွမှု သိပ်များတဲ့နိုင်ငံ။
လာအိုစကားနဲ့ ထိုင်းစကားက အတူတူ ဆိုပါစို့။ ပြောတတ်လို့တော့ မဟုတ်ပါဘူး၊ ထောပတ်သီးကို လက်ညိုးထိုးပြလိုက်တာပဲ။
“ဒီမှာသောက်မယ်ခင်ဗျ” ဆိုတာကိုတော့ ထိုင်းလို ပြောလိုက်တယ်၊ လွတ်နေတဲ့ စားပွဲမှာ ဝင်ထိုင်တယ်။ လူတွေကို ငေးတယ်။
လာအိုမှာ တိုင်းရင်းသား ၁၃၅ မျိုး မရှိပေမယ့် လူမျိုးတော့ စုံတယ်၊ တိုင်းရင်းသားပေါင်း ၅ဝ ကျော်တော့ အနည်းဆုံး ရှိမယ်လို့ ဖတ်ဖူးတယ်။ ကျနော်ရောက်နေတဲ့ မြို့တော် ဗီယန်ကျင်းမှာတော့ တရုတ်တွေ အများသား။ များမှာပေါ့၊ တရုတ်နိုင်ငံနဲ့က အိမ်နီးချင်းတွေဆိုတော့ ကူးလာကြမှာ။ ဟိုနေ့က ထမင်းဆိုင်တဆိုင်မှာ ဆိုင်ရှင်တွေ ယူနန်လို ပြောနေတာတောင် ကြားခဲ့ရတယ်။ တရုတ်တွေကတော့ ကိုယ့်ရိုးရာ ကိုယ့်စကားကို သိပ်ထိန်းတာပဲ။
ကျနော် ဒီမြို့ကြီးမှာ ဟိုဟို ဒီဒီ လျှောက်သွားပေမယ့် အိန္ဒိယတိုက်သားတွေတော့ မတွေ့ရဘူး။ ဒုတိယမြို့တော်လို့ ဆိုတဲ့ လုမ်ဖရာဘမ် မှာတော့ အိန္ဒိယတိုက်သားတွေ တွေ့လိုက်ရတယ်။ လာအိုဟာ ဖုန်ထူတဲ့၊ ခြင်ပေါတဲ့၊ ဆင်းရဲတဲ့၊ သေနတ်သမားတွေ အာဏာကြီးတဲ့ တိုင်းပြည်လေးပါ။ နိုင်ငံရော လူတွေရော ကံဆိုးမိုးမှောင်ကျမှုရော ကျနော်တို့နဲ့ တူမှတူ။
ဒီနိုင်ငံကို ဒါ ဒုတိယအကြိမ် ရောက်ဖူးတာပဲ။ ပြောင်ပြောင်ရောင်ရောင် မရှိတဲ့တိုင်းပြည်။ လူတွေကလည်း ပြောင်ပြောင်ရောင်ရောင် မရှိ။ လာအိုတွေထက်တော့ ငါတို့တွေက အရည်အချင်း ပိုသာမယ်၊ ပိုထက်မြက်မယ်လို့ တွေးမိတယ်။ အလိုလိုနေရင်း တွေးမိတာပါ။ ဒါပေမယ့် မနေ့ကစပြီး အဲဒီလို မတွေးရဲတော့ဘူး။
မနေ့က ထိုင်းဗီဇာ လျှောက်တဲ့လူ ၄ဝဝ ကျော်တယ်။ နိုင်ငံပေါင်းစုံကလူတွေဗျာ၊ ရွှေရောင်ဆံပင် ငွေရောင်ဆံပင် မဟူရာရောင်ဆံပင်တွေနဲ့ အစုံပဲ။ မြန်မာပြည်သားတွေလည်း ပါတာပေါ့။ အာရှသားတွေ ဆံပင်မည်းတယ်ဆိုတော့ ဘာလူမျိုးမှန်း တိတိကျကျ မပြောနိုင်ပေမယ့် မြန်မာပတ်စ်ပို့ကိုင်ထားတာမြင်ရင်တော့ အဲဒီလူကို မြန်မာလို နုတ်ဆက်လိုက်တာပဲ။ ဒါနဲ့ပဲ မိတ်ဆက်ကြ ဖုန်းနံပတ်တွေ ဖလှယ်ကြ။
မြန်မာပြည်သားတွေထဲက ၂ ယောက်က အဖြစ် ဆိုးပါတယ်၊ ကောင်စစ်ဝန်ရုံးရှေ့က ပလက်ဖောင်းပေါ်မှာ လျှောက်လွှာရောင်းတဲ့သူတွေ ရှိတယ်။ လာအို ပွဲစားတွေပေါ့။ အဲဒီ ပွဲစားတွေဆီက လျှောက်လွှာ ဝယ်ကြတယ်လေ။ လျှောက်လွှာက ရုံးထဲမှာ အလကား ယူလို့ရတာ မသိဘူးလားလို့ သူတို့ကို ပြောတော့ “မဖြည့်တတ်ဘူး၊ သူတို့ဖြည့်ပေးမယ် ဆိုလို့ ဝယ်လိုက်တာပါ” တဲ့။
သူတို့ဖြည့်ထားတာ ကြည့်လိုက်တော့ လက်ရေးကလည်း ညံ့လိုက်တာ၊ ပြီးတော့ တချို့နေရာတွေမှာ ချန်ထားတာ၊ မှားဖြည့်တာ ရှိသေးတယ်။
ဖြည့်ရမယ့် ကွက်လပ်က အခု ၂ဝ လောက်ပဲလေ။ တမျက်နှာတည်း။ ဖြည့်ရမှာတွေက ရှေ့အမည်၊ အလယ်အမည်၊ နောက်အမည်၊ ကျား-မ၊ အိမ်ထောင်မရှိသေး၊ ရှိ၊ ကွာရှင်း၊ တခြား ပြီးတော့ မွေးနေ့၊ လူမျိုး၊ နိုင်ငံသား၊ လိပ်စာ စသဖြင့် စသဖြင့်။
ဒါတွေကို ဟို ပွဲစားတွေက ဖြည့်ပေးပြီး ဘတ် ၅ဝ ယူလိုက်သတဲ့။ ဘတ် ၅ဝ ဆိုတာ ရေခဲစိမ်ဘီယာတလုံး ဝယ်သောက်လို့ရမယ်။ ဘီယာမကြိုက်ရင် ခေါက်ဆွဲ ၂ ပွဲ စားလို့ရမယ် ဒါမှမဟုတ် ပက်ပ်ဆီ ၅ ပုလင်း ဝယ်လို့ရတယ်။ ဘတ် ၅ဝ က နှမြောတတ်ရင် အဲသလို နှမြောစရာ။
နောက်တယောက်ကို မေးကြည့်တယ် ဘယ်လောက်ပေးခဲ့ရသလဲ ဆိုတော့ ဘတ် ၁ဝဝ ဆိုပဲ။ ပြီးတော့ သူက ပြောလိုက်သေးတယ်၊ ပွဲစားတွေ လျှောက်လွှာဖြည့်တာလည်း လွယ်လွယ်လေးပဲ၊ ပတ်စ်ပို့ထဲက ဟာတွေကို ကူးထည့်လိုက်တာပဲ တဲ့။ သူ ခံခဲ့ရမှန်း သူ သိသွားတယ်ဆိုတော့ မဆိုးပါဘူး။
သြော် - လာအိုတွေလည်း အချဉ်မဟုတ်ပါလား။ ထိုင်း ကောင်စစ်ဝန်ရုံးရှေ့မှာ သူတို့ပွဲစားတွေ ၁ဝ ယောက်လောက် ရစ်ဝဲရစ်ဝဲ လုပ်နေကြတာ ထိုင်းဗီဇာ ရချင်တဲ့ နိုင်ငံတကာက ခရီးသည်တွေက သူတို့ကို အကူအညီ တောင်းတတ်ကြလို့ပေါ့။ ဒါကြောင့် နိုင်ငံပေါင်းစုံက လူပေါင်းစုံဟာ လျှောက်လွှာကို အကြောင်းအမျိုးမျိုးကြောင့် ငွေပေးပြီး ရေးခိုင်းတတ်တာပဲလို့ တွေးမိပါတယ်။
လာအိုတွေ နဲ့ ရွှေမြန်မာတွေ ဘယ်သူ ပိုထက်မြက်တယ် ဆိုတာတော့ မတွေးတော့ပါဘူးလေ။ ဟို ၂ ယောက်ကိုတော့ ဆရာလုပ် လိုက်တယ်၊ နောက်တခေါက် လာအိုရောက်ရင် လျှောက်လွှာအတွက် ငွေအကုန်မခံဖို့ပေါ့။ ဟုတ်တယ်လေ ပွဲစားက လက်ရေး ညံ့၊ အချက်အလက်ကူးရေးတာလည်း အမှားအယွင်း ပါသေးတယ်။ နောက်ဆုံး လျှောက်လွှာအပယ်ခံရမှာက ကိုယ်ခံရမှာ။ မြန်မာပတ်စ်ပို့ ဆိုရင် သိတယ်မဟုတ်လား၊ ပြီးခဲ့တဲ့လတုန်းက ကျနော့် အသိတယောက် ဒီကောင်စစ်ဝန်ရုံးက ပညာပြလို့ ဒီမြို့ကြီးမှာ ဆယ်ရက်လောက် သောင်တင်သွားပါရောလား။ ဒီအကြောင်းတော့ သူတို့ ၂ယောက်ကို မပြောလိုက်ပါဘူး၊ စိတ်ညစ်သွားမှာစိုးလို့။
ဒီ ၂ ယောက်နဲ့ ဒီနေ့ ပြန်တွေ့တယ်၊ သူတို့ ၂ယောက်လုံး ဗီဇာ ရကြတယ်။ အပယ်မခံရဘူး။ ကံကောင်းတာပေါ့။ ထိုင်းကလည်း ခရီးသည်တွေ သဘောကျအောင် ၃ လတိတိ ဗီဇာတွေ အလကား ပေးနေတဲ့အချိန်လည်း ဖြစ်တယ်လေ။ ဒါပါပဲ။ ။
အတွေးအမြင် ဝဝ၆
အမျိုးသားဖြစ်ရခြင်းရဲ့ အားသာချက်တခုကိုပြောပါဆိုရင် ဖိနပ် အများကြီးရှိစရာမလိုဘူး၊ အထူးသဖြင့် ဒေါက်ဖိနပ် ရှိစရာ မလိုဘူး။
အမျိုးသမီးတွေက ဖိနပ်ကို ထည်လဲ စီးကြမယ်၊ အနည်းဆုံး ၂ ရံ ရှိမယ် ထင်တယ်။ ဒေါက်ဖိနပ် မြင့်မြင့် စီးတဲ့အတွက်လည်း ခြေထောက်မှာ ရှိတဲ့ အရိုးတွေ အဆစ်တွေ ဒုက္ခ ရောက်ရတယ်လို့တော့ ဖတ်ဖူးတယ်။
တော်ပါသေးရဲ့၊ ဒေါက်ဖိနပ်စီးရတဲ့ လိင်အမျိုးအစားမဟုတ်တော့ ဒေါက်ဖိနပ်စီးကျင့်ဖို့ မလိုအပ်တော့ဘူး။ ဒေါက်မြင့်ဖိနပ် တဂွပ်ဂွပ်စီးရတာ လွယ်မယ်မဟုတ်၊ ကျွမ်းကျင်မှု ရှိရမယ်။
အမျိုးသမီးတွေက ဒေါက်ဖိနပ်နဲ့ဆို ကြည့်လို့ပိုကောင်းတယ်၊ ဒါကြောင့်လည်း သူတို့က စီးရတာခက်ခဲဟန်ရှိတဲ့ ဒေါက်ဖိနပ်ကို တဂွပ်ဂွပ် အားပေးကြတာဖြစ်မယ်။
မြန်မာဝတ်စုံပြည့်နဲ့ အမျိုးသမီးတွေ ဒေါက်ဖိနပ်စီးတာကိုတော့ အင်း - ကန့်ကွက်ပါတယ်လို့ ပြောရမလား၊ ခံစားလို့မရပါလို့ ဆိုရမလားး) တကယ့်ကို တမျိုးကြီးမှ တမျိုးကြီးပါပဲ။
ဆိုလိုတာက ဒေါက်မြင့်ဖိနပ်နဲ့ အမျိုးသမီးတွေ ကြည့်ကောင်းတယ်၊ မြန်မာဝတ်စုံနဲ့ အမျိုးသမီးတွေ ကြည့်ကောင်းတယ်၊ မြန်မာလိုအပြည့်အစုံဝတ်ပြီး ဒေါက်ဖိနပ်စီးထားတာကိုတော့ ကြည့်ကောင်းတယ်လို့ မထင်ပါဘူး။ ဒီလိုဖက်ရှင် ပေါ်နေတာတော့ ကြာပေါ့၊ ကျနော် အမျိုးသမီးတွေရဲ့အလှကို မခံစားတတ်ခင်ကတည်းက သူတို့က သို့ကလို ၀တ်စားနေကြတာမဟုတ်လား။ အခမ်းအနားတွေမှာ ဒီဖက်ရှင်တွေ အတွေ့ရများတယ်။
ဒီလိုဖက်ရှင်မျိုး ဘာကြောင့်ကြိုက်ကြတာလဲလို့ အမျိုးသမီးတွေကို မေးချင်ပေမယ့် မမေးရဲပါ၊ တော်တော်ကြောင်တဲ့ငနဲလို့ ထင်သွားမှာ စိုးရတယ်။
လိုရာဆု ၂ခုတောင်းစမ်း၊ ဘ၀ကို တစ်က ပြန်စနိုင်တယ်ဆိုရင်-
၁) အမျိုးသားပဲ ပြန်ဖြစ်ချင်တယ်၊ (ဒေါက်ဖိနပ် မစီးချင်လို့)
၂) အရှေ့တောင်အာရှမှာပဲ ပြန်မွေးချင်တယ်။ ဒါပါပဲ။
ဟုတ်တယ်၊ အရှေ့တောင်အာရှမှာ ခြေညှပ်ဖိနပ်ပဲ သုံးကြတယ်၊ ရှူးဖိနပ် ဘွတ်ဖိနပ် အသုံးနည်းတယ်။ ဘွတ်ဖိနပ် စီးရတာ မုန်းစရာ။
အမေရိကန်တွေကတော့ ဘွတ်ဖိနပ်ပဲ စီးကြသဗျာ။ ဘွတ်ဖိနပ်က သူတို့ရဲ့ တရားဝင်ဖိနပ်။ ဘုရားကျောင်းတက်၊ ရုံးသွား၊ နိုက်ကလပ်မှာပျော်၊ အသုဘပို့ စတာတွေမှာ ဘွတ်ဖိနပ် စီးရတယ်။ ကျန်တဲ့အချိန်တော့ ဘွတ် ရော ညှပ် ပါ စီးကြတာ တွေ့ရတယ်။
ဘွတ်ဖိနပ်က သူတို့ဆီက ရေခဲရာသီနဲ့ အကိုက်ပဲ။
ကျနော် မုန်းတဲ့ထဲမှာ ဘွတ်ဖိနပ်လည်း ပါတယ်။ သူ့ကြောင့် ခြေထောက် မလွတ်လပ်သလို ခံစားရတယ်။ ဖိနပ်ကြိုးချည်ရတာကလည်း အလုပ်ကြီးတခုလို့ ထင်စရာ။
ဒါနဲ့ အမေရိကရောက်တဲ့အခါ ဘွတ်ဖိနပ် စီးရပြီဟေ့ ဆိုရင် ဖိနပ်ကြိုးကို အသေ ချည်ထားလိုက်တယ်။ ကြိုးချည်တဲ့အလုပ်ကို ခဏခဏ လုပ်ဖို့ မလိုတော့ဘူး၊ အေးရော။ ဘယ်သူမှလည်း ကျနော့် ဖိနပ်ကြိုးကို ငုံ့မကြည့်ကြတော့ ဟန်ကျတယ်။
ကြိုးမဲ့ဘွတ်ဖိနပ်ဝယ်ပါလားလို့ ပြောချင်တဲ့သူလည်း ရှိမယ်၊ အင်း - ကြိုးမဲ့ ဘွတ်ဖိနပ်က ဈေးပိုပေးရသဗျ။ ကျနော်က ဘတ်ဂျက်သမားဆိုတော့ ဈေးပေါတာတွေပဲ ၀ယ်ဝတ်တယ်။
ဘွတ်ဖိနပ်နဲ့ မြန်မာအမျိုးသားဝတ်စုံ တွဲပြီး ၀တ်စားတာ တွေ့ဖူးကြတယ်မဟုတ်လား။ ဒါလည်း ကျနော် မ၀တ်ချင်တဲ့ ဖက်ရှင်တမျိုးပဲ။ တွဲဝတ်တဲ့သူတွေက သူတို့ နှစ်သက်လို့ ကြိုက်လို့ တွဲဝတ်တာ ဖြစ်မယ်။
ဟောသမှာ မြန်မာသံအမတ်တယောက်ပုံ ကြည့်ပါဦး၊ ဘယ်သူလဲတော့ မသိဘူး၊ သိလည်း မသိချင်ဘူး။ မြန်မာဝတ်စုံ အပြည့်အစုံနဲ့၊ ပြီးတော့ ဘွတ်ဖိနပ်နဲ့ ခန့်ခန့်ညားညား။
မြန်မာဖိနပ် အဆင်သင့်မရှိလို့လည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် တခြားအကြောင်းအရာ တခုခုကြောင့် ဖြစ်မယ်။ ရာသီဥတုဆိုပြီးတော့ ဆင်ခြေပေးမယ် မထင်ဘူး၊ အအေးပိုင်းနိုင်ငံက သံအမတ်ဆိုတာ သူနေတဲ့နေရာ သူစီးတဲ့ကား သူသွားမယ့်ရုံးတွေ အားလုံးမှာ အပူပေးစက် နဲ့ ဘာနဲ့ နွေးနွေးထွေးထွေး။
ကျနော်တော့ ဒီလိုစတိုင်ကို မ၀တ်ရဲပါ။ ၀တ်မိရင်လည်း ပေါင်မုန့်ကို ငါးပိရည်နဲ့ တို့စားရသလို ဖြစ်မယ် ထင်တယ်။
အတွေးအမြင် ဝဝ၅
စာလုံးအရွယ်အစားကြီးမှ ဖတ်ရတာ အဆင်ပြေတယ်။ ၀တ္ထုဖြစ်ဖြစ် မဂ္ဂဇင်းဖြစ်ဖြစ် ကွန်ပျူတာ စာမျက်နှာပဲဖြစ်ဖြစ်။
မင်းဒင်ဘလော့က စာလုံးအရွယ်အစား အခုတော့ အဆင်ပြေသွားပြီ၊ အဲဒီဘလော့ ပေါ်ခါစတုန်းက အင်မတန် ဂွကျတာ။ ဖတ်လို့လည်း ကောင်း၊ စာလုံးပွိုင့်ကလည်း ပိစိ။
စာလုံးပွိုင့်သေးတာ ပြဿနာဆိုပေမယ့် နည်းလမ်း ရှိပါတယ်၊ ကျနော့်အဖိုးကတော့ မှန်ဘီလူးနဲ့ ဖတ်တယ်။
ကျနော်ကတော့ ကွန်ပျူတာရှေ့ အမြဲထိုင်တာဆိုတော့ စာလုံးကို အရွယ်ကြီးအောင်လုပ်ပြီး ကြည့်လိုက်တာပဲ။
( Ctrl ) ခလုတ်ကို နှိပ်ထား၊ ပြီးရင် ( + ) တချက် နှိပ်လိုက်။ စာလုံးတွေ ကြီးလာလိမ့်မယ်။ ထပ်ကြီးချင်ရင် နောက်တချက် ထပ်နှိပ်။
ပြန်သေးချင်ရင်တော့ ( Ctrl ) နဲ့ ( _ ) ကို နှိပ်လိုက်ရုံသာ။
ကော်လံတွေ ခပ်ကျဉ်းကျဉ်းဆို ကောင်းတယ်။ မြန်မာ့အလင်းကြေးမုံ ကော်လံတွေက သိပ်ကောင်း။ မိုးချိုသင်းဘလော့က ကော်လံကျယ်တော့ ဖတ်ရတာ မျက်လုံး ညောင်းတယ်။ တူးတူးသာဘလော့က ကော်လံပိုကျယ်တော့ ပိုဆိုး။ ပို့စ်တခု စာ ၃ကြောင်းလောက်ဆို တော်ပါသေးရဲ့၊ ခုတော့ ဒီဆရာမများက အများကြီးရေးတော့ ဖတ်ရတာ မောသဗျာ။
ဒါကြောင့် ဒီဘလော့မှာ ကိုယ့်အကြိုက် ကိုယ်လုပ်ထားတယ်။ ကော်လံ ကျဉ်းကျဉ်း။
အခုတလော ကျနော့်ဘလော့က စာလုံးအရွယ်အစား ၂ ဆ ကြီးနေတာ သဘောကျစရာ။ ဖတ်လို့ အဆင်ပြေမှာပဲ။ တမင် လုပ်ထားတာတော့ မဟုတ်ဘူး။ သူ့အလိုလို ဖြစ်သွားတာ။
ဒီလိုပါပဲ။ Blogspot က သူ့အလိုအလျောက် လျှောက်လုပ်တတ်တယ်။ တချို့ဘလော့တွေကိုလည်း ရက်ပိုင်းလောက် ၀င်ကြည့်လို့မရအောင် ပိတ်လိုပိတ်။
အင်တာနက်မှာ စာလုံးအရွယ်အစားနဲ့ ပတ်သက်ပြီး ရှာကြည့်တော့ အင်္ဂလိပ် ကောလိပ်ကျောင်းဆရာအများစုက စာလုံးအရွယ် နံပတ် ၁၂ ကို သုံးတာ ကြိုက်ကြတယ် ဆိုပဲ။ စာလုံးအမျိုးအစားကတော့ Times New Roman သို့မဟုတ် Ariel
အဲဒီအရွယ် (နံပတ် ၁၂ )ထက် သေးရင်တော့ ဖတ်ချင်စိတ် မရှိကြတော့ဘူး တဲ့။ သိပ်ကြီးရင်လည်း မကောင်းပါ တဲ့။
ဆေးမင်ကြောင်ထိုးရင်တော့ ခပ်ကြီးကြီးထိုးမှဖြစ်မယ်။ သေးလွန်းရင်တော့ ကိုယ့်အရေပြားပေါ်က စာသားကို တပါးသူ မမြင်ရတော့ဘူး၊ အသား အနာခံရကျိုး မနပ်ဘူး ဖြစ်မယ်။
နိုင်ငံတကာမှာတော့ ဘာစာလုံးတွေ ထိုးကြမှန်း မသိဘူး။ မြန်မာပြည်မှာတော့ အမျိုးသားတွေက သတ္တိ၊ ဇွဲ၊ အချစ် ဆိုတဲ့ စာလုံးတွေကို တော်တော်ထိုးကြတယ်။ ဒီအကြောင်းက စိတ်ဝင်စားစရာပဲ။ နောက်မှ ပြောတာပေါ့။
အတွေးအမြင် ဝဝ၎
ဒီညနေ မင်္ဂလာဆောင်တခုကို သွားတယ်။ ကုန်တိုက်မှာ လက်ဖွဲ့ဖို့ ပစ္စည်းတမျိုးမျိုး ကောင်းနိုးရာရာ လိုက်ရှာတာ အများကြီး တွေ့တယ်။ ဘာပေးရမှန်း မသိ။ နောက်ဆုံး နာရီ ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဟုတ်တယ်၊ နာရီကြီးကြီးတလုံး လက်ဖွဲ့လိုက်တယ်။ တိုင်ကပ်နာရီ။ သတို့သား မောင်ပီတာ နဲ့ သတို့သမီး မျိုးတို့ ကြိုက်မကြိုက် မသိ။ ကျနော်ကတော့ ကြိုက်တယ် ဒီနာရီကြီးကို။ အဖြူရောင်နောက်ခံ။ ဘာပုံမှ မပါဘူး။ ဂဏန်း ၁၂ လုံးနဲ့ နာရီလက်တံ၊ ဒါပဲ။
အခု ကျနော်နေတဲ့အိမ်မှာ တိုင်ကပ်နာရီ ၂ လုံး ရှိတယ်။ အိမ်ရှေ့ခန်းတလုံး၊ အခန်းထဲမှာ တလုံး။ ၂ ခုလုံးကို မကြိုက်ဘူး။
ရှေ့ခန်းက နာရီက မစ်ကီးမောက်စ်ကာတွန်းရုပ်နောက်ခံနဲ့။ နာရီဆိုတာ အချိန်သိချင်လို့ ကြည့်တာပဲ။ ဘာကြောင့် ကာတွန်းပုံက ၀င်ရှုပ်နေပါလိမ့်။ ဘဇာကြောင့် ဒီနာရီက တို့ဆီရောက်နေရတာလဲလို့ ကျနော့်မဟေသီကို မေးကြည့်တော့ သူငယ်ချင်းအိမ်ပြောင်းတုန်းက ၀ိတ်လျှော့တဲ့ ပစ္စည်းတခုပါ၊ သူမသယ်နိုင်လို့ အိမ်ကို ရောက်လာခြင်း လို့ ဆိုတယ်။ အလကားရတဲ့နွားဆိုတော့လည်း ရှိစေတော့။
အခန်းထဲက ပန်းပွင့်ပုံတွေနောက်ခံနဲ့ နာရီကြီးကတော့ ဘယ်လိုရောက်လာမှန်းတော့ မသိဘူး။
မနက်အိပ်ယာထရင် အရင်ဆုံး ကြည့်ဖြစ်တာက နာရီ။ ဘယ်အချိန်ရှိပြီလဲ သိချင်လို့။ ၆ နာရီ ၇ နာရီကျော်ကျော် မှိတ်ထားတဲ့မျက်စိကို မနည်း ပြူးပြီး ကြည့်ရတာပေါ့ ထုံးစံအတိုင်း။
ဒီ ပန်းပွင့်နာရီက ဟန်မကျပါဘူး။ ဟန်မကျလည်း သူ့ပဲ မနက်တိုင်း ကြည့်နေရတယ်။ နောက်ခံက ပန်းပွင့်ပုံတွေနဲ့ ဆိုတော့ သတင်းပို့တာ နောက်ကျတယ်။ ကျနော့်မျက်လုံးတွေက ကျနော့်ဦးနှောက်ကို သတင်းပို့တာ နောက်ကျတယ်။ မျက်လုံးက သူက သူ့ကိုယ်သူ အတည်ပြုနေရတော့ ချက်ချင်း သတင်းမပို့နိုင်ရှာဘူး။
ကျနော်သာ တိုင်ကပ်နာရီထုတ်တဲ့ စက်ရုံပိုင်ရှင်ဆိုရင် ရိုးရှင်းတဲ့ နာရီတွေကိုပဲ ထုတ်မယ်။
အလှဆင်မယ်ဆိုရင်လည်း နာရီ အခွံကိုပဲ လှအောင်လုပ်မယ်။ အရောင်ကို ဂရုစိုက်မယ်။ နာရီလက်တံတွေကို လှလှလေး လုပ်လိုက်မယ်။ ဒါပဲ။
နာရီတလုံးရဲ့ အရည်အချင်းဟာ သူ့ကို ကြည့်လိုက်တာနဲ့ ဘယ်အချိန်လဲဆိုတာကို အမြန်ဆုံးပြနိုင်မှုပဲ ဖြစ်ရမယ်။
နာရီကို ကြည့်လိုက်တာနဲ့ ဟယ်- ဘက်ဂရောင်းလေးက လှလိုက်တာ ဆိုရင် ဟန်မကျသေးဘူး၊ နာရီမှာ နောက်ခံပုံ တခုခု ထည့်ချင်သလား ဒါဆို ပြည်ပရောက်နိုင်ငံရေးသမားတွေ စင်ပြိုင်အစိုးရသစ် ဖွဲ့ချင်သလို အဲ - မယောင်ရာဆီလူးချင်သလို ဖြစ်သွားနိုင်တယ်။ တကယ်လို့ ဒီလို မယောင်ရာဆီလူးနာရီမျိုး ထုတ်လိုက်လို့ အရောင်းသွက်တယ် ဆိုရင်လည်း စီးပွားရေးအရ အောင်မြင်ပေမယ့် ကျနော် စိတ်ချမ်းသာမယ် မဟုတ်။ ဒါကြောင့်လည်း လုပ်ငန်းရှင် မဖြစ်တာ ထင်ပါရဲ့။
မိတ်ဆွေတယောက်က ပြောဖူးတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကလည်းကွာ ငါတို့ထက် အရပ် မြင့်ပါတယ်ဆိုမှ ဖိနပ်ကို ထူထူစီးတယ်၊ ပတ်ထားတဲ့ လက်ပတ်နာရီကလည်း အကြီးကြီးပဲ၊ ယောင်္ကျားတွေ ပတ်တဲ့ နာရီမျိုး ဆိုပဲ။ (သူက အကုန်သိတာပဲ။ အဖွားကြီး ဒီနေ့ ဘာပန်းပန်တယ်ကအစ အင်္ကျီ ဘာအရောင်အဆုံး။ စကားမစပ် ပြောရရင်။)
ဒေါ်စုက နာရီကြည့်ရင် အချိန်ကို ချက်ချင်း သိချင်လို့ ဒိုင်ခွက်ကြီးတဲ့ လက်ပတ်နာရီကို ရွေးပုံရတယ်။ ဒါမှမဟုတ် သူ့အမျိုးသားရဲ့ နာရီကို ယူပတ်တာလည်း ဖြစ်နိုင်တာပဲ။
ဘယ်သူ့ဟာပဲ ယူဝတ်သည် ဖြစ်ပါစေ၊ အချိန်ကို ချက်ချင်း သိချင်တယ် ဆိုတဲ့သဘော၊ စိတ်မြန်တဲ့ စိတ်မရှည်တဲ့ စရိုက်ကို ပြတာ။
(ကိုယ်က အကောင်ကြီးမဟုတ်တော့ ဒီလိုပဲ နာမည်ကြီးသူတွေကို ကိုယ့်စာတွေထဲ ထည့်ရေးရတယ်။ ဒီလိုထည့်ရေးတာ ကိုယ်ပိုင်ဟန်တောင် ဖြစ်တော့မယ်။ )
၁၉၉၉ ခုနှစ်တုန်းက ဆူးလေဘုရားရောက်တော့ ဆူးလေဘိုးဘိုးကြီးရဲ့ အဆောင်နန်းထဲ ရောက်ခဲ့ဖူးတယ်။ ဆယ်ပေပတ်လည်ထက် ပိုမကျယ်ပါဘူး ဒါပေမယ့် အဲဒီအခန်းထဲမှာ တိုင်ကပ်နာရီတွေ ချိတ်ထားလိုက်တာ များမှများပဲ။ အလုံး ၂၀ ကျော်တယ်။ အဲဒီအခန်းကျဉ်းထဲ လိုမယ်ဆိုရင် အလွန်ဆုံး နာရီ ၄ လုံးပေါ့။ အရှေ့အနောက် တောင်မြောက်မှာ ချိတ်ထားလိုက်။ ခုတော့ ဗေဒင်ဆရာတွေ ပါးစပ်ဆော့လိုက်လို့ အပူသည်တွေက ယတြာခြေတဲ့အနေနဲ့ လှူကြတန်းကြတယ် ထင်တယ်။ နာရီပြတိုက်လိုလို နာရီပြင်ဆိုင်လိုလို ဖြစ်နေတယ်၊ ဘိုးဘိုးကြီးနတ်နန်း မဟုတ်တော့ဘူး။ နာရီပတ်လည်ဝိုင်းနေတဲ့ ဘိုးဘိုးကြီး ဖြစ်နေတယ်။
အခုနေ ဗေဒင်ဆရာတယောက်ယောက်က မောင်ဇာနည်ဝင်း ယတြာခြေပါ၊ တိုင်ကပ်နာရီတလုံး တနေရာရာကို လှူပါ ဆိုရင် ၀မ်းသာအားရ လုပ်လိုက်မှာပဲ။ လွယ်တယ်လေ အခန်းထဲက ပန်းပွင့်နာရီကို ဖြုတ်၊ ဖုန်သုတ်ပြီး လှူလိုက်ရုံသာ။
ဒီကိစ္စအတွက်တော့ ဗေဒင်ဆရာဆီ မသွားတော့ပါဘူး၊ သူ့ကို ဉာဏ်ပူဇော်ခ ပေးမယ့်အစား ရိုးရိုးရှင်းရှင်း နာရီကြီးတလုံးကိုပဲ ၀ယ်လိုက်တော့မယ်။ ဟို ပန်းပွင့်နာရီကိုတော့ အငြိမ်းစား ပေးရမယ်လေ။ ။
အတွေးအမြင် ဝဝ၃
မနက်ဖြန်ဟာ ချားလ်စ်ဒါဝင်ရဲ့ အနှစ် ၂၀၀ မြောက် မွေးနေ့ဖြစ်တယ်။ ဟုတ်တယ်၊ လူဆိုတာ မျောက်ကနေ ဆင့်ကဲ ဆင့်ကဲ ပုံစံပြောင်းလာတာလို့ ကြေညာခဲ့တဲ့ ဒါဝင်ကြီးရဲ့ မွေးနေ့။ ဒါဝင် ၂၀၀ ပြည့် ကာလမှာ တိုက်တိုက်ဆိုင်ဆိုင် ခုတလော တင်တဲ့ပို့စ်တွေကိုလည်း မျောက်ပုံ ၀ံပုံတွေ တွဲထည့်မိနေတယ်။ ကဲ - နိဒါန်းရဲ့ နိဒါန်းကတော့ ဒီလောက်ပါပဲး)
မိုးမခမှာ ဘာဘာညာညာတွေ လျှောက်ရေးနေတဲ့ ကိုမောင်ရစ်က တခါတလေ ပြောတတ်တယ်၊ "ဘာညာသာရကာ နေကြာ ကွာစေ့" ဆိုပြီး။ အင်း - ဘာမှန်း မသိပါဘူး။ (သူလည်း သိပုံမရ)။ လူရှိန်အောင် ပြောတာလည်း ဖြစ်နိုင်။ သံပေါက် မဟုတ်၊ ဂါထာ မဟုတ်၊ အတိတ်တဘောင်လည်း မဟုတ်။ စကားဝှက်မဟုတ်။ ဒီအကြောင်း တနေ့နေ့တော့ ရေးဦးမှပဲဆိုပြီး တေးထားတာ ခုမှပဲ တကယ်ရေးဖြစ်ပြီ။
ဘာညာသာရကာ
ဒီရဲ့ ဘာညာသာရကာ ဆိုတဲ့ စကားလုံးကြောင့် မြန်မာစာ လေ့လာတဲ့ နိုင်ငံခြားသားတွေ ဂွကျစေမှာ ဧကန်။ ဘာမှန်းမသိတဲ့ စကားလုံး။ ကျနော် ကွန်ပျူတာရှေ့ထိုင်ပြီး ဟိုဟိုဒီဒီ လျှောက်ရေးထားတာတွေကို တချို့တွေကတော့ ပြောပါလိမ့်မယ်၊ ဘာတွေမှန်း မသိ၊ အရေမရ အဖတ်မရလို့။
Gtalk မှာ ဆုံဖြစ်တဲ့ မိတ်ဆွေတယောက်က မေးတယ်၊ မင်း ဘာစာတွေ ရေးနေသလဲ တဲ့။ ဘာညာသရကာ ဆိုပါစို့ကွာ လို့ ပြောလိုက်တယ်။ ဒီစကားလုံး သုံးထည့်လိုက်တာ ကိုယ့်အတွက်လည်းမှန်တယ်၊ အကြောင်းအရာ စုံစီနဖာ ဆိုတဲ့သဘော။ သူ့အတွက်လည်း မှန်တယ်၊ အရေမရ အဖတ်မရတွေ ရေးနေတယ် ဆိုတဲ့ သဘော။ အင်း - ဒီစကားလုံး ဘာညာသာရကာ က ဘာမှန်း မသိပေမယ့် သုံးရတာ ဟန်အကျသား။
နေကြာ
ဗေဒင်တွေ ဘာတွေကို စုံမက်တတ်တယ် ဆိုရင်တော့ နေကြာစေ့ကို အရမ်းကာရော မစားသင့်ဘူး၊ အထူးသဖြင့် ထောင်ထဲကလူတွေ မစားသင့်ဘူး။ ( ကျနော် ရမ်းတုတ်လိုက်တာ သောက်တလွဲ ဖြစ်နိုင်တယ်၊ နေကြာစေ့စားမယ်ဆိုရင် ဗေဒင်ဆရာတယောက်ယောက်ကို ချည်းကပ် မေးမြန်းပြီးမှ စားပါ။ )
မနေ့ညတုန်းက နေကြာစေ့ ချဉ်ခြင်းတပ်လိုက်တာ။ လက်နှစ်ဖက်လုံးက တနေ့ကို ၁၅ နာရီလောက် ကွန်ပျူတာကိုင်နေပေမယ့် နေကြာစေ့ စားဖြစ်တယ် မကြာခဏ။ နေကြာစေ့ လှော်ပြီးသား တပြည်လောက် ဆံ့တဲ့ အထုတ် ဆိုရင် ဘတ် ၁၀၀ (၃ဒေါ်လာ) ပေးရတယ်။ ဘတ် ၅၀ တန် အထုတ်ပဲ ၀ယ်ဖြစ်တယ်။ အိမ်ကလူတွေ အားလုံး စားပေတော့ ၂ရက် ၃ရက်။
နေကြာစေ့ကို စနစ်တကျ မစားတတ်ခင်ကတည်းက အပြတ် အားပေးခဲ့တာ။ အခွံမခွာတတ်တော့ ပါးစပ်ထဲ အစုံလိုက် အပြုံလိုက်ပစ်ထည့်ပြီး ၀ါးတာပဲ။
အခွံခွာပြီးသားဆိုရင် ကောင်းမယ်လို့ တွေးမိဖူးတယ်။
လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဆိုင်တဆိုင်မှာ အခွံခွာပြီးသား နေကြာစေ့ ၁ ထုပ် ၀ယ်စားဖြစ်တယ်။ ကောင်းတော့ ကောင်းတယ်။ အခွံခွာစရာမလိုဘူး။ ခွာစရာ အခွံမှ မပါဘဲ။ ဒီတော့လည်း စားရတာ တခုခု လိုနေသလို ခံစားရတယ်။ အခွံခွာတဲ့အလုပ် မလုပ်ရတော့ တခုခု လိုပြီပေါ့ဗျာ။ ဒါနဲ့ပဲ အခွံခွာပြီးသားဆိုရင် မကောင်းဘူးလို့ တွေးမိပြန်ရော။
အနောက်နိုင်ငံတွေမှာတော့ ပေါင်မုန့် ကိတ်မုန့်တို့ပေါ်မှာ နေကြာစေ့ဖြူးတယ်။
အပေါ်မှာ တွေ့တဲ့အတိုင်း မုန့်ပေါ်မှာ နေကြာစေ့တွေကို နှမ်းဖြူးသလို ဖြူးတတ်ကြတယ်။ ဒါမျိုးမုန့် မစားဖူးပါဘူး။ မြင်ဖူးတာပါ။
နေကြာစေ့စားတာနဲ့ ရုပ်ရှင်ကြည့်တာနဲ့က ဟိုတုန်းကတော့ မြန်မာပြည်မှာ မဟာမိတ်ပဲ။ ဇာတ်ကား အစပိုင်းမှာ နေကြာစေ့အခွံခွာသံတွေ တရုံလုံး ညံနေတတ်တယ်။ ဇာတ်ကား တ၀က်ကျိုးရင်တော့ နေကြာစေ့အသံတွေ တိတ်သွားရော။ နေကြာစေ့ မစားဘဲ ကြည့်ရတဲ့ ရုပ်ရှင်ကားဟာ ကြည့်လို့ကောင်းမယ်မဟုတ်။ ခုခေတ်တော့ ဘယ်လိုရှိမယ် မပြောတတ်။ စီးပွားကျကြတော့ နေကြာစေ့ ၀ယ်စားကြသေးရဲ့လား။
ကျနော် ဆယ်တန်း ပထမနှစ် တက်တော့ အတန်းထဲမှာ နေကြာစေ့ လို့ ခေါ်တဲ့ ကောင်မလေး (သို့မဟုတ် မမ) တယောက် ရှိတယ်။ သနပ်ခါးလိမ်းတယ်၊ ခပ်ပြုံးပြုံး။ သူက နေကြာစေ့ ကြိုက်လွန်းလို့ ဒီနာမည် ရခဲ့ ဆိုပဲ။ ဒီလောက်ပါပဲ၊ သူနဲ့ စကားမပြောဖူးခဲ့တော့ ဒီထက် ပိုပြောစရာ မရှိ။
ကွာစေ့
နေကြာစေ့တော့ အခွံခွာတတ်ပေမယ့် ကွာစေ့ကိုတော့ ခုချိန်ထိ မခွာတတ်၊ ခွာရခက်လို့ မစားဖြစ်။ ၀ယ်ရလည်း ခက်ပါတယ်။ နေရာတိုင်းမှာ မရှိ။ ရန်ကုန်က တရုတ်လူမျိုးတွေကတော့ သူတို့ရဲ့ နာရေးတွေမှာ ကွာစေ့တွေ ပန်းကန်ပြားထဲ ထည့်ပြီး ဧည့်ခံတတ်တယ်။
- ကွာစေ့က အမည်းရောင် ဆိုတော့ ၀မ်းနည်းခြင်းအထိမ်းအမှတ် နာရေးမှာ ကျွေးတာလား။
- ဈေးပေါလို့ ကျွေးတာလား။ ဒါလည်း မဖြစ်နိုင်ပါဘူး၊ တရုတ်အများစုက အနည်းနဲ့ အများ ရေလျှံသားပဲ။
- စကားမပြောစေချင်လို့လည်း မဖြစ်နိုင်။ စားရင်း ပြောလည်း ရတယ်လေ။
ကွာစေ့ဆိုတာ ဖရဲသီးကနေ ရပုံပေါ်တယ်။ ကွာစေ့လို့ ဘာကြောင့်ခေါ်သလဲ ? ခွာလိုက်ရင် အခွံက ကွာသွားပေမယ့် စားမယ်ဆိုပြီး ပြင်လိုက်ရင် အခွံက ပြန်စေ့သွားလို့များလား။
တွေးကြည့်တာပါ။ သြော် - ဘာညာ သာရကာ နေကြာ ကွာစေ့။ ။
အတွေးအမြင် ဝဝ၂

ရန်ကုန်မှာ ပေါများတာ မုန့်ဟင်းခါးဆိုင်။ ရန်ကုန်ကို အထင်ကြီးတဲ့ထဲမှာ မုန့်ဟင်းခါးဆိုင်တွေ ပေါတာလည်း တချက် အပါအ၀င် ဆိုပါစို့ရဲ့။
ကွမ်းယာဆိုင်က ပိုပေါပေမယ့် ကွမ်းမကြိုက်တော့ လမ်းထိပ်တိုင်းလိုလိုမှာ ဖွင့်တတ်တဲ့ ကွမ်းယာဆိုင်တွေအကြောင်း စာမဖွဲ့တော့ဘူး။
ရန်ကုန်မှာ လေးနေရာလောက် ပြောင်းရွှေ့နေခဲ့ဖူးတာ တကြိမ်မှာတော့ တင်တင်အေးမုန့်ဟင်းခါးဆိုင်နားမှာ နေဖြစ်ခဲ့တယ်။ တင်တင်အေး မျက်စောင်းထိုးမှာ ဟိုဒင်း ရှိတယ်၊ စိန်ဥ မုန့်ဟင်းခါးဆိုင် ရှိတယ်။ စိန်ဥဟင်းရည် အရောင်က ဆွဲဆောင်မှု မရှိဘူး၊ အရသာကတော့ ဂွတ်ရှယ်။ တင်တင်အေးဟင်းရည်ကတော့ စားသုံးသူအကြိုက် အရောင်အဆင်းနဲ့။
သူတို့မုန့်ဟင်းခါး၂ဆိုင် ဘယ်ဟာ ပိုကောင်းသလဲ မေးရင်တော့ ၂ဆိုင်လုံး စားလို့ကောင်းပါကြောင်း ဖြေရမယ်။
ကောင်းပေမယ့် စိန်ဥကို ပိုစားဖြစ်တယ်။ ပိုနီးလို့၊ ပြီးတော့ ထိုင်ရတာ ခွေးခြေ လို့ ခေါ်တဲ့ ထိုင်ခုံလေးတွေနဲ့မို့၊ ပြီးတော့ အဲဒီတုန်းက အဲဒီဆိုင်က လူတယောက် ထောင်ထဲရောက်နေတယ် ဆိုတာ ကြားဖူးတော့ ပိုပြီး အားပေးဖြစ်တဲ့သဘော။ (မုန့်ဟင်းခါးစားတာတောင် နိုင်ငံရေးပါသဗျ)
မြောင်းမြဒေါ်ချို ဆိုတဲ့ဆိုင် တခါ ရောက်ဖူးတယ်။ ခုတော့လည်း ပြည်ပရောက်နေလို့ ဒေါ်ချိုရဲ့ အသင့်စားမုန့်ဟင်းခါး (ရယ်ဒီမိတ်)တွေကိုပဲ အားပေးနေရ။
မုန့်ဟင်းခါးကို ပုသိမ်မှာလည်း စားဖူးတယ် ကောင်းတာပဲ။ ဧရာဝတီတိုင်းဟာ မုန့်ဟင်းခါးရဲ့ မွေးဌာနီများလား။
မိုးကုတ်မှာတော့ မုန့်ဟင်းခါးကို နာမည်ဖျက်တဲ့ဆိုင်တခု တွေ့ဖူးတယ်။ အဲဒီဆိုင်က မုန့်ဟင်းခါးကို အမဲသားနဲ့ စီမံသဗျ။ ကျပ်ပြင် ဆိုတဲ့ ဒေသမှာ ရှိတဲ့ဆိုင်။
ငါးရှဥ့်နဲ့စီမံထားတဲ့ မုန့်ဟင်းခါးလည်း ကောင်းတာပဲ၊ ဇင်းမယ်မြို့ ဒွိုင်ဆူထေ့ တောင်ခြေက မိတ်ဆွေတယောက်ချက်တာ တခါတော့ ကြုံဖူးတယ်၊ ငါးရှဥ့်ဟာလည်း ငါးတမျိုး မဟုတ်လား။
ရန်ကုန်ရောက်ခါစတုန်းက မုန့်ဟင်းခါး နဲ့ ပတ်သက်ပြီး ခံရဖူးတယ်၊ အတန်းအပြင်ဘက်မှာ လမ်းသလားနေတုန်း ကျောင်းသားတယောက်က လှမ်းမေးတယ်၊ ဟေ့ကောင် မုန့်ဟင်းခါး စားမလား လိုက်ခဲ့ တဲ့။ သိပ်စားတာပေါ့ကွာ၊ ဒါနဲ့ သူ့နောက် လိုက်သွားတယ်။ မုန့်စားဆင်းချိန် မရောက်ခင် စားရမှာမို့ ၀မ်းသာနေတယ်၊ မုန့်စားဆင်းချိန်ဆို တိုးမပေါက်တော့ ၀ယ်စားရတာ ဟန်မကျဘူးလေ။ သူကောင့်သားနောက် လိုက်ရင်း ပါးစပ်ပြင်လို့ မပြီးသေးဘူး မုန့်ဟင်းခါးဆိုင် မရောက်ဘဲ ခန်းမကြီးတခုထဲက ခုံတွေကို သယ်ရပါရောလား၊ ရန်ကုန်သားတွေ ပြောတဲ့ မုန့်ဟင်းခါးစားတယ်ဆိုတဲ့စကားက လုပ်အားပေး တာကိုလည်း ဆိုလိုမှန်း အဲဒီမှာ သိသွားတာပေါ့။ ၆ တန်း ကျောင်းသားဘ၀ဗျာ။ အီဒီယံတခုကို လက်တွေ့ ပို့ချခံလိုက်ရတာ။
ရန်ကုန်မှာ နောက်ထပ် မုန့်ဟင်းခါး နဲ့ ဆိုင်တဲ့ အီဒီယံတခု ရှိသေး။ "ငါ မုန့်ဟင်းခါး မစားချင်သေးဘူးနော်" တဲ့။ ဒီစကား အဓိပ္ပာယ်က လုပ်အားပေးနဲ့ မဆိုင်ဘူး။ ခင်မင်သူအချင်းချင်း နောက်ပြောင်ပြီးပြောတဲ့စကားဗျာ။ ကားလမ်းကို နမော်နမဲ့ဖြတ်ကူးတဲ့သူ၊ ယမကာ နေ့စဉ် အလွန်အကျွံ သုံးဆောင်သူ စသဖြင့်တို့ကို ဆုံးမတဲ့စကားပါ။ ရန်ကုန်မှာ လူတယောက် ကွယ်လွန်လို့ ရက်လည်ဆွမ်းသွပ်တဲ့နေ့မှာ လာတဲ့ပရိသတ်ကို မုန့်ဟင်းခါးနဲ့ ဧည့်ခံတယ်လေ၊ နာရေးတိုင်းလိုလို မုန့်ဟင်းခါး ကျွေးတယ်။ ဒါဆို "ငါ မုန့်ဟင်းခါး မစားချင်သေးဘူးနော်" ဆိုတဲ့ အဓိပ္ပာယ်ကို သိရောပေါ့။
ရန်ကုန်က နာရေးတွေနဲ့ မုန့်ဟင်းခါး ဘယ်လို ဆက်စပ်သလဲဆိုတာ ဆရာကြီး မင်းသိင်္ခ စုံစမ်းသိရှိထားတယ်၊ အတိအကျ သိချင်ရင်တော့ ဆရာကြီးနောက်ကို လိုက်မေးပေတော့ဗျာ။ ဆရာကြီးက မုန့်ဟင်းခါး ကျွမ်းကျင်သူတယောက်ပေပဲ။ မုန့်ဟင်းခါး ဘာသာရပ်နဲ့ ပတ်သက်တဲ့ အချက်အလက် နောက်တခုကိုလည်း သူ့ရဲ့ ၀တ္ထုတပုဒ်ထဲမှာ ဇာတ်ကောင်တယောက်က ဟောသလို ပြောဖူးတယ်၊ "မုန့်ဟင်းခါးစားပြီးတိုင်း ဟင်းရည်အဆစ်တောင်းတာ သူ့အဖိုးက အစပြုခဲ့တာ" တဲ့။ (သူပြောတိုင်း ယုံရမှာလား၊ သူ့အဖိုးဆိုတာ သေချာပါ့မလား၊ စာရေးဆရာမ တူးတူးသာတို့ အဖိုးလည်း ဖြစ်နိုင်တာပဲ။း)
မုန့်ဟင်းခါးထဲ နံနံပင် ထည့်ရေး မထည့်ရေးကတော့ (မျက်စိမြင်တဲ့) ကလေးတွေရဲ့ အလုပ်ပဲ ဖြစ်သင့်ပါတယ်။
ရန်ကုန်သားတွေက မုန့်ဟင်းခါး စားဖို့ပဲ ၀ါသနာ ပါကြတာပါ၊ မုန့်ဟင်းခါးအကြောင်း ငြင်းခုံဖို့တော့ ကျနော် သိသလောက် သူတို့ ဝေးဝေးရှောင်ကြတယ်။ အစားအစာ ဘာသာရပ်ဟာ အမျိုးသမီးရေးရာလို့ သတ်မှတ်ထားပုံရ။
ရန်ကုန်သားများနဲ့ ၂ခါ ၃ခါ မုန့်ဟင်းခါးအကြောင်း လေပစ်ဖူးတယ်၊ "ဟေ့ရောင် - မုန့်ဟင်းခါးဆိုင် မှန်သမျှ ဟင်းရည် ချိုချို ချက်ကြတာချည်းပဲ၊ ခါးတဲ့အရသာ ငါဖြင့် မကြုံဖူးပါဘူး၊ ဒါကြောင့် မုန့်ဟင်းခါး ဆိုတာ မုန့်ဟင်းငါး ကနေ ရွေ့လာတာဖြစ်မယ်" ပေါ့ဗျာ။ မုန့်ဟင်းခါးဟင်းရည်ဆိုတာ ငါးနဲ့ စီမံထားတာကိုး။ ရန်ကုန်သားများဆီက တုံ့ပြန်ချက် ပြန်မလာပါ။ မုန့်ဖတ် အပေါင်း ဟင်းခါးရည် ညီမျှချင်း မုန့်ဟင်းခါး လို့လည်း မဖြေဘူး။ ဘာမှ မဖြေဘူး၊ မဆွေးနွေးဘူး။ တကယ်ဆို သူတို့ တခုခု ပြောသင့်တာပေါ့၊ ရန်ကုန်သား အတော်များများက မုန့်ဟင်းခါးနဲ့ မျက်နှာသစ်ကြတယ်မဟုတ်လား။
တကယ်တော့ ကျနော်ပြောချင်တာက မုန့်ဟင်းခါးအကြောင်း မဟုတ်ပါဘူး၊ မုန့်ဟင်းခါးထဲ ထည့်တဲ့ သံပုရာသီးအကြောင်းပါ။ မုန့်ဟင်းခါးထဲ သံပုရာညှစ်ပြီး စားကြည့်စမ်းပါ၊ ကြိုက်သွားပါလိမ့်မယ်၊ ကျနော်ကတော့ ကြိုက်သဗျာ။ မစားခင် သံပုရာ မညစ်နဲ့ ဦး၊ တ၀က် ကုန်အောင် စားလိုက်၊ ပြီးမှ သံပုရာညှစ်စား။ အရသာ ၂ မျိုး ရမယ်။
ပြောချင်တာ အရသာလည်း မဟုတ်ပါဘူး၊ အရသာအကြောင်း ရှင်းပြရအောင် ကျနော်က အဲသလောက် ကျွမ်းကျင်သူ မဟုတ်။ ပြောချင်တာက သံပုရာသီး။
သာရေးနာရေးမှာဖြစ်ဖြစ် ဆိုင်မှာဖြစ်ဖြစ် သံပုရာသီးကို ခပ်သေးသေးစိတ်ပြီး ပန်းကန်ထဲ ထည့်ထားပေးတတ်တယ်။ ကောင်းတယ်ဗျာ၊ မုန့်ဟင်းခါး စားပြီးတိုင်း အချိုမှုန့်ဓာတ် လျှာမှာ စွဲကျန်မနေအောင် ဒီသံပုရာသီးကိုပဲ အားကိုးနေရတာ။
လူတချို့က ဒါမှမဟုတ် လူအတော်များများက သံပုရာသီးစိတ်လေးတွေကို ယူညစ်ပြီးရင် အမှိုက်ပုံးထဲ သွားမပစ်ဘူး၊ ဒါမှမဟုတ် သူ့ပန်းကန်ဘေးမှာလည်း မထားဘူး၊ သံပုရာသီးစိတ်ပန်းကန်ထဲပဲ ခပ်လွယ်လွယ် ပစ်လိုက်တယ်။ အကောင်းနဲ့ညှစ်ပြီးသားနဲ့ ရောရတာ သိပ် ၀ါသနာ ကြီးကြတယ်။ သံပုရာသီး ညှစ်ပြီးရင် အချဉ်ဓာတ်က လက်က အညစ်အကြေးတွေကို ဖွပေးလိုက်မှာပဲ၊ အညစ်အကြေး ပေသွားတဲ့ သံပုရာခြမ်းတွေကို ပန်းကန်ထဲ ပြန်ထည့်တော့ ကိုယ့်အညစ်အကြေးတွေကို ပန်းကန်ထဲ ပြန်ထည့်သလို ဖြစ်သွားတယ်။
ဟာ - ဒီငနဲ မြောက်အမေရိကမှာ ခိုလှုံခွင့်ယူပြီးပြန်လာတာ ဘိုတွေရဲ့ စရိုက်တွေ ကော်ပီကူးခဲ့ပြန်ပြီ လို့ အထင်မသေးလိုက်ပါနဲ့ဦး၊ ကျနော်က အညစ်အကြေး ကြောက်တဲ့သူ မဟုတ်ပါဘူး။ အင်း - ဘယ်လို သက်သေ ပြရပါ့။
သေချာတာကတော့ မုန့်ဟင်းခါးစားဖို့ ဟန်ပြင် ပါးစပ်ပြင်၊ အဲဒီအချိန်မှာ ညစ်ပြီးသား သံပုရာခွံတွေကို ဖယ်ပြီး သံပုရာခြမ်းတွေ လိုက်ရှာရတာက (ဘိုဆန်ဆန် ပြောရရင်) စိတ် မသက်မသာ ဖြစ်စရာပါ။ သံပုရာ ပန်းကန်ထဲ သံပုရာခွံ ရှုံ့တွတွတွေ သိပ်များနေပြီဆိုရင်တော့ မုန့်ဟင်းခါးစားခြင်းအနုပညာကို ထိခိုက်တော့တာပဲ။ ကဲဗျာ - ဒီလောက်ပါပဲ။
ခင်ဗျားတို့အိမ်မှာ (နာရေးမဟုတ်ပေမယ့်) မုန့်ဟင်းခါးချက်ဖြစ်ရင် ကျနော့်ကို ဖိတ်လို့ ရပါတယ်။ သံပုရာသီးကိစ္စကိုတော့ မေ့လိုက်ပါဗျာ၊ ဒါက ကျနော့်ရဲ့ အရေးမပါဘူးလို့ ဟန်ဆောင်လို့ရတဲ့ ဇီဇာကြောင်မှု တခုပါ။ ဒီအတွက်နဲ့တော့ ကျနော့်ကို ချန်ထားစရာ မလိုပါဘူး၊ ဖိတ်သာ ဖိတ်လိုက်ပါ၊ မုန့်ဟင်းခါးဝိုင်းမှာ ဝေါဟာရရေးရာ ငြင်းခုန်တာတွေလည်း မလုပ်ပါဘူးလို့ အာမခံပါတယ်။ အင်း - ကြိုတင် တောင်းဆိုချင်တာ တခု ပြောပါ ဆိုရင်တော့ ပထမပွဲမှာ မုန့်ဖတ်နည်းနည်း ဟင်းရည်များများ ထည့်ပေးပါဗျာ။ ။