မြန်မာစာအုပ် စာတမ်းတွေ ဖတ်တဲ့အခါ ၀ါကျ ဘယ်လောက် ရှည်ရှည် ဖတ်ဖူးသလဲ။ ကျနော် ဒီနေ့ ဖတ်ဖြစ်တဲ့ သတင်းတပုဒ်မှာတော့ အသံထွက်ဖတ်ရင် ၁ မိနစ် ၀န်းကျင် ကြာမယ့် ၀ါကျတကြောင်း တွေ့ရသဗျ။ တတိယပိုဒ်မှာဗျာ။ ဖတ်ကြည့်ပါဦး။ "မြန်မာနိုင်ငံ အုပ်ချုပ်ရေး ယန္တယားများ ဖြစ်သည့်" ဆိုတဲ့ အဲဒီ စာပိုဒ် တပိုဒ်လုံးကို တကြောင်းတည်း ရေးထားတာ။

ဂျာနယ် နာမည်က OPEN တဲ့။ ဒီလ ၈ ရက်နေ့က YANGON အဲ - ရန်ကုန်မှာ ထုတ်တား)
OPEN ဆိုတော့ "ဖွင့်" လို့ ဘာသာပြန်နိုင်မယ် ထင်ပါရဲ့။ ပွင့်ပွင့်လင်းလင်း ဆိုလည်း ရမှာပါ။ ပွင့်လင်းမှုအကြောင်း ပြောလိုတာတော့ မဟုတ်ပါ၊ ရှည်လျားမှုအကြောင်း ပြောလိုတာပါ။ အကြောင်းအရာ တခုကို သို့ကလို အလွန်တရာ ရှည်လျားပေများစွာ ရေးသား သီကုံး ဖွဲ့နွဲ့ တင်ပြ သတင်းပို့ အစီရင်ခံ အကြောင်းကြား တတ်တာလည်း ပညာ တခုလို့ မထင်ကြဘူးလား)
ဒီဝါကျရှည် ဖတ်မိတဲ့ စာဖတ်သူ စိတ်ရှုပ်သွားပြီး ဘာတွေရေးထားမှန်းမသိဘူး ဖြစ်သွားတာကတော့ တပိုင်းပေါ့လေ။ သတင်းမှာ အပိုဒ် ၅ ပိုဒ် ပါတယ်။ ၀ါကျလည်း ၅ ကြောင်းပဲ တွေ့ရတယ်။
တကယ်ဆို သတင်း တပုဒ်လုံးကို ၀ါကျ ၁ ကြောင်းတည်း နဲ့ ရေးသင့်ပေတာပေါ့၊ ဟုတ်ဘူးလား)
ရှစ်လုံး လို့ ခေါ်တဲ့ "သီဟသူရတင်အောင်မြင့်ဦး" တိုင်းခန်းလှည့်တဲ့ပုံ ဖြစ်မယ် ထင်တယ်။ သတင်းမှာ ရေးထားတာက စာကြည့်တိုက်တခုသို့သွား လိုအပ်သည်များကို မှာကြား ဆိုပါစို့။
ပြောစရာ နည်းနည်းရှိတယ်း) ဒီပုံနဲ့ ပတ်သက်ပြီး
ပုံကို သေချာ ကြည့်ပါဦး။ စာကြည့်တိုက်မှာ စာထိုင်ဖတ်နေတဲ့သူတွေက ဒီလူကြီးတို့အုပ်စုကို သောက်ဂရုကို မစိုက်ဘူး ဆိုတဲ့ သဘော သက်ရောက်နေတယ်း)
ဘယ်နေ့က ဘယ်မှာ ရိုက်ထားတဲ့ပုံဆိုတာ မှတ်မထားမိဘူး။ ကျုပ်လည်း ဗိုလ်ချုပ်ကြီးများအသားပေး သတင်းစာကို အွန်လိုင်းကဖတ်ရင်း ဒီပုံကို တွေ့တွေ့ချင်း သဘောကျတာနဲ့ ဘလော့ပေါ် တင်လိုက်ဦးမှ ဆိုပြီး desktop မှာ သိမ်းထားလိုက်တာ ရက် ၂၀ တော့ အနည်းလေး ရှိဘီ။ ဒီနေ့ desktop မှာ ရှိတဲ့ ဖိုင်ပရပွကို ဖြုတ်ထုတ်ဖျက် သန့်ရှင်းရေး လုပ်ရင်းနဲ့ ဒီပုံကို ပြန်တွေ့တယ်။
ဘယ်စာကြည့်တိုက်မှန်း မှတ်တမ်း မတင်မိလိုက်တာတော့ ကျုပ် အပြစ်ပဲ။ ကဲ - သူတို့ ဘယ်လောက် လေးစားစရာ ကောင်းသလဲ။ အင်မတန် စာဖတ်တဲ့သူတွေဗျာ။ စားပွဲ ပတ်ပတ်လည် ပြွတ်သိပ်ထိုင်ပြီး အသည်းအသန် ဖတ်နေလိုက်ကြတာ။ စာကြမ်းပိုးတွေပြည့်နေတဲ့ ဒီလို စာကြည့်တိုက်မျိုး ကျုပ်က ဖွင့်ချင်နေတာ ကြာလှပေါ့။
စာကြည့်တိုက် ပရိသတ်ဟာ နိုင်ငံတော်အကြီးအကဲတယောက်လုံး လာတာတောင် နေကောင်းလား နေကောင်းတယ် စသဖြင့် စသဖြင့် မပြောနိုင် နှုတ်မဆက်နိုင်အောင် [ ပြီးတော့ လက်အုပ်မချီနိုင်အောင် ] စာပေကို စာဖတ်ခြင်းကို အာရုံစိုက်၊ နှစ်သက်၊ မြတ်နိုး၊ ချစ်ခင်၊ အလေးထား၊ ဦးစားပေး၊ ဂရုပြု ၊ စိတ်ဝင်စားနေလိုက်ကြတာလို့ မထင်ကြဘူးလား။
ဒါမှမဟုတ် စောစောက ကျုပ်ပြောသလို ဒီကောင့်ကို ငါတို့ သောက်ဂရုစိုက်စရာ မလိုပါဘူးကွာ ဆိုတဲ့ အချိုးမျိုး ချိုးနေကြတာလား။ ကျုပ်တော့ ဉာဏ်မမီပါခင်ဗျာ။ မြန်မာပြည်နဲ့ ခွဲခွာခဲ့ရတာ ကြာပြီဆိုတော့ ရွှေတွေရဲ့ စရိုက် အပြုအမူတွေ မသိတော့ဘူး အပြစ်တင်လည်း ခံရမှာပေါ့။ ဒီပုံအကြောင်းကတော့ ဒီလောက်ပါပဲ။ ခုတလော ကျုပ်လည်း အေးချမ်းသာယာရေးတို့ကိုပဲ ဓာတ်ကျနေတယ်။
ဆောဒီးဗျား)
[ စာကြမ်းပိုးတွေနဲ့ သွားတွေ့တာ ရှစ်လုံး မဟုတ်ဘူးလို့ တယောက်က ကော်မန့်ပေးပြီး ပြောတယ်း) ]
မြို့မေတ္တာခံယူမယ့် လူကြီးကို စတိုင်သစ်နဲ့ တွေ့ရတယ်။ ဘယ်လိုထူးခြားတဲ့ စတိုင်လဲ၊ ဘယ်မှာတွေ့ရတာလဲ ဆိုတော့
ဒီနေ့ သတင်းစာထဲမှာပါ။ ဘုန်းကြီးခေါင်းရိုက် အဲ - ဘုန်းကြီးဆွမ်းကပ်တဲ့ သတင်းနဲ့  ဓာတ်ပုံဗရပွကို ဒီနေ့ သတင်းစာမှာ မျက်နှာဖုံး ရှေ့ရော နောက်ရော ပြီးတော့ အတွင်းစာမျက်နှာမှာရော တင်ထားတယ်။ သတင်းစာမှာ ရေးထားတာတွေအရတော့ ဗိုလ်ချုပ်ကြီးအေးချမ်းသာယာရေးတို့ အရမ်း အရမ်းကို အလှူအတန်း လုပ်ကြတာပဲ။ ဘာသာရေး အင်မတန် ကိုင်းရှိုင်းပုံရတယ်။

စတိုင်က ဘာထူးလို့ လဲ ဆိုတော့ သန်းရွှေကြီး ထိုင်နေတဲ့ပုံပေါ့။ သူတယောက်ပဲ တင်ပလ္လင်ခွေ ထိုင်တယ်။ သက်တောင့်သက်သာဖြစ်သလို ထိုင်ပါစေလေ။ အသက်အရွယ်အရ တာဝန်က အနားယူသင့် အဲ - ဒူးတုပ်ထိုင်လို့မှ မရတာ။ ထူးတာက သူတယောက်ပဲ အောက်ပိုင်း အဖြူ ၀တ်ထား အုပ်ထားတယ်။ ကျန်တဲ့ အေးချမ်းသာယာရေးတွေက စစ်ဘောင်းဘီပေါ် ဘာမှ မအုပ်ကြ။ ဒါဆို သန်းရွှေကြီးက တလုံးပိုရှူ အဲ - မှားပြန်ပြီ - တမျိုးတဘာသာ ဖြစ် စတိုင်သစ်ထွင်နေတာ ဘာကြောင့်လဲ။ ယတြာ ခြေတာလား၊ သေးပေါက်ချ အဲ ဘောင်းဘီ ရေစိုနေလို့လား၊ ဘောင်းဘီ တနေရာရာမှာများ ပြဲသွားသလား၊ ဒါလည်း မဖြစ်နိုင်ဘူး လူတွေက ဘောင်းဘီ အပေါက်အပြဲ ဈေးကြီးပေးပြီးတောင် ၀ယ်ဝတ်ကြတာပဲ။ သူ ဘယ်လိုထိုင်တယ်ဆိုတာ လူ သိမှာစိုးလို့ ဖြစ်နိုင်တယ်လို့ ဧရာဝတီသတင်းထောက် အေးလဲ့က ခန့်မှန်းတယ်း) စဉ်းစားစရာပဲ။ သူ့ဘေးက ဆရာမောင်အေးကတော့ သာမန်။
သန်းရွှေကြီးက သူ့ဘော်ဘော်တွေထက် အရိုအသေ ပိုပေးနေပုံရတယ်။ လက်ဆယ်ဖြာ ထိပ်မှာ မိုးလို့ပေါ့။ သူ့ဘော်ဘော်များကတော့ ၀တ္တရားကျေ ကန်တော့နေပုံရ။
ဒီစတိုင် မတော်တဆ ခေတ်စားလာနိုင်တယ်၊ အေးချမ်းသာယာရေး စတိုင် ဆိုပါစို့။
အပေါ်က Jobs ဆိုတဲ့ ခေါင်းစဉ်ကို နှိပ်ပါ။ ကျေးဇူးရှင် Read more ပျက်နေပုံရ။း(
ကျနော့်ရဲ့ မပုတင် (မှတ်ပုံတင်) မှာ ကိုးကွယ်သည့်ဘာသာ ဆိုတဲ့ ဖော်ပြချက် ပါတယ်။ တခြားနိုင်ငံတွေမှာ မှတ်ပုံတင်ကတ်ပြားပေါ် ဒီလို မဖော်ပြကြဘူးလို့ ဆိုတယ်။ သူရို့ဆီက အာဏာပိုင်များက သူရို့ ခွဲခြား ဆက်ဆံခံရမှာ စိုးရိမ်ပုံရတယ်။
အလုပ်အကိုင် ဆိုတဲ့နေရာမှာတော့ ကျောင်းသား လို့ ဖြည့်ထားတယ်။ လဝကရုံးရဲ့ လက်ရာလေ။ အလုပ်အကိုင် “မရှိ” လို့ ဖြည့်လည်း ရတဲ့ဟာကို။ အလုပ်အကိုင်ဆိုတာ ဝင်ငွေရှိတဲ့ အလုပ်ကို ဆိုလိုတာ မဟုတ်ဘူးလား။ ကျောင်းသား ဆိုတာ ဝင်ငွေမရှိ၊ ထွက်ငွေသာရှိ။
တောကနေ ရန်ကုန်ရောက်တော့ အလုပ်အကိုင် မျိုးစုံ တွေ့ဖူးတာပဲ။
တချို့အလုပ်တွေက တောသား ကျနော် အတွက် အံ့အားသင့်စရာ။
ဥပမာ - အိုးတိုက် ဖွဲပြာရောင်းတဲ့အလုပ်ဗျာ။ တောမှာတော့ ဖွဲပြာ ရချင်ရင် ဆန်စက်မှာ သွားကျုံးပေတော့။ (ဖွဲပြာ ဆိုတာ မီးရှို့ထားတဲ့ စပါးခွံမှန်း လူတိုင်း မသိဘူး။ သိစရာလည်း မလိုပါ။) ဆန်စက်မှာ ဖွဲပြာက တောင်ပုံယာပုံ။
ဓားသွေးတဲ့ အလုပ်ကလည်း စိတ်ဝင်စားစရာ။ တောသားအတွက် အသစ်အဆန်း။ တလမ်းဝင် တလမ်းထွက်ပြီး ဓားသွေးတယ် ကပ်ကျေးသွေးတယ်လို့ လိုက်အော်တဲ့သူကို ရန်ကုန်ရောက်မှ တွေ့ဖူးတယ်။
ဦးရှင်ကြီး တင်တဲ့ဆရာက ပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ်။ ကျနော်တို့ ရှမ်းပြည်မှာ ဦးရှင်ကြီးမှ မရှိတာ။ ဦးရှင်ကြီးဆရာက ဆိုက်ကားနဲ့ ရောက်လာတတ်တယ်။ ကျနော်တို့ အမေက ရေလမ်းခရီး မသွားပေမယ့် အရောင်းအ၀ယ် အဆင်ပြေအောင် ဦးရှင်ကြီး တင်တတ်တယ်။ ဒီတော့ လည်း ကျနော်က မုန့်ဆမ်း စားဖူးသွားတယ်။ စားလို့ ကောင်းသားပဲ။ အမြဲတော့ မတင်ပါဘူး။ တနှစ်ကို တခါ လောက်ပါပဲ။
ခြင်ဖမ်း ဆိုတဲ့ အလုပ်အကိုင် ကြားဖူးကြလား။ ခြင်တွေကို လိုက်ဖမ်းတဲ့ အလုပ်နဲ့တော့ ဆက်စပ်တယ်။ ဆေးသုတေသနအဖွဲ့က နယ်တွေကို ငှက်ဖျားပိုးနဲ့ ပတ်သက်ပြီး ကွင်းဆင်းတဲ့အခါ ခြင်ဖမ်းတဲ့အလုပ် လုပ်တယ်။ ခြင်ဖမ်း ဆိုတဲ့လူက ခြင်ဖမ်းတဲ့လူ မဟုတ်ဘူး။ ဒီလို ဒီလို - လူတယောက်က ပထမဦးဆုံး ခြင် အကိုက်ခံရတယ်၊ ခြင်က သူ့ လက်ပေါ် ဒါမှမဟုတ် ပခုံးပေါ် နားရောဗျာ၊ ပြီးရင် သွေးစုတ်မယ်၊ အဲဒီခြင်ကို ပလပ်စတစ်ပိုက်အကြည်နဲ့ ထိုးလိုက်တော့ ခြင်က ပိုက်ထဲ ၀င်သွားရောဗျာ။
သွေးစုတ်တာကို ငြိမ်ခံရမယ်၊ သွေးစုတ်နေတုန်းး မဖမ်းရဘူး၊ သူ သွေးဝသွားပြီ ဆိုတဲ့အချိန်မှ ပိုက်နဲ့ ထိုးလိုက်ရတာ။ အကျဉ်းချထားတဲ့ခြင်ကို အစာကျွေးလို့ မရဘူးလေ။ ဒါကြောင့် မဖမ်းခင် သွေးအ၀တိုက်တဲ့သဘော။ သွေးမ၀တဲ့ ခြင်ကလည်း ရန်ကုန်အထိ သွားရတဲ့ခရီးမှာ အသက်မရှင်ဘူးလို့ ဆိုတယ်။ ဒါတွေကို ခြင်က ကျနော့်ကိုပြောတာ မဟုတ်ဘူးနော်။ ကျနော် ခြင်စကား နားမလည်ပါဘူး။ ဆေး/သု ၀န်ထမ်းတယောက်က ပြောပြတာပါ။ ခြင်က သွေးဝတဲ့အချိန် ဗိုက်ဖောင်းသွားတဲ့အချိန်မှာ မဖမ်းမိဘဲ လွတ်သွားတာတွေလည်း ရှိတာပေါ့၊ ခင်ဗျားလည်း ခြင်ရိုက်ဖူးတာပဲ၊ အပူပိုင်းနိုင်ငံသား ဆိုတော့။
ခြင်ဖမ်း ဆိုတာ နိဂုံးချုပ်ရရင် ခြင်ဖမ်းတဲ့လူကို ခေါ်တာမဟုတ်ဘူး၊ သွေးလှူတဲ့သူကို ခေါ်တာပါ တဲ့။ ခြင်အကိုက်ခံရတဲ့အတွက် ပိုက်ဆံရတယ်ပေါ့ဗျာ။
နောက်အလုပ်တခုအကြောင်း လျှောက်ပြောရရင် ၁၉၉၆ လောက်မှာ ကျနော့်တူတယောက်ကို မေးကြည့်တယ်၊ မင်းကြီးလာရင် ဘာလုပ်မလဲပေါ့။ (လူကြီးတွေက ကိုယ့်ကို ဒီမေးခွန်းနဲ့ မကြာခဏ နှိပ်စက်ဖူးတော့ ကိုယ်လည်း ဘာရယ်မဟုတ်ပါဘူး ကိုယ့်ထက်ငယ်တဲ့သူ့ကို လျှောက်မေးတော့) သူက နည်းနည်း စဉ်းစားပြီး ဖြေတယ်၊ ကားစပယ်ယာ လုပ်မယ် တဲ့။ အဲဒီတုန်းက စပယ်ယာတွေက မိန်းကလေးတွေကို ခါးတို့ ကျောကုန်းတို့ပဲ မသိမသာ စမ်းသပ် ကိုင်တဲ့ခေတ်။ ခုတော့ တင်ပါးတွေကိုပဲ ရွေးပြီး သိသိသာသာ ကိုင်တဲ့ခေတ် လို့ ဆိုတယ်။
ကျနော့်တူက တင် ကိုင်ချင်လို့တော့ မဟုတ်ပါဘူး၊ ၁၉၉၆ က ဆိုတော့ သူက ၉ နှစ်အရွယ်လေ အဲဒီတုန်းက။ စပယ်ယာ ဆိုတာ သိတယ်မဟုတ်လား၊ ကားကို တွယ်စီးတယ်၊ လူအတင်အချကို စီမံခန့်ခွဲတယ်၊ ပေါက်ကရ အော်တယ်၊ ဆပ်ပလိုင်းဂျက် ရှိမရှိ ထောက်လှမ်းရေး လုပ်တယ်၊ ခရီးသည်ကို ရာဇ၀တ်သားလို ဆက်ဆံတယ်။ အဲဒီတုန်းက ပြောပါတယ်။ ကျနော့် တူတော်မောင်က ဒီငနဲတွေ ကားတွယ်စီးရတာကို အားကျတော့ စပယ်ယာ ဖြစ်ချင်ပြီပေါ့။ သူ့ခမျာ အသက်ငယ်လွန်းတော့ ကားတွယ်စီးလို့မရဘူးလေ။ စပယ်ယာ ဆိုတဲ့ ငနဲက အမြဲတမ်း တွယ်စီးတယ်၊ ပြီးတော့ ပိုက်ဆံတွေကို လက်ကြားထဲ လှတ ပတ ညှပ်ထားပုံက ကလေးတွေ အကြိုက်ပေါ့။
ကျနော့်ရဲ့ အလုပ်အကိုင်လား၊ အင်း - သတင်းထောက် ပေါ့ဗျာ။ ခပ်ညံ့ညံ့ သတင်းထောက်တွေထဲက တယောက် ဆိုပါစို့ရဲ့။ ဒီလိုဖြစ်လာလိမ့်မယ်လို့ (သတင်းထောက်ဖြစ်လာလိမ့်မယ်လို့) မထင်ရေးချ မထင်ခဲ့ရိုး အမှန်ပါ။
ဒီပို့စ်ရဲ့ နိဒါန်းမှာ ဘာသာရေး ဆိုတဲ့ စကားလုံးနဲ့ အစပြုထားတယ်။ ဒါပေမယ့် ဘာသာရေးအကြောင်း ဘာမှ မသိတဲ့အဆင့်လောက် ရှိတာကြောင့် ဘာမှ မပြောပါဘူး။
(ရုရှစာရေးဆရာကြီး ချက်ကော့ဗ်က ပြောတယ်၊ ဇာတ်လမ်း နိဒါန်းပျိုးတဲ့အခါ သေနတ်တလက် နံရံမှာ ချိတ်ထားတဲ့အကြောင်း ရေးလိုက်ရင် အဲဒီသေနတ် ပစ်ကို ပစ်ရမယ် တဲ့။
ဒီပို့စ်က ဇာတ်လမ်းမဟုတ် ၀တ္ထုတိုမဟုတ်တဲ့အတွက် ဒီအဆိုကို မလိုက်နာတဲ့ သဘောပါ။)
ကဲ- ကိုယ့်လူ - ခင်ဗျားရော ဘာလုပ်သလဲ။
အိမ်မှာ သတ္တ၀ါပေါင်းစုံ ရှိတယ်။ လိပ် ရှိတယ်။ တောက်တဲ့ ရှိတယ်။
တလကို ဘတ် ၇၀၀ ကျော် ( ဒေါ်လာ ၂၀ ၀န်းကျင်) ပေးရတဲ့ အင်တာနက်က သိပ်နှေးတာပဲ။ နှေးလွန်းလို့ စိတ်တို အသက်တိုတယ်။ ဒါကြောင့် ပြောတာပေါ့။ အိမ်မှာ လိပ် ရှိတယ် လို့။
တောက်တဲ့က ဘာကို ဆိုလိုတာလဲ ဆိုတော့ အင်း - တောက်တဲ့ တွေ့ဖူးကြရဲ့ မဟုတ်လား။ ဘိုဆန်ဆန် ကဗျာထဲက တောက်တဲ့ ဆိုတဲ့ အကောင်က သစ်ပင်ပေါ်မှာ ထိုင်နေတယ်။ ယိုးဒယားမှာတော့ တကယ့် တောက်တဲ့တွေက နံရံမှာ ကပ်နေတာပဲ။ နေရာ မရွေ့တော့ဘူး။ အသက်တော့ ရှိတယ် ဒါပေမယ့် သေနေသလိုပဲ မလှုပ်မယှက်။
အိမ်က အင်တာနက်က မြန်နှုန်း အင်မတန်နိမ့်တော့ တခါတလေ လိပ်ဘ၀ကနေ တောက်တဲ့ ဘ၀ ရောက်သွားတယ်။ နှေးရာကနေ ရပ်သွားတာဗျာ။ သေတော့ မသေဘူး။ ဒါပေမယ့် ဘာမှ ကြည့်လို့ မရ။ ဂျီတော့တောင် မရ။ တကယ့် မြန်နှုန်းက ဒဿမ သုည သုည ကိုး လောက်ပဲ ရှိမယ်လို့ ယူဆရတယ်။
ဒါပေမယ့် Signal Strength ဆိုတဲ့ အင်တာနက် မြန်နှုန်း ဘယ်လောက်ရှိသလဲ ကြည့်လိုက်ရင် ပြပါလိမ့်မယ် Excellent တဲ့ 54 Mbps တဲ့။
သူ့ထက်ကောင်းတဲ့ ဈေးပေါတဲ့ မြန်နှုန်း သိပ်မြင့်တယ်လို့ ဆိုတဲ့ ပြီးတော့ ဗီဒီယိုဇာတ်လမ်းတွေတောင် ဒေါင်းလုတ် လုပ်လို့ရပါ့ ဆိုတဲ့ အင်တာနက်လိုင်းကို ပြောင်းယူဖို့တော့ အစီအစဉ် ရှိတယ်။ အခု ကုမ္ပဏီက TOT (တီအိုတီ) ဗျာ။ ညံ့ချက်ကတော့ လဲသေချင်စရာကောင်းတယ်။ ချင်းမိုင် တီအိုတီ နှေးပုံကို ပြောပါတယ်။ တခြားဒေသမှာတော့ မပြောတတ်။ ဒီထက် ညံ့စရာ အကြောင်းတော့ မရှိဘူး ထင်တယ်။ တီအိုတီက နာမည်ကြီးပဲ။
လိပ် အင်တာနက်၊ တောက်တဲ့ အင်တာနက်တို့ အကြောင်း ပြောရတာ စိတ်မသက်သာစရာ။
မြန်မာပြည်က အင်တာနက်သုံးသူတွေလည်း ကျနော့်လိုပဲ လိပ်တွေ တောက်တဲ့တွေနဲ့ တွေ့နေတယ်လို့ ကြားရတယ်။
အိမ်က အစုတ်ပလုတ် အင်တာနက်ကို နောက် ၂ လ ကြာမှ ပြောင်းလို့ရမယ်။ လောလောဆယ် စိတ်တိုပေတော့၊ အသက်တိုပေတော့။
စကားမစပ် ပြောရရင် သင်္ကြန် ရောက်တော့မယ်။ ဘာလုပ်ရမလဲ။ ရေပက်ချင်စိတ် ရေပက်ခံထွက်ချင်စိတ် ပေါက်ရလောက်အောင်လည်း အသက်က မငယ်တော့ဘူး။ နှစ်ဦးကန်တော့ပွဲမှာ ကန်တော့ခံရလောက်အောင်လည်း အသက်က မကြီးသေးဘူး။ ဆိုတော့ကာ သင်္ကြန်လည်း ကွန်ပျူတာရှေ့ထိုင်ပြီး လိပ်၊ တောက်တဲ့ အင်တာနက်တို့နဲ့ နှစ်ပါးသွား ကရုံပေါ့။
မိတ်ဆွေတို့ မင်္ဂလာနှစ်သစ် ဖြစ်ကြပါစေ။ ဆ၀ါဒီပီးမိုင်ခပ်။ ဟက်ပီး ညူးရီးရား။ ရှီးညန်ခွိုက်လော့! လိပ်၊ တောက်တဲ့တို့နဲ့ ကင်းဝေးကြပါစေ။
အတွေးအမြင် ဝဝ၉
တချို့က သူတို့ရဲ့ ဂုဏ်ကျက်သရေကြောင့် အလှအပကြောင့် ဒုက္ခရောက်ကြတယ်။
ဒီအကြောင်း ပြောချင်နေတာ ကြာပြီ။
လူတွေ ငါးမွေးကြတယ်၊ လှတဲ့ပတဲ့ငါးတွေကိုပေါ့။ အထူးသဖြင့် ရွှေရောင်ငါးတွေကို။
ကျနော်လည်း ငယ်တုန်းကတော့ ငါးတွေကို ဖန်ပုလင်းထဲ ထည့်မွေးဖူးတယ်။ ခုတော့ မမွေးချင်တော့ဘူး။ သူတို့ကို အကျဉ်းချထားသလို ဖြစ်နေလို့။
ဖန်ပုလင်း၊ ဖန်လှောင်အိမ်ထဲက ငါးတွေ ခမျာ သနားစရာ။
အစာတော့ ပုံမှန် စားရပါရဲ့။ ဒါပေမယ့် ပိုင်ရှင်က အကြောင်းတခုခုကြောင့် အစာမကျွေးဖြစ်ဘူး၊ ဂရုမစိုက်ဖြစ်ဘူးဆို ငတ်ပြီ။ သေပြီ။
တချို့အိမ်တွေက ငါးကန်တွေမှာ လေပိုက် တပ်ထားပေးတယ်။ ငါးတွေကို အောက်စီဂျင် ပေးတဲ့သဘော ဖြစ်မယ်။ အဲဒီ ပိုက် တပ်ဖို့အတွက် မော်တာ အသေးလေး လိုမယ်။ မော်တာကို ကန်ထဲ ထည့်ထားရင် ငါးတွေ နားမသက်သာဘူး။ ဒါက တကယ့် ဆိုးကျိုး။
နောက်ဆိုးကျိုးတခုက ငါးကန်ဟာ ငါးအတွက် အကျဉ်းထောင်ကြီးလို ဖြစ်နေတာပဲ။ (ငါးတွေကလည်း အဲသလို ထင်မယ်လို့ ယူဆရတယ်။) ကန်ကြီးတော့ ထောင်ကြီးကြီးပေါ့။ ကန်သေးရင်တော့ တိုက်ပိတ်ထားသလို ဖြစ်မယ်။

ကိုယ့်ဧည့်ခန်း အလှဆင်ဖို့ မွေးထားတဲ့ ငါးတွေကို ကြည့်ရတာ အစပိုင်းမှာတော့ ဟုတ်တုတ်တုတ်။ ကြည့်ရင်း ကြည့်ရင်းနဲ့ ငါးတွေကို သနားစိတ် ၀င်လာကြမယ် ထင်ပါတယ်။
နိဂုံး ချုပ်ပါမယ်။ လက်ဝှေ့သမားတွေဟာ အရင်ဘ၀က ကြက်တိုက်တဲ့သူတွေ ဖြစ်ခဲ့တယ်လို့ တချို့က ရယ်စရာ အဖြစ် ပြောကြတယ်။ ကြက်တွေကို တကောင်နဲ့တကောင် အသေအကြေ တိုက်ခိုက်ခိုင်းတဲ့အတွက် ကိုယ်လည်း နောက်ဘ၀တခုမှာ ၀ဋ်လည်တဲ့အနေနဲ့ တိုက်ရ ခိုက်ရတယ် လက်ဝှေ့ကြိုးဝိုင်းထဲမှာ၊ အသေအကြေ၊ ရေကုန်ရေခန်း၊ ပုဝါမကူ ရေမရှူစတမ်း။
နိဂုံး ထပ်ချုပ်ရရင် ဒီဘ၀မှာ အကျဉ်းကျနေသူ ကျခဲ့သူတွေက အရင်ဘ၀အဆက်ဆက် ငါးမွေးခဲ့လို့များလားလို့ တွေးမိပါတယ်။
ဒီအတွေး မမှားဘူး ဆိုရင်တော့ ဒီဘ၀ ငါးမွေးသူများလည်း လာမယ့် ဘ၀တွေမှာ အင်း - - - -
အတွေးအမြင် ဝဝ၈
လာအိုမှာ ထိုင်းဗီဇာလျှောက်တော့ ထင်ရှားတဲ့ ထိုင်းဘုန်းကြီးတပါးကို ဖူးလိုက်ရတယ်။
ဆရာတော်ရဲ့ ဘွဲ့က Luang Por Koon တဲ့။
ထိုင်းဘုန်းကြီးကိုပင့်ပြီး နေ့ဆွမ်းကပ်ကြတာ တွေ့တယ်။ ဆရာတော် ကြွလာလို့ ၀န်ထမ်းတွေ ပိုအလုပ်ရှုပ်သွားပြီး ဗီဇာလျှောက်လွှာ လက်ခံတာတွေ နည်းနည်း နှောင့်နှေးသွားပုံပဲ။
အဲဒီဆရာတော်က သက်တော် ၈၆ ရှိပြီဆိုတာ အခုမှ အင်တာနက်မှာ လိုက်ရှာပြီး ဖတ်လို့ သိရတယ်။
ဟိုတုန်းကတော့ အဆောင်လက်ဖွဲ့ သူ့ဆီတောင်းတဲ့သူတွေ ဒုနဲ့ဒေး။ သူ့အဆောင်ကြောင့် သေကံမရောက် သက်မပျောက် ဖြစ်ကြ၊ ထီပေါက်ကြ ဆိုတဲ့ သတင်းစကားတွေ ရှိတယ်။ ခုတော့ အဆောင်လက်ဖွဲ့ ပေးတာ မလုပ်တော့ဘူး ဆိုပဲ။ အသက် အတော် ရလာပြီလေ။

သူနေတဲ့ ခရိုင် ဖြစ်တဲ့ Nakon Raatchasima မှာတော့ ကျောင်းတွေ၊ လမ်းတွေ၊ ဘုရားတွေကို ပြုပြင် တည်ဆောက်ဖို့အတွက် သူ့ တကာ တကာမ နောက်လိုက်တွေက ငွေထည့်လှူကြ ဆိုပဲ။
ဒါဆို ဆရာတော်က အဆောင်လက်ဖွဲ့စွမ်းလို့ နာမည်ကြီးပုံရတယ်။ ထိုင်းမှာတော့ သူ့ပုံကို အိမ်တိုင်းလိုလိုမှာ ချိတ်ထားတတ်ကြတယ်။
ဆရာတော် ရှိနေတုန်း ရုံးခန်းထဲ ၀င်ပြီး ဓာတ်ပုံရိုက်ဖို့ ကြိုးစားလိုက်တယ်။ အဝေးကနေ ရိုက်ရတာ။ ပြီးတော့ ဆရာတော်က အလင်းရောင်ကို ကျောပေးထိုင်နေတော့ ပုံထွက်က သိပ်မကောင်း။
ထိုင်းက လက်ဖွဲ့တွေရောင်းတဲ့ဆိုင် (eurosatemydollars.com)
ဗီဇာလျှောက်တဲ့အကြောင်း ပြန်ပြောရရင် ဒီလ ၈ ရက်နေ့ (တနင်္ဂနွေနေ့)က နိုင်ငံတကာ အမျိုးသမီးများနေ့။ တချို့နိုင်ငံတွေမှာ တရားဝင်ရုံးပိတ် ရက်သတ်မှတ်ထားတယ်။ ၁၉၁၁ ကတည်းက အမျိုးသမီးများနေ့ ဆိုတာ ပေါ်ခဲ့ပါသတဲ့။
internationalwomensday.com မှာ ဖော်ပြထားချက်အရ ဆိုရင် နိုင်ငံ ၁၅ ခုမှာ တရားဝင် ရုံးပိတ်တယ်ဆိုပဲ။
Armenia, Azerbaijan, Belarus, Bulgaria, China, Kazakhstan, Kyrgyzstan, Macedonia, Moldova, Mongolia, Russia, Tajikistan, Ukraine, Uzbekistan and Vietnam ဆိုတဲ့ နိုင်ငံတွေပေါ့။
တရုတ်မှာ ရုံးပိတ်ရက် ဆိုပေမယ့် အမျိုးသမီးများအတွက်ပဲ လို့ ဆိုတယ်။ ဒါတောင်မှ တချို့ဒေသတွေမှာ နေ့တ၀က်ပဲ ပိတ်ပါသတဲ့။
အဲဒီ စာရင်းထဲ မပါပေမယ့် လာအိုနိုင်ငံမှာလည်း တရားဝင် ရုံးပိတ်ရက်။ အဲဒီနေ့က တနင်္ဂနွေနေ့ ဆိုတော့ တနင်္လာနေ့မှာ အစားထိုး ပိတ်ပုံရတယ်။ ၉ ရက်နေ့ တနင်္လာနေ့ လာအို မှာ ရှိတဲ့ ထိုင်းကောင်စစ်ဝန်ရုံးကို သွားတော့ ရင်နာနာနဲ့ ပြန်ခဲ့ရတယ်။ ပိတ်ထားလို့။
အမျိုးသမီးတွေကိုပဲ စိတ်နာရမလို ဖြစ်သွားတယ်။ နေကလည်း သိပ်ပူ။
ဒါနဲ့ အင်္ဂါနေ့ ထပ်သွား။ သွားတော့ လူများလွန်းလို့ တန်းစီရတယ် နေပူကြီးထဲမှာ လျှောက်လွှာ တင်ဖို့အရေး။ ကိုယ့်ရှေ့မှာ လူ ၂၀၀ ကျော် ကိုယ့်နောက်မှာက လူ ၁၀၀ ကျော်။ လူတွေ ယိုးဒယားကို သိပ်သွားကြတာပဲ။
ဘာကြောင့် ဒီလောက်တောင် သွားကြတာလဲ။ သွားရတာ လွယ်လို့၊ ယိုးဒယားရောက်တော့လည်း သွားရေးလာရေး အဆင်ပြေလို့ဖြစ်မယ်။
မြန်မာပြည်လည်း သွားရ လွယ်မယ်၊ လမ်းခရီးလည်း အဆင်ပြေမယ်၊ ခရီးသွားတွေ ပျော်ကြ ကဲကြဖို့လည်း လုပ်ထားမယ် ဆိုရင် တိုးရစ်တွေ လာကြမယ် ထင်တယ်။ သူတို့ပျော်ဖို့အတွက် ဆိုရင် ကာရာအိုကေခန်းမလို့ အမည်ပေးထားတဲ့ ဟိုအခန်းတွေ အများကြီး တိုးချဲ့ရတော့မှာပဲလို့ တွေးမိပါတယ်။ ဒုက္ခ။
အတွေးအမြင် ဝဝ၇
လမ်းဘေးပလက်ဖောင်းပေါ်က အအေးဆိုင်ဝင်ထိုင်ပြီး ထောပတ်သီးဖျော်ရည်တခွက် မှာသောက်တယ်။ ငွေရှင်းတော့ တသောင်းရှစ်ထောင် တဲ့ဗျာ။ မငြင်းပါဘူး ထုတ်ပေးလိုက်တာပဲ။ ဒါ လာအိုနိုင်ငံလေ။ တည်းခိုခန်းခချည်းပဲ တသိန်းကျော် ကုန်ပြီးသွားပြီ။ ငွေဖောင်းပွမှု သိပ်များတဲ့နိုင်ငံ။
လာအိုစကားနဲ့ ထိုင်းစကားက အတူတူ ဆိုပါစို့။ ပြောတတ်လို့တော့ မဟုတ်ပါဘူး၊ ထောပတ်သီးကို လက်ညိုးထိုးပြလိုက်တာပဲ။
“ဒီမှာသောက်မယ်ခင်ဗျ” ဆိုတာကိုတော့ ထိုင်းလို ပြောလိုက်တယ်၊ လွတ်နေတဲ့ စားပွဲမှာ ဝင်ထိုင်တယ်။ လူတွေကို ငေးတယ်။
လာအိုမှာ တိုင်းရင်းသား ၁၃၅ မျိုး မရှိပေမယ့် လူမျိုးတော့ စုံတယ်၊ တိုင်းရင်းသားပေါင်း ၅ဝ ကျော်တော့ အနည်းဆုံး ရှိမယ်လို့ ဖတ်ဖူးတယ်။ ကျနော်ရောက်နေတဲ့ မြို့တော် ဗီယန်ကျင်းမှာတော့ တရုတ်တွေ အများသား။ များမှာပေါ့၊ တရုတ်နိုင်ငံနဲ့က အိမ်နီးချင်းတွေဆိုတော့ ကူးလာကြမှာ။ ဟိုနေ့က ထမင်းဆိုင်တဆိုင်မှာ ဆိုင်ရှင်တွေ ယူနန်လို ပြောနေတာတောင် ကြားခဲ့ရတယ်။ တရုတ်တွေကတော့ ကိုယ့်ရိုးရာ ကိုယ့်စကားကို သိပ်ထိန်းတာပဲ။
ကျနော် ဒီမြို့ကြီးမှာ ဟိုဟို ဒီဒီ လျှောက်သွားပေမယ့် အိန္ဒိယတိုက်သားတွေတော့ မတွေ့ရဘူး။ ဒုတိယမြို့တော်လို့ ဆိုတဲ့ လုမ်ဖရာဘမ် မှာတော့ အိန္ဒိယတိုက်သားတွေ တွေ့လိုက်ရတယ်။ လာအိုဟာ ဖုန်ထူတဲ့၊ ခြင်ပေါတဲ့၊ ဆင်းရဲတဲ့၊ သေနတ်သမားတွေ အာဏာကြီးတဲ့ တိုင်းပြည်လေးပါ။ နိုင်ငံရော လူတွေရော ကံဆိုးမိုးမှောင်ကျမှုရော ကျနော်တို့နဲ့ တူမှတူ။
ဒီနိုင်ငံကို ဒါ ဒုတိယအကြိမ် ရောက်ဖူးတာပဲ။ ပြောင်ပြောင်ရောင်ရောင် မရှိတဲ့တိုင်းပြည်။ လူတွေကလည်း ပြောင်ပြောင်ရောင်ရောင် မရှိ။ လာအိုတွေထက်တော့ ငါတို့တွေက အရည်အချင်း ပိုသာမယ်၊ ပိုထက်မြက်မယ်လို့ တွေးမိတယ်။ အလိုလိုနေရင်း တွေးမိတာပါ။ ဒါပေမယ့် မနေ့ကစပြီး အဲဒီလို မတွေးရဲတော့ဘူး။
မနေ့က ထိုင်းဗီဇာ လျှောက်တဲ့လူ ၄ဝဝ ကျော်တယ်။ နိုင်ငံပေါင်းစုံကလူတွေဗျာ၊ ရွှေရောင်ဆံပင် ငွေရောင်ဆံပင် မဟူရာရောင်ဆံပင်တွေနဲ့ အစုံပဲ။ မြန်မာပြည်သားတွေလည်း ပါတာပေါ့။ အာရှသားတွေ ဆံပင်မည်းတယ်ဆိုတော့ ဘာလူမျိုးမှန်း တိတိကျကျ မပြောနိုင်ပေမယ့် မြန်မာပတ်စ်ပို့ကိုင်ထားတာမြင်ရင်တော့ အဲဒီလူကို မြန်မာလို နုတ်ဆက်လိုက်တာပဲ။ ဒါနဲ့ပဲ မိတ်ဆက်ကြ ဖုန်းနံပတ်တွေ ဖလှယ်ကြ။
မြန်မာပြည်သားတွေထဲက ၂ ယောက်က အဖြစ် ဆိုးပါတယ်၊ ကောင်စစ်ဝန်ရုံးရှေ့က ပလက်ဖောင်းပေါ်မှာ လျှောက်လွှာရောင်းတဲ့သူတွေ ရှိတယ်။ လာအို ပွဲစားတွေပေါ့။ အဲဒီ ပွဲစားတွေဆီက လျှောက်လွှာ ဝယ်ကြတယ်လေ။ လျှောက်လွှာက ရုံးထဲမှာ အလကား ယူလို့ရတာ မသိဘူးလားလို့ သူတို့ကို ပြောတော့ “မဖြည့်တတ်ဘူး၊ သူတို့ဖြည့်ပေးမယ် ဆိုလို့ ဝယ်လိုက်တာပါ” တဲ့။
သူတို့ဖြည့်ထားတာ ကြည့်လိုက်တော့ လက်ရေးကလည်း ညံ့လိုက်တာ၊ ပြီးတော့ တချို့နေရာတွေမှာ ချန်ထားတာ၊ မှားဖြည့်တာ ရှိသေးတယ်။
ဖြည့်ရမယ့် ကွက်လပ်က အခု ၂ဝ လောက်ပဲလေ။ တမျက်နှာတည်း။ ဖြည့်ရမှာတွေက ရှေ့အမည်၊ အလယ်အမည်၊ နောက်အမည်၊ ကျား-မ၊ အိမ်ထောင်မရှိသေး၊ ရှိ၊ ကွာရှင်း၊ တခြား ပြီးတော့ မွေးနေ့၊ လူမျိုး၊ နိုင်ငံသား၊ လိပ်စာ စသဖြင့် စသဖြင့်။
ဒါတွေကို ဟို ပွဲစားတွေက ဖြည့်ပေးပြီး ဘတ် ၅ဝ ယူလိုက်သတဲ့။ ဘတ် ၅ဝ ဆိုတာ ရေခဲစိမ်ဘီယာတလုံး ဝယ်သောက်လို့ရမယ်။ ဘီယာမကြိုက်ရင် ခေါက်ဆွဲ ၂ ပွဲ စားလို့ရမယ် ဒါမှမဟုတ် ပက်ပ်ဆီ ၅ ပုလင်း ဝယ်လို့ရတယ်။ ဘတ် ၅ဝ က နှမြောတတ်ရင် အဲသလို နှမြောစရာ။
နောက်တယောက်ကို မေးကြည့်တယ် ဘယ်လောက်ပေးခဲ့ရသလဲ ဆိုတော့ ဘတ် ၁ဝဝ ဆိုပဲ။ ပြီးတော့ သူက ပြောလိုက်သေးတယ်၊ ပွဲစားတွေ လျှောက်လွှာဖြည့်တာလည်း လွယ်လွယ်လေးပဲ၊ ပတ်စ်ပို့ထဲက ဟာတွေကို ကူးထည့်လိုက်တာပဲ တဲ့။ သူ ခံခဲ့ရမှန်း သူ သိသွားတယ်ဆိုတော့ မဆိုးပါဘူး။
သြော် - လာအိုတွေလည်း အချဉ်မဟုတ်ပါလား။ ထိုင်း ကောင်စစ်ဝန်ရုံးရှေ့မှာ သူတို့ပွဲစားတွေ ၁ဝ ယောက်လောက် ရစ်ဝဲရစ်ဝဲ လုပ်နေကြတာ ထိုင်းဗီဇာ ရချင်တဲ့ နိုင်ငံတကာက ခရီးသည်တွေက သူတို့ကို အကူအညီ တောင်းတတ်ကြလို့ပေါ့။ ဒါကြောင့် နိုင်ငံပေါင်းစုံက လူပေါင်းစုံဟာ လျှောက်လွှာကို အကြောင်းအမျိုးမျိုးကြောင့် ငွေပေးပြီး ရေးခိုင်းတတ်တာပဲလို့ တွေးမိပါတယ်။
လာအိုတွေ နဲ့ ရွှေမြန်မာတွေ ဘယ်သူ ပိုထက်မြက်တယ် ဆိုတာတော့ မတွေးတော့ပါဘူးလေ။ ဟို ၂ ယောက်ကိုတော့ ဆရာလုပ် လိုက်တယ်၊ နောက်တခေါက် လာအိုရောက်ရင် လျှောက်လွှာအတွက် ငွေအကုန်မခံဖို့ပေါ့။ ဟုတ်တယ်လေ ပွဲစားက လက်ရေး ညံ့၊ အချက်အလက်ကူးရေးတာလည်း အမှားအယွင်း ပါသေးတယ်။ နောက်ဆုံး လျှောက်လွှာအပယ်ခံရမှာက ကိုယ်ခံရမှာ။ မြန်မာပတ်စ်ပို့ ဆိုရင် သိတယ်မဟုတ်လား၊ ပြီးခဲ့တဲ့လတုန်းက ကျနော့် အသိတယောက် ဒီကောင်စစ်ဝန်ရုံးက ပညာပြလို့ ဒီမြို့ကြီးမှာ ဆယ်ရက်လောက် သောင်တင်သွားပါရောလား။ ဒီအကြောင်းတော့ သူတို့ ၂ယောက်ကို မပြောလိုက်ပါဘူး၊ စိတ်ညစ်သွားမှာစိုးလို့။
ဒီ ၂ ယောက်နဲ့ ဒီနေ့ ပြန်တွေ့တယ်၊ သူတို့ ၂ယောက်လုံး ဗီဇာ ရကြတယ်။ အပယ်မခံရဘူး။ ကံကောင်းတာပေါ့။ ထိုင်းကလည်း ခရီးသည်တွေ သဘောကျအောင် ၃ လတိတိ ဗီဇာတွေ အလကား ပေးနေတဲ့အချိန်လည်း ဖြစ်တယ်လေ။ ဒါပါပဲ။ ။
အတွေးအမြင် ဝဝ၆
အမျိုးသားဖြစ်ရခြင်းရဲ့ အားသာချက်တခုကိုပြောပါဆိုရင် ဖိနပ် အများကြီးရှိစရာမလိုဘူး၊ အထူးသဖြင့် ဒေါက်ဖိနပ် ရှိစရာ မလိုဘူး။
အမျိုးသမီးတွေက ဖိနပ်ကို ထည်လဲ စီးကြမယ်၊ အနည်းဆုံး ၂ ရံ ရှိမယ် ထင်တယ်။ ဒေါက်ဖိနပ် မြင့်မြင့် စီးတဲ့အတွက်လည်း ခြေထောက်မှာ ရှိတဲ့ အရိုးတွေ အဆစ်တွေ ဒုက္ခ ရောက်ရတယ်လို့တော့ ဖတ်ဖူးတယ်။
တော်ပါသေးရဲ့၊ ဒေါက်ဖိနပ်စီးရတဲ့ လိင်အမျိုးအစားမဟုတ်တော့ ဒေါက်ဖိနပ်စီးကျင့်ဖို့ မလိုအပ်တော့ဘူး။ ဒေါက်မြင့်ဖိနပ် တဂွပ်ဂွပ်စီးရတာ လွယ်မယ်မဟုတ်၊ ကျွမ်းကျင်မှု ရှိရမယ်။
အမျိုးသမီးတွေက ဒေါက်ဖိနပ်နဲ့ဆို ကြည့်လို့ပိုကောင်းတယ်၊ ဒါကြောင့်လည်း သူတို့က စီးရတာခက်ခဲဟန်ရှိတဲ့ ဒေါက်ဖိနပ်ကို တဂွပ်ဂွပ် အားပေးကြတာဖြစ်မယ်။
မြန်မာဝတ်စုံပြည့်နဲ့ အမျိုးသမီးတွေ ဒေါက်ဖိနပ်စီးတာကိုတော့ အင်း - ကန့်ကွက်ပါတယ်လို့ ပြောရမလား၊ ခံစားလို့မရပါလို့ ဆိုရမလားး) တကယ့်ကို တမျိုးကြီးမှ တမျိုးကြီးပါပဲ။
ဆိုလိုတာက ဒေါက်မြင့်ဖိနပ်နဲ့ အမျိုးသမီးတွေ ကြည့်ကောင်းတယ်၊ မြန်မာဝတ်စုံနဲ့ အမျိုးသမီးတွေ ကြည့်ကောင်းတယ်၊ မြန်မာလိုအပြည့်အစုံဝတ်ပြီး ဒေါက်ဖိနပ်စီးထားတာကိုတော့ ကြည့်ကောင်းတယ်လို့ မထင်ပါဘူး။ ဒီလိုဖက်ရှင် ပေါ်နေတာတော့ ကြာပေါ့၊ ကျနော် အမျိုးသမီးတွေရဲ့အလှကို မခံစားတတ်ခင်ကတည်းက သူတို့က သို့ကလို ၀တ်စားနေကြတာမဟုတ်လား။ အခမ်းအနားတွေမှာ ဒီဖက်ရှင်တွေ အတွေ့ရများတယ်။
ဒီလိုဖက်ရှင်မျိုး ဘာကြောင့်ကြိုက်ကြတာလဲလို့ အမျိုးသမီးတွေကို မေးချင်ပေမယ့် မမေးရဲပါ၊ တော်တော်ကြောင်တဲ့ငနဲလို့ ထင်သွားမှာ စိုးရတယ်။
လိုရာဆု ၂ခုတောင်းစမ်း၊ ဘ၀ကို တစ်က ပြန်စနိုင်တယ်ဆိုရင်-
၁) အမျိုးသားပဲ ပြန်ဖြစ်ချင်တယ်၊ (ဒေါက်ဖိနပ် မစီးချင်လို့)
၂) အရှေ့တောင်အာရှမှာပဲ ပြန်မွေးချင်တယ်။ ဒါပါပဲ။
ဟုတ်တယ်၊ အရှေ့တောင်အာရှမှာ ခြေညှပ်ဖိနပ်ပဲ သုံးကြတယ်၊ ရှူးဖိနပ် ဘွတ်ဖိနပ် အသုံးနည်းတယ်။ ဘွတ်ဖိနပ် စီးရတာ မုန်းစရာ။
အမေရိကန်တွေကတော့ ဘွတ်ဖိနပ်ပဲ စီးကြသဗျာ။ ဘွတ်ဖိနပ်က သူတို့ရဲ့ တရားဝင်ဖိနပ်။ ဘုရားကျောင်းတက်၊ ရုံးသွား၊ နိုက်ကလပ်မှာပျော်၊ အသုဘပို့ စတာတွေမှာ ဘွတ်ဖိနပ် စီးရတယ်။ ကျန်တဲ့အချိန်တော့ ဘွတ် ရော ညှပ် ပါ စီးကြတာ တွေ့ရတယ်။
ဘွတ်ဖိနပ်က သူတို့ဆီက ရေခဲရာသီနဲ့ အကိုက်ပဲ။
ကျနော် မုန်းတဲ့ထဲမှာ ဘွတ်ဖိနပ်လည်း ပါတယ်။ သူ့ကြောင့် ခြေထောက် မလွတ်လပ်သလို ခံစားရတယ်။ ဖိနပ်ကြိုးချည်ရတာကလည်း အလုပ်ကြီးတခုလို့ ထင်စရာ။
ဒါနဲ့ အမေရိကရောက်တဲ့အခါ ဘွတ်ဖိနပ် စီးရပြီဟေ့ ဆိုရင် ဖိနပ်ကြိုးကို အသေ ချည်ထားလိုက်တယ်။ ကြိုးချည်တဲ့အလုပ်ကို ခဏခဏ လုပ်ဖို့ မလိုတော့ဘူး၊ အေးရော။ ဘယ်သူမှလည်း ကျနော့် ဖိနပ်ကြိုးကို ငုံ့မကြည့်ကြတော့ ဟန်ကျတယ်။
ကြိုးမဲ့ဘွတ်ဖိနပ်ဝယ်ပါလားလို့ ပြောချင်တဲ့သူလည်း ရှိမယ်၊ အင်း - ကြိုးမဲ့ ဘွတ်ဖိနပ်က ဈေးပိုပေးရသဗျ။ ကျနော်က ဘတ်ဂျက်သမားဆိုတော့ ဈေးပေါတာတွေပဲ ၀ယ်ဝတ်တယ်။
ဘွတ်ဖိနပ်နဲ့ မြန်မာအမျိုးသားဝတ်စုံ တွဲပြီး ၀တ်စားတာ တွေ့ဖူးကြတယ်မဟုတ်လား။ ဒါလည်း ကျနော် မ၀တ်ချင်တဲ့ ဖက်ရှင်တမျိုးပဲ။ တွဲဝတ်တဲ့သူတွေက သူတို့ နှစ်သက်လို့ ကြိုက်လို့ တွဲဝတ်တာ ဖြစ်မယ်။
ဟောသမှာ မြန်မာသံအမတ်တယောက်ပုံ ကြည့်ပါဦး၊ ဘယ်သူလဲတော့ မသိဘူး၊ သိလည်း မသိချင်ဘူး။ မြန်မာဝတ်စုံ အပြည့်အစုံနဲ့၊ ပြီးတော့ ဘွတ်ဖိနပ်နဲ့ ခန့်ခန့်ညားညား။
မြန်မာဖိနပ် အဆင်သင့်မရှိလို့လည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် တခြားအကြောင်းအရာ တခုခုကြောင့် ဖြစ်မယ်။ ရာသီဥတုဆိုပြီးတော့ ဆင်ခြေပေးမယ် မထင်ဘူး၊ အအေးပိုင်းနိုင်ငံက သံအမတ်ဆိုတာ သူနေတဲ့နေရာ သူစီးတဲ့ကား သူသွားမယ့်ရုံးတွေ အားလုံးမှာ အပူပေးစက် နဲ့ ဘာနဲ့ နွေးနွေးထွေးထွေး။
ကျနော်တော့ ဒီလိုစတိုင်ကို မ၀တ်ရဲပါ။ ၀တ်မိရင်လည်း ပေါင်မုန့်ကို ငါးပိရည်နဲ့ တို့စားရသလို ဖြစ်မယ် ထင်တယ်။