ဇော်ဝမ်း ဆုံးပြီ။ သူ ဆုံးပြီး ၂၄ နာရီအတွင်း သတင်းဌာနကြီးငယ်များ၊ တကိုယ်တော် အင်တာနက် ဝက်ဆိုက်များက ဇော်ဝမ်း၏နာရေးသတင်းကို ရေးသားကြကုန်သည်။
သူ ၁၂ ရက်နေ့ ညတွင် ဆုံးသည်။ Bi-Weeklyဂျာနယ်က ယနေ့ ၁၃ ရက် မနက်တွင် ဖြန့်ရာ ဤသတင်း ပါလာသည်။ ပုံနှိပ်ပြီးမှ စာပေစိစစ်ရေးဌာနကို အကြောင်းကြားမည်ဟု ယူဆရသည်။ ဤယူဆချက် မှန်လျှင် စာပေစိစစ်ရေး ဌာနက ဤသို့သော နားလည်မှုမျိုး ထားသဖြင့် ကျေးဇူးတင်ဖွယ် ဖြစ်သည်။ ဂျာနယ်တိုင်းကို ထိုသို့ ဆက်ဆံရေးထားလျှင် ကောင်းလေစွ။
ကွယ်လွန်သူ ဇော်ဝမ်း၏ အိမ်ထောင်ရေး မိသားစုရေး အခြေအနေကို သတင်းများတွင် မတွေ့ရ။ မိသားစု မရှိသောကြောင့် မဟုတ်၊ မိသားစု များသောကြောင့် အိမ်ထောင်ဆက် များသောကြောင့် ဖြစ်မည်ဟု သုံးသပ်သံတခုလည်း ကြားရသည်။ ဒါလည်း ကောလာဟလ ဖြစ်နိုင်သည်။ (အိမ်ထောင်များများ ပြုခြင်းမှာ လူတချို့အတွက် ပျော်စရာဖြစ်ပြီး၊ လူတချို့အတွက်တော့ အင်မတန့် အင်မတန် စိတ်ဖိစီးဖွယ် ဖြစ်မည်။) မြန်မာသတင်းသမားတို့က အနုပညာသည်တို့၏ အိမ်ထောင်ရေးနှင့် ပတ်သက်လျှင် ပွင့်ပွင့်လင်းလင်း ဖော်ပြမှု မပြုသဖြင့် စာဖတ်သူများ အချက်အလက် အကုန်မသိ ဖြစ်ကြရသည်။
အရှိအတိုင်း ရေးသားဖော်ပြပါက ကာယကံရှင်တို့ ငြိုငြင်မည်ကို စိုးရိမ်ကြဟန် တူသည်။ အ၀ါရောင် စာနယ်ဇင်းသမားဟု အထင်ခံရမည့်ဘေးမှလည်း ရှောင်ရှားကြလိုဟန် ရှိသည်။ ပွင့်လင်းမှု မရှိကြသောကြောင့် ပေါက်တတ်ကရ ကောလာဟလများ ပိုမို များပြားလာခြင်းမှာ ဘေးထွက်ဆိုးကျိုး ဖြစ်တော့သည်။ ။
အလုပ်ထဲတွင် ဓားကိုင်ပြီး အိမ်ရောက်သည်နှင့် ကီးဘုတ်၊ မောက်စ်တို့ကို ကိုင်တတ်သော၊ ကယ်လီဖိုးနီးယား ပြည်နယ်တွင် နေထိုင်သော၊ စိတ်ကူးယဉ်တတ်သော၊ သီချင်းဆိုသော၊ ကဗျာများလည်း လျှောက်ရေးသော၊ ထီပေါက်ချင်သော၊ ကလေး ၃ယောက် ရှိသော၊ သို့သော်လည်း ဘ၀အကြောင်းကို မသိသေးသော ဆိုတဲ့ နာမ၀ိသေနတွေနဲ့ ပြည့်စုံကုံလုံတဲ့ မစ္စတာ အောင်သာငယ်က ရယ်ဒီမိတ် မေးခွန်းတွေ ပေးလာတယ်။ ဒါကြောင့် ရေးရ ဖြေရပါတယ်း)
တွေးနေမိတာက
(၁) အောင်သာငယ် ဘာကြောင့် ကျုပ်ကို ရေးခိုင်းရသလဲ။
(၂) ငါ့ဝင်ငွေက ငါ့ထွက်ငွေထက်များနေ - အဲ နည်းနေတော့ ဘယ်သူ့ဆီက ပိုက်ဆံချေးရမလဲ။
(၃) အိမ်က ခွေးမလေး ဘယ်တော့ ဒဏ်ရာကျက်မလဲ။ (ခွေးမလေး ကလေးမရအောင် ဟိုနေ့က ဆေးခန်းပို့လိုက်တယ်။ ဆရာဝန်က သူ့ကို သားအိမ်ထုတ်ပစ်လိုက်တယ်။ မတတ်နိုင်ဘူး။ ခွေးစရိတ်က မသေးဘူး။ အများကြီးလည်း မထိန်းနိုင်ဘူး။ သူတို့က မွေး ကိုယ်က ထိန်းရမှာ။ ပြီးတော့ တခါမွေး တကောင်ဆို တော်သေးရဲ့)
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
အသက် ၈၀ မှာ သေမယ်ဆိုရင် ငါဟာ သက်တမ်း တ၀က်ရောက်ပြီ။ ဒုက္ခပဲ။
ကျန်းမာရေး
ကောင်း … ။
ဖတ်ဖြစ်တဲ့စာအုပ်တွေက
၁။ မဂ္ဂဇင်းများကို ဖတ်တယ်။ ဒီမနက် အစည်းအဝေးလုပ်ရင်း မသိမသာ ခိုးဖတ်ဖြစ်တာကတော့ ပန်းအလင်္ကာ မဂ္ဂဇင်း ၂၀၀၈ စက်တင်ဘာလထုတ်။
၂။ ဂျာနယ်တွေလည်း တခါတရံ ဖတ်တယ်။
၃။ မနေ့ကတော့ အေးချမ်းဖြိုးကောင်စီ တိုင်းကျိုးပြည်ပြု အတွဲ ၄ ကို ဖတ်တယ်။ အဲဒီစာအုပ် စာမျက်နှာ ၄၉၁ မှာ ဗိုလ်ချုပ်ကြီးတို့ရဲ့ နျူကလီးယားစီမံကိန်းတွေ ပါတယ်။
၎။ ပြီးခဲ့တဲ့အပတ်ကတော့ ၀တ္ထုတပုဒ်ကို တ၀က် ဖတ်ဖြစ်တယ်၊ “ခါးတကယ် မတို့ခင်က ယားတယ်လို့ တွန့်” တဲ့။ မောင်သာရ ရဲ့ ရှေးလက်ရာ။ ဘလော်ဂါ ကိုမင်းဒင်အိမ်မှာ တည်းတဲ့ ဒုတိယ ညမှာ ဖတ်တာ။ ဖတ်လို့ မပြီးပေမယ့် မငှားဖြစ်ခဲ့ဘူး။ ပြန်မပေးမိမှာ စိုးလို့။ ရုပ်ရှင်လောကအကြောင်းကို မောင်သာရက စာပြောင် ပုံစံ ရေးထားတာ။ ပြောင်ချက်ကတော့ သိပ်ကောင်းတယ်။ အပြောင်ခံရသူတွေ ဖတ်မိရင် သွေးတိုးနိုင်တယ်း)
ရောက်နေဖြစ်တာက
www
ရေးဖြစ်နေတာက
၁။ ဧရာဝတီ မြန်မာပိုင်းမှာ သတင်းတွေ ရေးဖြစ်တယ်။ သိပ်ကောင်းတာပဲလို့ စာဖတ်သူတွေက ကြိတ်ပြီး ချီးကျူးကြတယ်။ တခြားသတင်းထောက်များကလည်း မနာလိုကြဘူးလို့ ကျုပ် ထင်တယ်။ အင်း - - ဆက်ဆံရေး မပျက်အောင် လျှော့ရေးဦးမှပဲ။
၂။ ကိုယ့်ဘလော့မှာတော့ ရောက်တတ်ရာရာတွေ တပတ်တခါ ရေးဖြစ်တယ်။ အလုပ်များရင်တော့ တလ တခါပေါ့။
နားထောင်ဖြစ်နေတာက
ဘီဘီစီ မြန်မာပိုင်း။
ရွတ်နေမိတဲ့ကဗျာက
မရှိဘူး။ တာရာမင်းဝေရဲ့ ကျောင်းဖွင့်ချိန် ဆိုတဲ့ ကဗျာရှည် မနေ့က လေးငါးကြိမ်မြောက် ပြန်ဖတ်ဖြစ်။
ဖြစ်ချင်နေတာက
တရက်မှာ ၂၄ နာရီ မဟုတ်ဘဲ ၄၂ နာရီ ရှိရင် ကောင်းမယ် လို့ စဉ်းစားမိတယ်။ အချိန် ဆင်းရဲလွန်းလို့ပါ။ ၄၂ နာရီဆို နာရီဒိုင်ခွက်က ကြည့်ရ ဆိုးတော့မှာပဲ။
စားဖြစ်နေတတ်တာက
၁။ ဆီများများနဲ့ ကြော်လှော်ချက်ပြုတ်ထားတဲ့ ဟင်း တခွက် နှစ်ခွက် နဲ့ ထမင်း။
၂။ နေကြာစေ့။
သနားနေမိတာက
ဒီနေရာမှာတော့ မစ္စတာ အောင်သာငယ်နဲ့ တူတယ်။ ကိုယ့်ကိုယ်ကို သနားတယ်း) ကိုယ့်ထက် အခြေအနေ ဆိုးတဲ့သူတွေလည်း ရှိမှာပဲ ဆိုတော့ သနားလည်း ခဏ ဆိုပါစို့။
လွမ်းနေမိတာက
မုန့်ဟင်းခါး။
မေ့လျော့ပစ်နေမိတာက
ကိုယ်လုပ်ခဲ့တဲ့ မကောင်းမှုတွေ။
ခါးသက်နေမိတာက
Prospect Burma / ပြီးတော့ OSI လို့ ခေါ်တဲ့ Open Society Instituteး) ကျနော့်မိန်းမကို စကောလားရှစ် မပေးလို့း)
တမ်းတနေမိတာက
ခွေး၂ကောင်ကို ခေါ်ပြီး သစ်ပင်အောက် သွားအိပ်မယ်။ စားစရာတွေ ဖတ်စရာတွေလည်း ယူသွားမယ်။ ကျနော့်မိန်းမလား၊ သူလည်း တီဗီ နည်းနည်း ကြည့်ပြီးရင် လိုက်လာမှာပေါ့။ သူက အယ်လ်ဂျာဇီးယား ကြိုက်တယ်။ ထိုင်း ဇာတ်လမ်းတွဲတွေ ကြိုက်တယ်။
ကြိတ်ပြီးချီးကျူးနေမိတာက
ဒါလည်း ကိုယ့်ကိုယ်ကိုယ်ပါပဲ။
ကြိတ်ပြီးအထင်သေးနေမိတာက
လူတွေ အတော်များများကိုပေါ့း)
ဆန္ဒမရှိတဲ့နေရာ
အင်းစိန်ထောင်။
ဆန္ဒရှိနေတဲ့ကိစ္စ
ဗိုလ်ချုပ်ကြီး အေးချမ်းသာယာရေးတို့နဲ့ မိတ်ဆွေများ ကိုယ့်ကိုယ်ကိုယ် သတ်သေကြရင် ကောင်းလေစွ။
မုန်းတီးနေမိတာက
မပြောဘူး။
ချစ်နေတာက
အတော်များတယ်ဗျ;)
စိတ်ပျက်နေမိတာက
တပ်မတော်ခေါင်းဆောင်များကို ;(
စွဲလန်းနေမိတာက
မိုဒယ်ဂဲလ်တွေ :D
လိုအပ်နေတာက
စာဖတ်ချိန် လိုတယ်၊ စာဖတ်ချိန် နည်းသည်ထက် နည်းလာတယ်း(
တောင်းနေမိတဲ့ဆု
လခတိုးပါစေ၊ များများ တိုးပါစေ၊ မြန်မြန် တိုးပါစေ၊ ဒီနေ့ပဲ တိုးပါစေး)
ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
ဟင် … ဘာလဲ၊ မအော်မိပါလား)
ဝန်ခံချင်တာက
ကျနော်ဟာ လူတွေထင်ထားတာထက် ပိုပြီး စမတ်ကျတယ်၊ တော်တယ်၊ ထက်မြက်တယ်၊ စိတ်သဘောထား ကောင်းမွန်တယ် ဆိုတာပါပဲး)
ဒါပါပဲခင်ဗျာ။ ဒီအချက်တွေနဲ့ ပတ်သက်ပြီး အသေးစိတ် သိချင်တယ်ဆိုရင်လည်း ဖုန်းနံပတ်တွေ ရှိပါတယ်။ ပိုက်ဆံ တပြားမှ မကုန်ဘူး။
အရေးကြီးတာက ခင်ဗျားရဲ့ ကိုယ်ပိုင် တယ်လီဖုန်းနဲ့ ဆက်ဖို့ လိုတယ်။ အဖြေမရမချင်း အကြိမ်ကြိမ် ဆက်ဖို့ လိုတယ်။ မှတ်ထားနော်။
မြန်မာပြည်ကလူတွေ ဆက်သွယ်မေးမြန်းချင်ရင် နံပတ်က - ၁၉၉
အိန္ဒိယ - ၁၀၀
ထိုင်း - ၁၉၁
ဂျပန် - ၁၁၀
ကိုရီးယား - ၁၁၂ (ဒါပေါ့။ တောင်ကိုရီးယားပေါ့။)
အမေရိကန် ပြည်ထောင်စု - ၉၁၁
သြစီ - ၀၀၀
စင်္ကာပူ - ၉၉၉
ဘန်ကောက်က လက်ဖက်ရည်ဆိုင် လိပ်စာကဒ် အင်္ဂလိပ်လို နဲ့ ယိုးဒယားလို တင်ပေးလိုက်ပါတယ်။ တက္ကစီဆရာကို ပြပြီး ဆိုင်ကို အရောက်သွားလို့ ရတာပေါ့။
ဆိုင်ကို ၂ ကြိမ်လောက် သွားပြီး မြင်တာကို ရေးပြစ်လိုက်တယ် ဧရာဝတီမှာ
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=1534:2009-08-01-09-43-03&catid=1:news&Itemid=2
ဆိုင်ရှင်ရဲ့ အသံကိုတော့ ယူမနေတော့ပါဘူး။ ဆိုင်ရှင်က အရေးမကြီးဘူးလေ။ ဆိုင်ရှင်အသံ ထည့်ဖို့ တောင်းရင် ခွင့်ပြုချင်မှ ပြုမယ်။ ဧရာဝတီမှာ သတင်းထည့်မယ်ဆိုတော့ သူက လန့်ကောင်း လန့်မယ်လေ။ တံဆိပ်ကပ်တာ အကျင့်ပါတဲ့ ရွှေတွေက ဧရာဝတီ ဆိုတာနဲ့ နိုင်ငံရေးသတင်းဌာနလို့ အလွယ်တကူ သတ်မှတ်ကြတာ မဟုတ်လား။ တကယ်တော့ ဧရာဝတီက လေးဖြူ ဇော်ဝင်းထွဋ်တို့အကြောင်းလည်း လျှောက်ရေးတာပါပဲ။ ဟိုတလောကဆို မိုးဟေကို အကြောင်း ၁၀ ရက်အတွင်း ၂ကြိမ်တောင် ရေးလိုက်သေးတယ် ဖတ်ဖြစ်တယ်မဟုတ်လား)
တံဆိပ်အကြောင်း - အဲ ဆိုင်ရှင်အကြောင်း ပြန်ဆက်ရရင် သူတို့ကို မဗျူးဖြစ်ဘူးပေါ့ဗျာ။ ဆိုင်ရှင်ရဲ့ အသံထည့်ရင်လည်း ကောင်းတာတွေပဲ ထည့်ရမှာ မဟုတ်လား၊ [ကျုပ်တို့ ဆိုင်က အလကား ဖွတ်ကျားပါခင်ဗျာ လို့  ဘယ်ဆိုင်ရှင်က ပြောပါ့မလဲ] ဆိုင်ရှင်အသံ ထည့်လိုက်ရင် ဆိုင်ကြော်ငြာပေးတဲ့ သတင်းသမား ဆိုပြီး အထင်ကြီးနေကြဦးမယ်။ အထင်မကြီးကြပါနဲ့ဗျာ။ ပထမအကြိမ်က သတင်းထောက်ဖိုးရှုပ်နဲ့ သွားတော့ သူဝယ်ကျွေးတာ။ နန်းကြီးသုတ်။ စားလို့ အဆင်ပြေပါ့ဗျာ။ ချင်းမိုင် မြန်မာဆိုင်က နန်းကြီးသုတ်ထက် ၃ ဆလောက် ပိုပြီး စားလို့  ကောင်းတယ်။ ချင်းမိုင်ဆိုင်က ရန်ကုန်သား မန္တလေးသားတွေလက်ရာမဟုတ်ဘူး ထင်ပါရဲ့ ။ နန်းကြီးသုတ် ဆိုတာ ရန်ကုန် မန်းလေးက ဆရာတွေကမှ ပိုပြီး ပိုင်တာ မဟုတ်လား။ ဒုတိယအကြိမ်သွားတော့ ဒီလိုပဲ သူငယ်ချင်းတွေနဲ့ သွား၊ ကိုယ်စား ကိုယ်ရှင်းပေါ့။ စားတာကတော့ ပြည်ပလာတာ ဆိုတဲ့ဟာကို စားတယ်။ ပလာတာကို ကြက်သားဟင်းတပွဲနဲ့ ချပေးတယ်။ ရေနွေးကြမ်း မသောက်ရတာကြာတော့ လေးငါးခွက် သောက်ဖြစ်တယ်။
ဆိုင်ရှေ့ က လမ်းကိုလည်း ၂ ပုံလောက် ရိုက်ထားတာ အလုပ်ထဲက ကွန်ပျူတာထဲ ရောက်နေလို့  နောက်နေ့ တွေမှ တင်ပေးလိုက်မယ်။
အစားအစာတွေကတော့ ဈေး မများဘူး။ ပေါလည်း မပေါပါဘူး။
သွားရတာတော့ ဈေးကြီးသဗျ။ ဘန်ကောက် သိပ်မရောက်ဖြစ်တော့ ဘတ်စ်ကား မစီးတတ်။ ဘယ်သွားသွား အငှားကားနဲ့  သွားရတာ ဟန်ကျပေမယ့် ငွေကုန်တယ်။
ဘန်ကောက်သွားတဲ့စရိတ် ဧရာဝတီက ပေးပေမယ့် အိတ်ထဲက စိုက်ရတာပါပဲ။ ကျနော့်လို တောသားအတွက် ငွေသိပ်ကုန်တဲ့မြို့ ဗျား(
စိတ်တိုင်းကျ ဆိုင်မှာတော့ မြန်မာပြည်သားတွေ ၀င်လာကြ ထွက်သွားလိုက်ကြနဲ့ အများကြီးပဲ။ တ၀ိုင်းနဲ့ တ၀ိုင်းလည်း မသိကြတာ များတယ်။ လူတွေက အကြောင်းအရာမျိုးစုံနဲ့ ဘန်ကောက် ရောက်နေကြတာ မဟုတ်လား။ လာတဲ့သူတွေကို မိတ်ဆက်စကား ပြောချင်ပါတယ်။ ဒါပေမယ့် အချိန် သိပ်မရ၊ ကိုယ်ကလည်း စကားပြော လိမ်မာ ကျွမ်းကျင်သူ မဟုတ်တော့ မိတ်မဆက်ဖြစ်ပါ။
စားသုံးသူ ၂ယောက်ကိုတော့ ဗျူးလိုက်တယ်။ အစားအသောက် ဘယ်လိုနေလဲ ဘာကြောင့် လာတာလဲ မေးလိုက်တယ်။ ချင်းမိုင် ပြန်ရောက်ပေမယ့် သတင်း ချက်ချင်း မတင်ဖြစ်ဘူး။ စနေ တနင်္ဂနွေ တင်လို့ ကောင်းတဲ့သတင်းဆိုတော့ စနေ နေ့  တင်လိုက်ကြတယ်။ သတင်းရေးတဲ့နေ့ က လူရွှင်တော် မစ္စတာ ပန်းသီးနဲ့တွေ့တော့ သူလည်း စိတ်တိုင်းကျမှာ ကျောက်ပန်းတောင်း သောက်ဖူးတယ်လို့  ပြောပြတယ်။ သူပြောပြတာကိုလည်း ထည့်ရေးပစ်လိုက်တာပေါ့။ သတင်းသမားနဲ့  စကား ပြောရတာ သိပ်တော့မကောင်းဘူးလို့  ထင်ကြမှာပဲ။ မိတ်ဖြစ်ဆွေဖြစ် ပြောတာတွေကို ဒီငနဲတွေက သတင်းထဲ ထည့်ရေးချင်တယ် ရမလား လို့  လုပ်တတ်ကြတယ် မဟုတ်လား)
ကဲ ဒီကနေ့  ကျနော် လျှောက်ရေးထားတာကို ခင်ဗျားရော ဘယ်လိုထင်လဲ ပြောပြစမ်းပါဦး၊ သတင်းထဲ ထည့်ရေးလို့ရော ရမလား)

မြန်မာစာအုပ် စာတမ်းတွေ ဖတ်တဲ့အခါ ၀ါကျ ဘယ်လောက် ရှည်ရှည် ဖတ်ဖူးသလဲ။ ကျနော် ဒီနေ့ ဖတ်ဖြစ်တဲ့ သတင်းတပုဒ်မှာတော့ အသံထွက်ဖတ်ရင် ၁ မိနစ် ၀န်းကျင် ကြာမယ့် ၀ါကျတကြောင်း တွေ့ရသဗျ။ တတိယပိုဒ်မှာဗျာ။ ဖတ်ကြည့်ပါဦး။ "မြန်မာနိုင်ငံ အုပ်ချုပ်ရေး ယန္တယားများ ဖြစ်သည့်" ဆိုတဲ့ အဲဒီ စာပိုဒ် တပိုဒ်လုံးကို တကြောင်းတည်း ရေးထားတာ။

ဂျာနယ် နာမည်က OPEN တဲ့။ ဒီလ ၈ ရက်နေ့က YANGON အဲ - ရန်ကုန်မှာ ထုတ်တား)
OPEN ဆိုတော့ "ဖွင့်" လို့ ဘာသာပြန်နိုင်မယ် ထင်ပါရဲ့။ ပွင့်ပွင့်လင်းလင်း ဆိုလည်း ရမှာပါ။ ပွင့်လင်းမှုအကြောင်း ပြောလိုတာတော့ မဟုတ်ပါ၊ ရှည်လျားမှုအကြောင်း ပြောလိုတာပါ။ အကြောင်းအရာ တခုကို သို့ကလို အလွန်တရာ ရှည်လျားပေများစွာ ရေးသား သီကုံး ဖွဲ့နွဲ့ တင်ပြ သတင်းပို့ အစီရင်ခံ အကြောင်းကြား တတ်တာလည်း ပညာ တခုလို့ မထင်ကြဘူးလား)
ဒီဝါကျရှည် ဖတ်မိတဲ့ စာဖတ်သူ စိတ်ရှုပ်သွားပြီး ဘာတွေရေးထားမှန်းမသိဘူး ဖြစ်သွားတာကတော့ တပိုင်းပေါ့လေ။ သတင်းမှာ အပိုဒ် ၅ ပိုဒ် ပါတယ်။ ၀ါကျလည်း ၅ ကြောင်းပဲ တွေ့ရတယ်။
တကယ်ဆို သတင်း တပုဒ်လုံးကို ၀ါကျ ၁ ကြောင်းတည်း နဲ့ ရေးသင့်ပေတာပေါ့၊ ဟုတ်ဘူးလား)
ရှစ်လုံး လို့ ခေါ်တဲ့ "သီဟသူရတင်အောင်မြင့်ဦး" တိုင်းခန်းလှည့်တဲ့ပုံ ဖြစ်မယ် ထင်တယ်။ သတင်းမှာ ရေးထားတာက စာကြည့်တိုက်တခုသို့သွား လိုအပ်သည်များကို မှာကြား ဆိုပါစို့။
ပြောစရာ နည်းနည်းရှိတယ်း) ဒီပုံနဲ့ ပတ်သက်ပြီး
ပုံကို သေချာ ကြည့်ပါဦး။ စာကြည့်တိုက်မှာ စာထိုင်ဖတ်နေတဲ့သူတွေက ဒီလူကြီးတို့အုပ်စုကို သောက်ဂရုကို မစိုက်ဘူး ဆိုတဲ့ သဘော သက်ရောက်နေတယ်း)
ဘယ်နေ့က ဘယ်မှာ ရိုက်ထားတဲ့ပုံဆိုတာ မှတ်မထားမိဘူး။ ကျုပ်လည်း ဗိုလ်ချုပ်ကြီးများအသားပေး သတင်းစာကို အွန်လိုင်းကဖတ်ရင်း ဒီပုံကို တွေ့တွေ့ချင်း သဘောကျတာနဲ့ ဘလော့ပေါ် တင်လိုက်ဦးမှ ဆိုပြီး desktop မှာ သိမ်းထားလိုက်တာ ရက် ၂၀ တော့ အနည်းလေး ရှိဘီ။ ဒီနေ့ desktop မှာ ရှိတဲ့ ဖိုင်ပရပွကို ဖြုတ်ထုတ်ဖျက် သန့်ရှင်းရေး လုပ်ရင်းနဲ့ ဒီပုံကို ပြန်တွေ့တယ်။
ဘယ်စာကြည့်တိုက်မှန်း မှတ်တမ်း မတင်မိလိုက်တာတော့ ကျုပ် အပြစ်ပဲ။ ကဲ - သူတို့ ဘယ်လောက် လေးစားစရာ ကောင်းသလဲ။ အင်မတန် စာဖတ်တဲ့သူတွေဗျာ။ စားပွဲ ပတ်ပတ်လည် ပြွတ်သိပ်ထိုင်ပြီး အသည်းအသန် ဖတ်နေလိုက်ကြတာ။ စာကြမ်းပိုးတွေပြည့်နေတဲ့ ဒီလို စာကြည့်တိုက်မျိုး ကျုပ်က ဖွင့်ချင်နေတာ ကြာလှပေါ့။
စာကြည့်တိုက် ပရိသတ်ဟာ နိုင်ငံတော်အကြီးအကဲတယောက်လုံး လာတာတောင် နေကောင်းလား နေကောင်းတယ် စသဖြင့် စသဖြင့် မပြောနိုင် နှုတ်မဆက်နိုင်အောင် [ ပြီးတော့ လက်အုပ်မချီနိုင်အောင် ] စာပေကို စာဖတ်ခြင်းကို အာရုံစိုက်၊ နှစ်သက်၊ မြတ်နိုး၊ ချစ်ခင်၊ အလေးထား၊ ဦးစားပေး၊ ဂရုပြု ၊ စိတ်ဝင်စားနေလိုက်ကြတာလို့ မထင်ကြဘူးလား။
ဒါမှမဟုတ် စောစောက ကျုပ်ပြောသလို ဒီကောင့်ကို ငါတို့ သောက်ဂရုစိုက်စရာ မလိုပါဘူးကွာ ဆိုတဲ့ အချိုးမျိုး ချိုးနေကြတာလား။ ကျုပ်တော့ ဉာဏ်မမီပါခင်ဗျာ။ မြန်မာပြည်နဲ့ ခွဲခွာခဲ့ရတာ ကြာပြီဆိုတော့ ရွှေတွေရဲ့ စရိုက် အပြုအမူတွေ မသိတော့ဘူး အပြစ်တင်လည်း ခံရမှာပေါ့။ ဒီပုံအကြောင်းကတော့ ဒီလောက်ပါပဲ။ ခုတလော ကျုပ်လည်း အေးချမ်းသာယာရေးတို့ကိုပဲ ဓာတ်ကျနေတယ်။
ဆောဒီးဗျား)
[ စာကြမ်းပိုးတွေနဲ့ သွားတွေ့တာ ရှစ်လုံး မဟုတ်ဘူးလို့ တယောက်က ကော်မန့်ပေးပြီး ပြောတယ်း) ]
မြို့မေတ္တာခံယူမယ့် လူကြီးကို စတိုင်သစ်နဲ့ တွေ့ရတယ်။ ဘယ်လိုထူးခြားတဲ့ စတိုင်လဲ၊ ဘယ်မှာတွေ့ရတာလဲ ဆိုတော့
ဒီနေ့ သတင်းစာထဲမှာပါ။ ဘုန်းကြီးခေါင်းရိုက် အဲ - ဘုန်းကြီးဆွမ်းကပ်တဲ့ သတင်းနဲ့  ဓာတ်ပုံဗရပွကို ဒီနေ့ သတင်းစာမှာ မျက်နှာဖုံး ရှေ့ရော နောက်ရော ပြီးတော့ အတွင်းစာမျက်နှာမှာရော တင်ထားတယ်။ သတင်းစာမှာ ရေးထားတာတွေအရတော့ ဗိုလ်ချုပ်ကြီးအေးချမ်းသာယာရေးတို့ အရမ်း အရမ်းကို အလှူအတန်း လုပ်ကြတာပဲ။ ဘာသာရေး အင်မတန် ကိုင်းရှိုင်းပုံရတယ်။

စတိုင်က ဘာထူးလို့ လဲ ဆိုတော့ သန်းရွှေကြီး ထိုင်နေတဲ့ပုံပေါ့။ သူတယောက်ပဲ တင်ပလ္လင်ခွေ ထိုင်တယ်။ သက်တောင့်သက်သာဖြစ်သလို ထိုင်ပါစေလေ။ အသက်အရွယ်အရ တာဝန်က အနားယူသင့် အဲ - ဒူးတုပ်ထိုင်လို့မှ မရတာ။ ထူးတာက သူတယောက်ပဲ အောက်ပိုင်း အဖြူ ၀တ်ထား အုပ်ထားတယ်။ ကျန်တဲ့ အေးချမ်းသာယာရေးတွေက စစ်ဘောင်းဘီပေါ် ဘာမှ မအုပ်ကြ။ ဒါဆို သန်းရွှေကြီးက တလုံးပိုရှူ အဲ - မှားပြန်ပြီ - တမျိုးတဘာသာ ဖြစ် စတိုင်သစ်ထွင်နေတာ ဘာကြောင့်လဲ။ ယတြာ ခြေတာလား၊ သေးပေါက်ချ အဲ ဘောင်းဘီ ရေစိုနေလို့လား၊ ဘောင်းဘီ တနေရာရာမှာများ ပြဲသွားသလား၊ ဒါလည်း မဖြစ်နိုင်ဘူး လူတွေက ဘောင်းဘီ အပေါက်အပြဲ ဈေးကြီးပေးပြီးတောင် ၀ယ်ဝတ်ကြတာပဲ။ သူ ဘယ်လိုထိုင်တယ်ဆိုတာ လူ သိမှာစိုးလို့ ဖြစ်နိုင်တယ်လို့ ဧရာဝတီသတင်းထောက် အေးလဲ့က ခန့်မှန်းတယ်း) စဉ်းစားစရာပဲ။ သူ့ဘေးက ဆရာမောင်အေးကတော့ သာမန်။
သန်းရွှေကြီးက သူ့ဘော်ဘော်တွေထက် အရိုအသေ ပိုပေးနေပုံရတယ်။ လက်ဆယ်ဖြာ ထိပ်မှာ မိုးလို့ပေါ့။ သူ့ဘော်ဘော်များကတော့ ၀တ္တရားကျေ ကန်တော့နေပုံရ။
ဒီစတိုင် မတော်တဆ ခေတ်စားလာနိုင်တယ်၊ အေးချမ်းသာယာရေး စတိုင် ဆိုပါစို့။
အပေါ်က Jobs ဆိုတဲ့ ခေါင်းစဉ်ကို နှိပ်ပါ။ ကျေးဇူးရှင် Read more ပျက်နေပုံရ။း(
ကျနော့်ရဲ့ မပုတင် (မှတ်ပုံတင်) မှာ ကိုးကွယ်သည့်ဘာသာ ဆိုတဲ့ ဖော်ပြချက် ပါတယ်။ တခြားနိုင်ငံတွေမှာ မှတ်ပုံတင်ကတ်ပြားပေါ် ဒီလို မဖော်ပြကြဘူးလို့ ဆိုတယ်။ သူရို့ဆီက အာဏာပိုင်များက သူရို့ ခွဲခြား ဆက်ဆံခံရမှာ စိုးရိမ်ပုံရတယ်။
အလုပ်အကိုင် ဆိုတဲ့နေရာမှာတော့ ကျောင်းသား လို့ ဖြည့်ထားတယ်။ လဝကရုံးရဲ့ လက်ရာလေ။ အလုပ်အကိုင် “မရှိ” လို့ ဖြည့်လည်း ရတဲ့ဟာကို။ အလုပ်အကိုင်ဆိုတာ ဝင်ငွေရှိတဲ့ အလုပ်ကို ဆိုလိုတာ မဟုတ်ဘူးလား။ ကျောင်းသား ဆိုတာ ဝင်ငွေမရှိ၊ ထွက်ငွေသာရှိ။
တောကနေ ရန်ကုန်ရောက်တော့ အလုပ်အကိုင် မျိုးစုံ တွေ့ဖူးတာပဲ။
တချို့အလုပ်တွေက တောသား ကျနော် အတွက် အံ့အားသင့်စရာ။
ဥပမာ - အိုးတိုက် ဖွဲပြာရောင်းတဲ့အလုပ်ဗျာ။ တောမှာတော့ ဖွဲပြာ ရချင်ရင် ဆန်စက်မှာ သွားကျုံးပေတော့။ (ဖွဲပြာ ဆိုတာ မီးရှို့ထားတဲ့ စပါးခွံမှန်း လူတိုင်း မသိဘူး။ သိစရာလည်း မလိုပါ။) ဆန်စက်မှာ ဖွဲပြာက တောင်ပုံယာပုံ။
ဓားသွေးတဲ့ အလုပ်ကလည်း စိတ်ဝင်စားစရာ။ တောသားအတွက် အသစ်အဆန်း။ တလမ်းဝင် တလမ်းထွက်ပြီး ဓားသွေးတယ် ကပ်ကျေးသွေးတယ်လို့ လိုက်အော်တဲ့သူကို ရန်ကုန်ရောက်မှ တွေ့ဖူးတယ်။
ဦးရှင်ကြီး တင်တဲ့ဆရာက ပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ်။ ကျနော်တို့ ရှမ်းပြည်မှာ ဦးရှင်ကြီးမှ မရှိတာ။ ဦးရှင်ကြီးဆရာက ဆိုက်ကားနဲ့ ရောက်လာတတ်တယ်။ ကျနော်တို့ အမေက ရေလမ်းခရီး မသွားပေမယ့် အရောင်းအ၀ယ် အဆင်ပြေအောင် ဦးရှင်ကြီး တင်တတ်တယ်။ ဒီတော့ လည်း ကျနော်က မုန့်ဆမ်း စားဖူးသွားတယ်။ စားလို့ ကောင်းသားပဲ။ အမြဲတော့ မတင်ပါဘူး။ တနှစ်ကို တခါ လောက်ပါပဲ။
ခြင်ဖမ်း ဆိုတဲ့ အလုပ်အကိုင် ကြားဖူးကြလား။ ခြင်တွေကို လိုက်ဖမ်းတဲ့ အလုပ်နဲ့တော့ ဆက်စပ်တယ်။ ဆေးသုတေသနအဖွဲ့က နယ်တွေကို ငှက်ဖျားပိုးနဲ့ ပတ်သက်ပြီး ကွင်းဆင်းတဲ့အခါ ခြင်ဖမ်းတဲ့အလုပ် လုပ်တယ်။ ခြင်ဖမ်း ဆိုတဲ့လူက ခြင်ဖမ်းတဲ့လူ မဟုတ်ဘူး။ ဒီလို ဒီလို - လူတယောက်က ပထမဦးဆုံး ခြင် အကိုက်ခံရတယ်၊ ခြင်က သူ့ လက်ပေါ် ဒါမှမဟုတ် ပခုံးပေါ် နားရောဗျာ၊ ပြီးရင် သွေးစုတ်မယ်၊ အဲဒီခြင်ကို ပလပ်စတစ်ပိုက်အကြည်နဲ့ ထိုးလိုက်တော့ ခြင်က ပိုက်ထဲ ၀င်သွားရောဗျာ။
သွေးစုတ်တာကို ငြိမ်ခံရမယ်၊ သွေးစုတ်နေတုန်းး မဖမ်းရဘူး၊ သူ သွေးဝသွားပြီ ဆိုတဲ့အချိန်မှ ပိုက်နဲ့ ထိုးလိုက်ရတာ။ အကျဉ်းချထားတဲ့ခြင်ကို အစာကျွေးလို့ မရဘူးလေ။ ဒါကြောင့် မဖမ်းခင် သွေးအ၀တိုက်တဲ့သဘော။ သွေးမ၀တဲ့ ခြင်ကလည်း ရန်ကုန်အထိ သွားရတဲ့ခရီးမှာ အသက်မရှင်ဘူးလို့ ဆိုတယ်။ ဒါတွေကို ခြင်က ကျနော့်ကိုပြောတာ မဟုတ်ဘူးနော်။ ကျနော် ခြင်စကား နားမလည်ပါဘူး။ ဆေး/သု ၀န်ထမ်းတယောက်က ပြောပြတာပါ။ ခြင်က သွေးဝတဲ့အချိန် ဗိုက်ဖောင်းသွားတဲ့အချိန်မှာ မဖမ်းမိဘဲ လွတ်သွားတာတွေလည်း ရှိတာပေါ့၊ ခင်ဗျားလည်း ခြင်ရိုက်ဖူးတာပဲ၊ အပူပိုင်းနိုင်ငံသား ဆိုတော့။
ခြင်ဖမ်း ဆိုတာ နိဂုံးချုပ်ရရင် ခြင်ဖမ်းတဲ့လူကို ခေါ်တာမဟုတ်ဘူး၊ သွေးလှူတဲ့သူကို ခေါ်တာပါ တဲ့။ ခြင်အကိုက်ခံရတဲ့အတွက် ပိုက်ဆံရတယ်ပေါ့ဗျာ။
နောက်အလုပ်တခုအကြောင်း လျှောက်ပြောရရင် ၁၉၉၆ လောက်မှာ ကျနော့်တူတယောက်ကို မေးကြည့်တယ်၊ မင်းကြီးလာရင် ဘာလုပ်မလဲပေါ့။ (လူကြီးတွေက ကိုယ့်ကို ဒီမေးခွန်းနဲ့ မကြာခဏ နှိပ်စက်ဖူးတော့ ကိုယ်လည်း ဘာရယ်မဟုတ်ပါဘူး ကိုယ့်ထက်ငယ်တဲ့သူ့ကို လျှောက်မေးတော့) သူက နည်းနည်း စဉ်းစားပြီး ဖြေတယ်၊ ကားစပယ်ယာ လုပ်မယ် တဲ့။ အဲဒီတုန်းက စပယ်ယာတွေက မိန်းကလေးတွေကို ခါးတို့ ကျောကုန်းတို့ပဲ မသိမသာ စမ်းသပ် ကိုင်တဲ့ခေတ်။ ခုတော့ တင်ပါးတွေကိုပဲ ရွေးပြီး သိသိသာသာ ကိုင်တဲ့ခေတ် လို့ ဆိုတယ်။
ကျနော့်တူက တင် ကိုင်ချင်လို့တော့ မဟုတ်ပါဘူး၊ ၁၉၉၆ က ဆိုတော့ သူက ၉ နှစ်အရွယ်လေ အဲဒီတုန်းက။ စပယ်ယာ ဆိုတာ သိတယ်မဟုတ်လား၊ ကားကို တွယ်စီးတယ်၊ လူအတင်အချကို စီမံခန့်ခွဲတယ်၊ ပေါက်ကရ အော်တယ်၊ ဆပ်ပလိုင်းဂျက် ရှိမရှိ ထောက်လှမ်းရေး လုပ်တယ်၊ ခရီးသည်ကို ရာဇ၀တ်သားလို ဆက်ဆံတယ်။ အဲဒီတုန်းက ပြောပါတယ်။ ကျနော့် တူတော်မောင်က ဒီငနဲတွေ ကားတွယ်စီးရတာကို အားကျတော့ စပယ်ယာ ဖြစ်ချင်ပြီပေါ့။ သူ့ခမျာ အသက်ငယ်လွန်းတော့ ကားတွယ်စီးလို့မရဘူးလေ။ စပယ်ယာ ဆိုတဲ့ ငနဲက အမြဲတမ်း တွယ်စီးတယ်၊ ပြီးတော့ ပိုက်ဆံတွေကို လက်ကြားထဲ လှတ ပတ ညှပ်ထားပုံက ကလေးတွေ အကြိုက်ပေါ့။
ကျနော့်ရဲ့ အလုပ်အကိုင်လား၊ အင်း - သတင်းထောက် ပေါ့ဗျာ။ ခပ်ညံ့ညံ့ သတင်းထောက်တွေထဲက တယောက် ဆိုပါစို့ရဲ့။ ဒီလိုဖြစ်လာလိမ့်မယ်လို့ (သတင်းထောက်ဖြစ်လာလိမ့်မယ်လို့) မထင်ရေးချ မထင်ခဲ့ရိုး အမှန်ပါ။
ဒီပို့စ်ရဲ့ နိဒါန်းမှာ ဘာသာရေး ဆိုတဲ့ စကားလုံးနဲ့ အစပြုထားတယ်။ ဒါပေမယ့် ဘာသာရေးအကြောင်း ဘာမှ မသိတဲ့အဆင့်လောက် ရှိတာကြောင့် ဘာမှ မပြောပါဘူး။
(ရုရှစာရေးဆရာကြီး ချက်ကော့ဗ်က ပြောတယ်၊ ဇာတ်လမ်း နိဒါန်းပျိုးတဲ့အခါ သေနတ်တလက် နံရံမှာ ချိတ်ထားတဲ့အကြောင်း ရေးလိုက်ရင် အဲဒီသေနတ် ပစ်ကို ပစ်ရမယ် တဲ့။
ဒီပို့စ်က ဇာတ်လမ်းမဟုတ် ၀တ္ထုတိုမဟုတ်တဲ့အတွက် ဒီအဆိုကို မလိုက်နာတဲ့ သဘောပါ။)
ကဲ- ကိုယ့်လူ - ခင်ဗျားရော ဘာလုပ်သလဲ။
အိမ်မှာ သတ္တ၀ါပေါင်းစုံ ရှိတယ်။ လိပ် ရှိတယ်။ တောက်တဲ့ ရှိတယ်။
တလကို ဘတ် ၇၀၀ ကျော် ( ဒေါ်လာ ၂၀ ၀န်းကျင်) ပေးရတဲ့ အင်တာနက်က သိပ်နှေးတာပဲ။ နှေးလွန်းလို့ စိတ်တို အသက်တိုတယ်။ ဒါကြောင့် ပြောတာပေါ့။ အိမ်မှာ လိပ် ရှိတယ် လို့။
တောက်တဲ့က ဘာကို ဆိုလိုတာလဲ ဆိုတော့ အင်း - တောက်တဲ့ တွေ့ဖူးကြရဲ့ မဟုတ်လား။ ဘိုဆန်ဆန် ကဗျာထဲက တောက်တဲ့ ဆိုတဲ့ အကောင်က သစ်ပင်ပေါ်မှာ ထိုင်နေတယ်။ ယိုးဒယားမှာတော့ တကယ့် တောက်တဲ့တွေက နံရံမှာ ကပ်နေတာပဲ။ နေရာ မရွေ့တော့ဘူး။ အသက်တော့ ရှိတယ် ဒါပေမယ့် သေနေသလိုပဲ မလှုပ်မယှက်။
အိမ်က အင်တာနက်က မြန်နှုန်း အင်မတန်နိမ့်တော့ တခါတလေ လိပ်ဘ၀ကနေ တောက်တဲ့ ဘ၀ ရောက်သွားတယ်။ နှေးရာကနေ ရပ်သွားတာဗျာ။ သေတော့ မသေဘူး။ ဒါပေမယ့် ဘာမှ ကြည့်လို့ မရ။ ဂျီတော့တောင် မရ။ တကယ့် မြန်နှုန်းက ဒဿမ သုည သုည ကိုး လောက်ပဲ ရှိမယ်လို့ ယူဆရတယ်။
ဒါပေမယ့် Signal Strength ဆိုတဲ့ အင်တာနက် မြန်နှုန်း ဘယ်လောက်ရှိသလဲ ကြည့်လိုက်ရင် ပြပါလိမ့်မယ် Excellent တဲ့ 54 Mbps တဲ့။
သူ့ထက်ကောင်းတဲ့ ဈေးပေါတဲ့ မြန်နှုန်း သိပ်မြင့်တယ်လို့ ဆိုတဲ့ ပြီးတော့ ဗီဒီယိုဇာတ်လမ်းတွေတောင် ဒေါင်းလုတ် လုပ်လို့ရပါ့ ဆိုတဲ့ အင်တာနက်လိုင်းကို ပြောင်းယူဖို့တော့ အစီအစဉ် ရှိတယ်။ အခု ကုမ္ပဏီက TOT (တီအိုတီ) ဗျာ။ ညံ့ချက်ကတော့ လဲသေချင်စရာကောင်းတယ်။ ချင်းမိုင် တီအိုတီ နှေးပုံကို ပြောပါတယ်။ တခြားဒေသမှာတော့ မပြောတတ်။ ဒီထက် ညံ့စရာ အကြောင်းတော့ မရှိဘူး ထင်တယ်။ တီအိုတီက နာမည်ကြီးပဲ။
လိပ် အင်တာနက်၊ တောက်တဲ့ အင်တာနက်တို့ အကြောင်း ပြောရတာ စိတ်မသက်သာစရာ။
မြန်မာပြည်က အင်တာနက်သုံးသူတွေလည်း ကျနော့်လိုပဲ လိပ်တွေ တောက်တဲ့တွေနဲ့ တွေ့နေတယ်လို့ ကြားရတယ်။
အိမ်က အစုတ်ပလုတ် အင်တာနက်ကို နောက် ၂ လ ကြာမှ ပြောင်းလို့ရမယ်။ လောလောဆယ် စိတ်တိုပေတော့၊ အသက်တိုပေတော့။
စကားမစပ် ပြောရရင် သင်္ကြန် ရောက်တော့မယ်။ ဘာလုပ်ရမလဲ။ ရေပက်ချင်စိတ် ရေပက်ခံထွက်ချင်စိတ် ပေါက်ရလောက်အောင်လည်း အသက်က မငယ်တော့ဘူး။ နှစ်ဦးကန်တော့ပွဲမှာ ကန်တော့ခံရလောက်အောင်လည်း အသက်က မကြီးသေးဘူး။ ဆိုတော့ကာ သင်္ကြန်လည်း ကွန်ပျူတာရှေ့ထိုင်ပြီး လိပ်၊ တောက်တဲ့ အင်တာနက်တို့နဲ့ နှစ်ပါးသွား ကရုံပေါ့။
မိတ်ဆွေတို့ မင်္ဂလာနှစ်သစ် ဖြစ်ကြပါစေ။ ဆ၀ါဒီပီးမိုင်ခပ်။ ဟက်ပီး ညူးရီးရား။ ရှီးညန်ခွိုက်လော့! လိပ်၊ တောက်တဲ့တို့နဲ့ ကင်းဝေးကြပါစေ။
အတွေးအမြင် ဝဝ၉
တချို့က သူတို့ရဲ့ ဂုဏ်ကျက်သရေကြောင့် အလှအပကြောင့် ဒုက္ခရောက်ကြတယ်။
ဒီအကြောင်း ပြောချင်နေတာ ကြာပြီ။
လူတွေ ငါးမွေးကြတယ်၊ လှတဲ့ပတဲ့ငါးတွေကိုပေါ့။ အထူးသဖြင့် ရွှေရောင်ငါးတွေကို။
ကျနော်လည်း ငယ်တုန်းကတော့ ငါးတွေကို ဖန်ပုလင်းထဲ ထည့်မွေးဖူးတယ်။ ခုတော့ မမွေးချင်တော့ဘူး။ သူတို့ကို အကျဉ်းချထားသလို ဖြစ်နေလို့။
ဖန်ပုလင်း၊ ဖန်လှောင်အိမ်ထဲက ငါးတွေ ခမျာ သနားစရာ။
အစာတော့ ပုံမှန် စားရပါရဲ့။ ဒါပေမယ့် ပိုင်ရှင်က အကြောင်းတခုခုကြောင့် အစာမကျွေးဖြစ်ဘူး၊ ဂရုမစိုက်ဖြစ်ဘူးဆို ငတ်ပြီ။ သေပြီ။
တချို့အိမ်တွေက ငါးကန်တွေမှာ လေပိုက် တပ်ထားပေးတယ်။ ငါးတွေကို အောက်စီဂျင် ပေးတဲ့သဘော ဖြစ်မယ်။ အဲဒီ ပိုက် တပ်ဖို့အတွက် မော်တာ အသေးလေး လိုမယ်။ မော်တာကို ကန်ထဲ ထည့်ထားရင် ငါးတွေ နားမသက်သာဘူး။ ဒါက တကယ့် ဆိုးကျိုး။
နောက်ဆိုးကျိုးတခုက ငါးကန်ဟာ ငါးအတွက် အကျဉ်းထောင်ကြီးလို ဖြစ်နေတာပဲ။ (ငါးတွေကလည်း အဲသလို ထင်မယ်လို့ ယူဆရတယ်။) ကန်ကြီးတော့ ထောင်ကြီးကြီးပေါ့။ ကန်သေးရင်တော့ တိုက်ပိတ်ထားသလို ဖြစ်မယ်။

ကိုယ့်ဧည့်ခန်း အလှဆင်ဖို့ မွေးထားတဲ့ ငါးတွေကို ကြည့်ရတာ အစပိုင်းမှာတော့ ဟုတ်တုတ်တုတ်။ ကြည့်ရင်း ကြည့်ရင်းနဲ့ ငါးတွေကို သနားစိတ် ၀င်လာကြမယ် ထင်ပါတယ်။
နိဂုံး ချုပ်ပါမယ်။ လက်ဝှေ့သမားတွေဟာ အရင်ဘ၀က ကြက်တိုက်တဲ့သူတွေ ဖြစ်ခဲ့တယ်လို့ တချို့က ရယ်စရာ အဖြစ် ပြောကြတယ်။ ကြက်တွေကို တကောင်နဲ့တကောင် အသေအကြေ တိုက်ခိုက်ခိုင်းတဲ့အတွက် ကိုယ်လည်း နောက်ဘ၀တခုမှာ ၀ဋ်လည်တဲ့အနေနဲ့ တိုက်ရ ခိုက်ရတယ် လက်ဝှေ့ကြိုးဝိုင်းထဲမှာ၊ အသေအကြေ၊ ရေကုန်ရေခန်း၊ ပုဝါမကူ ရေမရှူစတမ်း။
နိဂုံး ထပ်ချုပ်ရရင် ဒီဘ၀မှာ အကျဉ်းကျနေသူ ကျခဲ့သူတွေက အရင်ဘ၀အဆက်ဆက် ငါးမွေးခဲ့လို့များလားလို့ တွေးမိပါတယ်။
ဒီအတွေး မမှားဘူး ဆိုရင်တော့ ဒီဘ၀ ငါးမွေးသူများလည်း လာမယ့် ဘ၀တွေမှာ အင်း - - - -